Friday 31 December 2010

ဓါတ်ပုံ










ဓါတ်ပုံ
Read more »

VOF သို့ဆက်သွယ်လိုပါက

Email: vof.thailand@gmail.com
Read more »

Monday 20 December 2010

ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း

 
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်(ဖိုးလပြည့်) က ၎င်း၏ နောက်လိုက်များအား စေလွှတ်ပြီး ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်၏သား ၀င်းထွေးလှိုင်ကို ရိုက်နှက်ထိုးကြိတ်စေခဲ့ကြောင်း သတင်းရရှိသည်။

Nay_shwe_twae_aung400
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ စက်တင်ဘာလ အတွင်းက တရုတ်ပြည် ခရီးစဉ်တွင် လိုက်ပါသွားသည့် နေရွှေသွေးအောင် ကို ဘေဂျင်း လေဆိပ်၌ တွေ့ရစဉ်(ဓာတ်ပုံ - Reuters)
နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ လစ်လပ်နေသည့် ၀န်ကြီးဌာနပိုင် မြေနေရာများနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို ငွေကြေးရယူ လုပ်ကိုင်ဆောင်ရွက် ပေးနေကြောင်း၊ ၎င်းပြောဆိုထားသည့် မြေနေရာကို ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး (ကက ၀ယ်)  ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်၏သား ၀င်းထွေးလှိုင်ကလည်း ၀င်ရောက် လုပ်ကိုင်ရန် ကြိုးစားရာမှ ပြဿနာ စတင်ခြင်းဖြစ်သည်ဟု သိရကြောင်း စစ်အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။

“၀င်းထွေးလှိုင်ကို ဖိုးလပြည့်က ဒီနေရာဟာ သူဦးထားတဲ့အတွက် နောက်ဆုတ်ဖို့ သူငယ်ချင်း တယောက်က တဆင့် တားခိုင်း တယ်။ ဒါပေမယ့် ၀င်းထွေးလှိုင်ကလည်း ဗိုလ်ချုပ်သားဆိုတော့ ဖိုးလပြည့်လည်း သောက်ဂရုမစိုက်ဘူးလို့ ပြန်ပြောလိုက် တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ နှစ်ဦးနှစ်ဘက် ပြောဆိုနေချိန်တွင် အနား၌ ဖိုးလပြည့်ကိုယ်တိုင် ရှိသည့်အပြင် ဖုန်း၏ စပီကာလည်း ဖွင့်ထားသည့်အတွက် နေရွှေသွေးအောင်က စိတ်ဆိုးပြီး ၎င်း၏ နောက်လိုက်များအား စေလွှတ်ခါ ၀င်းထွေးလှိုင်အား ရိုက်နှက်ရန် ခိုင်းစေခဲ့ကြောင်း၊ ၀င်းထွေးလှိုင် အိမ်မှထွက်အလာ ခြံဝမှစောင့်၍ ရိုက်နှက်ထိုးကြိတ်သည့်အတွက် ၀င်းထွေးလှိုင်မှာ မျက်နှာတွင် ဒဏ်ရာ ရရှိသွားကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

ထိုသို့ ရိုက်နှက်သူများမှာ နေရွှေသွေးအောင်အနားတွင် တာဝန်ယူထားသည့် ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် ရှိသူများ ဖြစ်သည် ဟု သတင်းများထွက်ပေါ်နေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ရိုက်နှက် ထိုးကြိတ်ခံရသည့် ၀င်းထွေးလှိုင်မှာ အသက် ၃၁ နှစ်ခန့်ရှိ ဂေါက်သီး ကစားသမား တဦးဖြစ်ပြီး ကြေးစား ဂေါက်သီး ကစားသမားအဖွဲ့ PGA (Professional Golfers' Association) အသိအမှတ်ပြုခံရသူ တဦးဖြစ်ကြောင်း သိရသည်။

၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် ၀င်းလှိုင်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မမှူး အဖြစ် တပ်မ ၈၈ တွင် တာဝန်ယူခဲ့စဉ်က ဗိုလ်မှူးတဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးအား ဂေါက်သီးရိုက် သင်ကြားပေးခဲ့သူ ဖြစ်ကြောင်း၊ ယခု ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ် နေ၀င်း ပြီးလျှင် ဗိုလ်ချုပ်မှူးကြီး၏ မျက်နှာသာအပေးခံရဆုံးသူဟု နာမည်ကြီးသူဖြစ်ကြောင်း လည်း သိရသည်။

ထို့အပြင် ဗိုလ်ချုပ် ၀င်းလှိုင်မှာ ကာကွယ်ရေး ၀န်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ၀ယ်) ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ၏ မန်နေဂျင်း ဒါရိုက်တာ၊ စစ်အစိုးရပိုင် မြ၀တီဘဏ် ၏ ဥက္ကဋ္ဌ တာဝန်အသီးသီး ဆောင်ရွက်ခဲ့ပြီးနောက် စစ်တပ်မှ သက်ပြည့်ပင်စင် ယူခဲ့သူ ဖြစ်သည်။

ယခု အရိုက်ခံမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် ၀င်းလှိုင်မှ စစ်တပ်အတွင်းရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရဲတပ်ဖွဲ့သို့ ဖိအားပေးပြီး တရားခံကို ဖော်ထုတ်စေကြောင်း၊ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ် နေ၀င်းက ၎င်းကိစ္စကို လုပ်ကိုင်ခဲ့သူမှာ နေရွှေသွေးအောင် ဖြစ်နေသည့်အတွက် ဆက်လက်မလုပ်ရန် ပြောဆိုခဲ့ကြောင်း စစ်တပ်အသိုင်းအ၀န်း သတင်းများအရ သိရသည်။

နေရွှေသွေးအောင်သည် ပြီးခဲ့သည့် နှစ်ကလည်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား ဗိုလ်ကြီး ဟောင်း တဦးဖြစ်သော တေဇာစောဦး နှင့် ၀န်ကြီး ဦးစိုးသာ၏သားတို့ လုပ်ကိုင်နေသည့် “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍  ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ၀န်ထမ်းတဦးက ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မြို့ လမ်း ၅၀ ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ရုံးချုပ်၌  နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦးသည် နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ၎င်း၏ ဆုံးမသြ၀ါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ပြောသည်။

ယခုအခါ နေရွှေသွေးအောင်သည် ဗိုလ်ချုပ်မှူးကြီး၏ အရှိန်အ၀ါဖြင့် ဆိပ်ကမ်းတွင် အကောက်ခွန် ဥပဒေအရ ဖမ်ဆီးထားသည့် ပစ္စည်းများ၊ အထူးသဖြင့် ကားကဲ့သို့သော တားမြစ်ပစ္စည်းများကို အခကြေးငွေယူ၍ ကုမ္ပဏီတချို့အတွက် သွားရောက် ထုတ် ယူပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်  နိုင်ငံတော် ခရီးစဉ်များနှင့် ယခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် တရုတ်ပြည် ခရီးစဉ်တွင် ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်အပြင် သမီးများဖြစ်သည့် ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေနှင့် အေးအေးသစ်ရွှေ၊ မြေးဖြစ်သူ နေရွှေသွေးအောင် တို့ကိုပါ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

ဝီကီလိစ်မှ မကြာသေးမီက ပေါက်ကြားခဲ့သော ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ပေး သည့် လျှို့ဝှက်စာတွင် ၂၀၀၈ ခုနှစ်က နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ၀ယ်ပေးရန် နေရွှေသွေးအောင်က အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောဆိုခဲ့ကြောင်း၊ သို့သော် နာဂစ်မုန်တိုင်းကြောင့် လူအများ ဒုက္ခရောက် နေချိန် ဖြစ်သည့်အတွက် ဝေဖန်ခံရမည်ကို စိုးရိမ်ပြီး နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ဘောလုံးအသင်း ထောင်စေပြီး မြန်မာနေရှင်နယ်လိဂ်ဟု ပြုလုပ်စေခဲ့ကြောင်း ရေးသားထားသည်။

နေရွှေသွေးအောင်သည် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း မျိုးလှိုင်ဝင်းကို ခေါ်ယူ၍ နည်းပြစေပြီး ၂၀၀၇ ခုနှစ် အာရှအကောင်းဆုံးဆုရ ဂျပန်ဘောလုံးသမား နာကာတာအား ဖိတ်ခေါ်၍ သုဝဏ္ဍကွင်းတွင် စမ်းသပ်ကစားရာ နေရွှေသွေးအောင် ၀င်ရောက်ကစားပြီး နှစ်ဂိုးသွင်းခဲ့သည်။

ယခုအခါ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားကြီးများ အကြားတွင် ၎င်းတို့၏ သားသမီးများအား ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင် နှင့် ထိပ်တိုက် ပြဿနာမဖြစ်ဘဲ နေထိုင်ကြရန် ပြောဆိုနေကြကြောင်း သိရသည်။
Read more »

Thursday 16 December 2010

သေဆုံးသူ လူငယ် အသုဘကျောက်ဖြူတွင် ပြုလုပ်

ကျောက်ဖြူ အခြေစိုက် ခမရ ၅၄၂ တပ်ရင်းမှ စစ်သား တစ်ဦး၏ ပစ်ခတ် သတ်ဖြတ်ခံရသူ မောင်ဝင်း၏ အသုဘကို ယမန်နေ့ နေ့လည်ပိုင်းက ကျောက်ဖြူတွင် ပြုလုပ်ခဲ့သည်။


Killed-by-Burmese-Army မသဂြိုလ်မှီ ရိုက်ကူးထားသော မောင်ဝင်းပုံ
အဆိုပါ အသုဘသို့ လူအများအပြား လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

“ ရဲက ဆေးစစ်ဆေးချက်တွေ ရပြီးတဲ့နောက်မှာ မောင်ဝင်း အလောင်းကို သူ့မိဘတွေဆီ ပြန်လည် အပ်နှံခဲ့ပါတယ်။ မိဖတွေရော သူဆွေမျိုးတွေရော အကုန်လုံး ကျောက်ဖြူကို လိုက်လာကြပြီး ကျောက်ဖြူ ပိုက်ဆိပ် သချိင်္ုင်းမှာ မနေ့က နေ့လည် ၂ နာရီခွဲမှာ သဂြိင်္ုလ်ခဲ့ပါတယ်။” ဟု ပြောသည်။

ယခုအခါ မောင်ဝင်း အသတ်ခံရမူနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမူဖွင့်ထားသည်ဟု ရဲက အတည်ပြု ပြောကြားသည်။

မောင်ဝင်း၏ မိသားစုကို တပ်ရင်း ၅၄၂ မှ တပ်ရင်းမှူးမှ နစ်နာကြေး ကျပ်တစ်သိန်းပေးကြောင်း သူ၏ ဆွေမျိုး တစ်ဦးကလည်း ပြောသည်။

“ မိသားစုတွေက ဆင်းရဲတော့ တပ်ရင်းမှူးပေးတဲ့ ပိုက်ဆံကို မယူချင်ပေမယ့် လက်ခံခဲ့ရပါတယ်။ တပ်ရင်းမှူးက သဂြိုလ် စရိတ် အနေနဲ့ ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုသိုလ် ကောင်းမူ လုပ်တဲ့အခါလည်း ကူညီပေးအုံးမယ်ဆိုပီး ပြောပါသေးတယ်” ဟု ပြောသည်။

မောင်ဝင်းကို ဒီဇင်္ဘာလ ၁၄ ရက်နေ့က မင်းကြောင်း (ချောင်း) တံတားတွင် တာဝန် ကျနေသော စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းပြီး ကမ်းကပ်နေစဉ် အတွင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

လေဘေးဒဏ်ကြောင့် လူထုများ အနေဖြင့် အထူး ဒုက္ခ ရောက်နေကြချိန်တွင် ယခုကဲ့သို့ စစ်တပ်မှ နိုင်ထက်စီးနှင်း ပြုလုပ်ပြီး အပြစ်မဲ့ လူငယ် တစ်ဦးကို သတ်ပစ်ခဲ့သဖြင့် ဒေသခံ လူထု အတွင်း အထူးခံပြင်း ဒေါသထွက်နေကြသည်ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

(နိရဉ္စရာ သတင်း)
Read more »

Wednesday 15 December 2010

ရွှေ့ပြောင်း ကလေးငယ်များကို အခမဲ့ ပိုလီယို ဆေးတိုက်


  
   ထိုင်းကျန်းမာရေး ဝန်ကြီးဌာနမှ နှစ်စဉ် ပြုလုပ်မြဲဖြစ်သော ကလေးသူငယ်များ ပိုလီယိုရောဂါ ကာကွယ်ဆေး အခမဲ့ တိုက်ကျွေးသည့် အစီအစဉ်ကို ယခုနှစ်အတွက် ပထမဆုံးအကြိမ် ယနေ့ ပြုလုပ်သည်။

health-aid
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပမြို့နယ်ရှိ၊ ပါဝိ မူကြိုကျောင်းမှ မြန်မာရွှေ့ပြောင်းကလေးငယ်တဦးကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသည်ကို ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ၂၀၀၉ ခုနှစ်က ထိုင်းကလေးငယ် ၂.၁ သန်းနှင့် ရွှေ့ပြောင်းလုပ်သားများ၏ကလေးငယ် ၂ သိန်း ၂ သောင်းကျော်ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပိုလီယိုဆေးတိုက်ကျွေးခဲ့သည်။
"၂ဝဝ၄ မှာ ထိုင်းနိုင်ငံအနေနဲ့ ပထမဦးဆုံးအကြိမ် ရွှေ့ပြောင်းအလုပ်သမား ကလေးတွေကို ပိုလီယို ရောဂါကာကွယ်ဆေး တိုက်ကျွေးတာ စတင်ခဲ့ပါတယ်၊ ၂ဝဝ၉ မှာတော့ ထိုင်းနိုင်ငံအနေနဲ့ ထိုင်းကလေးငယ် (၂.၁)သန်းနဲ့ ရွှေ့ပြောင်း အလုပ်သမား ကလေးငယ် ၂၂၃,၅၅ဝ ကို တိုက်ကျွေးနိုင်ခဲ့ပါတယ်" ဟု ထိုင်းကျန်းမာရေး ဝန်ကြီးဌာနနှင့် တွဲဖက်ကာ ရွှေ့ပြောင်း အလုပ်သမား ကျန်းမာရေး စီမံကိန်းများ လုပ်ဆောင်နေသည့် PATH ဖောင်ဒေးရှင်းမှ ခွန်ဆီဝနမော်လစ်က် က မဇ္ဈိမသို့ ပြောသည်။

ရွေ့ပြောင်းကလေးငယ် မည်မျှရှိသည် ဆိုသည့် အရေအတွက်ကိုတော့ မိမိတို့ တိတိကျကျ မပြောနိုင်ပါကြောင်း ၊ ကလေးငယ်အားလုံး အထောက်အထား လက်မှတ် မဲ့နေကြသောကြောင့် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

အစီအစဉ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နောက်တကြိမ် ထပ်လုပ်ဦးမှာ ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း နေထိုင်သော ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများကို ထိုင်းနိုင်ငံတဝှမ်းရှိ အစိုးရဆေးရုံများ၊ ဒေသကျန်းမာရေး ဌာနများ၊ နယ်လှည့် မော်တော်ယာဉ်နှင့် ဆေးခန်းများတွင် အခမဲ့ ပိုလီယို ရောဂါကာကွယ်ဆေး (ဆေးရည်) တိုက်ကျွေးသွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပမြို့နယ်တွင်း၌လည်း မြန်မာကလေးငယ်များကို ဆေးရည် တိုက်ကျွေးခဲ့သည်။

"ကျနော်တို့ ကျောင်း(၄)ကျောင်းမှာရှိတဲ့ ကလေး (၁၅ဝ)ကျော်ကို တိုက်ကျွေးဖြစ်ပါတယ်" ဟုဆိုသည်။ ဒီမတိုင်ခင်ကထဲက ကလေးတွေကို ဒီနေ့ ကာကွယ် ဆေးတိုက်မယ်ဆိုပြီး မိဘတွေကို ကြိုအသိပေးထားပါတယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) မှ ကျန်းမာရေးတာဝန်ခံ ဦးအောင်ကြည်က ဆိုသည်။

ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအနက် အသက် ၁၅ နှစ်အောက်ကို ပိုလီယို ဆေးတိုက်ကျွေးသည်။

ပိုလီယိုခေါ် အရိုးပျော့ရောဂါသည် ယခုအခါတွင် အိန္ဒိယ၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် ဖြစ်နေပြီး ကမ္ဘာအနှံ့ ပြန့်နှံ့နေသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း (၁ဝ)နှစ်ကျော်ကြာ ပိုလီယိုရောဂါ ပျောက်ဆုံးသွားပြီးနောက် တဖန် ပြန်ပေါ်လာခဲ့သည်။

သို့အတွက် ရွှေ့ပြောင်း အလုပ်သမားများသည် မိမိတို့သားသမီးများကို မိမိတို့ အလုပ်လုပ်ကိုင်ရာ ဒေသအတွင်းရှိ အဆင်ပြေရာဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် တိုက်ကျွေးစေလိုကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့များကလည်း တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ၁၉၉၄ မှ စ၍ အသက်(၅)နှစ်အောက် ကလေးငယ်များကို ပိုလီယို ကာကွယ်ဆေး စတင်တိုက်ကျွေးနေသည်။

"ထိုင်းအစိုးရအနေနဲ့ စီမံကိန်းစပြီးနောက်ပိုင်းမှာ ဆေးဝါးလက်ခံခွင့်မရတဲ့ ကလေးသူငယ်တွေ အများကြီး ရှိနေတာကို တွေ့လာရတဲ့အတွက် လူမျိုးဘာသာ မခွဲခြားဘဲ ဒီလိုဆေးဝါး တိုက်ကျွေးတဲ့ အစီအစဉ်ကို အားသွန်ခွန်စိုက် နှစ်စဉ် လုပ်လာတာပါ" ဟု ခွန်ဆီဝနက ပြောဆိုသည်။
Read more »

ကျောက်ဖြူတွင် လူငယ် တစ်ဦးကို စစ်တပ်က ပစ်သတ်

မစောစော
-------------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် လူငယ် တစ်ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူ လူငယ်မှာ ကျောက်ဖြူမြိ့နယ် မင်းတပ်ချောင်းကျေးရွာမှ ဦးလှခင်၏သား မောင်ဝင်း (၂၁) နှစ်ဖြစ်သည်။

မောင်ဝင်းကို ယမန်နေ့ (ဒီဇင်္ဘာလ ၁၄ ရက်နေ့) နေ့လည်ပိုင်းက ရန်ကုန်-ကျောက်ဖြူ ကားလမ်း ပေါ်တွင် တည်ရှိသော မင်းချောင်း တံတားတွင် တာဝန်ကျနေသော စစ်တပ်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ သူတို့က စက်လှေ တစီးနဲ့ ဘုတ်စပ်မယ့် သစ်တွေကို တင်ပီး အလာမှာ စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းတယ်လို့ သိရပါတယ်။ စက်လှေက ကမ်းအကပ်မှာ ကြိုးကို ကမ်းပေါ် ပစ်တင်တော့ ကြိုးက စစ်ဗိုလ်ကို သွားထိတဲ့ အတွက် မကျေနပ်ရာကနေ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

မောင်ဝင်း အလောင်းကို မနေ့က ကျောက်ဖြူသို့ ယူဆောင်လာခဲ့ပြီး ဆေးစစ်ဆေးချက်များ ယူခဲ့သည်ဟု ကျောက်ဖြူ ရဲအရာရှိက ပြောသည်။

“ မောင်ဝင်း အလောင်းကို ဆေးစစ်ချက် ယူပြီး တဲ့နောက် သူမိဘတွေရှိတဲ့ မင်းတပ်ချောင်းကို ဒီကနေ့ ယူသွားခဲ့ပါတယ်။ ဘာကြောင့် စစ်တပ်က ပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူး။ အထက်က စစ်ဆေးနေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ဗမာ စစ်တပ်မှ ရခိုင်လူထု အပေါ် မကြာခဏ နိုင်ထက် စီးနှင်းမူများ ပြုလုပ်နေပြီး ဒီဇင်္ဘာလ ၂ ရက်နေ့ကလည်း ပေါက်တောမြို့နယ် ငရဗချိုင် ကျေးရွာမှ ရယက ဥက္ကဌ ဦးစိန်လှကျော်ကို လေဘေး ကယ်ဆယ်ရေး ဆောင်ရွက်ရန် ရောက်နေသော ခမရ ၅၃၈ မှ ဒုဗိုလ် ကျော်ကျော်အောင်မှ မတရားသဖြင့် အပြင်း အထန် ရိုက်နှက် ခဲ့သဖြင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်ကလည်း မြန်မာ့ ပဏာမ လက်ရွေးစင် ဘော်လုံး ဂိုးသမားဟောင်း ဦးစံကျော်နှင့် မင်းပြားမြို့မှ ရဟန်းတော် ပညာသာမိ (နပင်း ဘုန်းကြီး) တို့ကို စစ်တွေ နေအိမ်မှ ခေါ်ယူ သွားပြီး တစုံတရာ ရုံးတင် စစ်ဆေးမူ မရှိဘဲ စစ်တပ်က အဆုံးစီရင် သတ်ဖြတ်ပစ်ခဲ့သည်။

ဂိုးသမား စံကျော်သေဆုံးပြီးနောက် သူ၏ မိသားစု တခုလုံးမှာ ဘ၀ပျက်သွားခဲ့ကြောင်း သိရသည်။




(နိရဉ္စရာ သတင်း)
Read more »

ရခိုင်ပြည်နယ်နေ့ကို ရုံးပိတ်ရက် အဖြစ် မသတ်မှတ်၍ ကျောင်းသားများ ကျောင်းမတက်ဘဲ သပိတ်မှောက်

(နိရဉ္စရာ သတင်း)ရခိုင်ပြည်နယ်နေ့ကို ကျောင်းပိတ်ရက် အဖြစ် မသတ်မှတ်သဖြင့် စစ်တွေတွင် အထက်တန်း ကျောင်းသား အများအပြားမှ ကျောင်းမတက်ဘဲ သပိတ်မှောက် ခဲ့ကြသည်ဟု ဆယ်တန်းကျောင်းသူ တစ်ဦးက ပြောသည်။

Rakhine-state-flag
“ ကျောင်းသားတွေ အများစုက ဒီကနေ့ ကျောင်းမသွားကြဘူး။ ဒီကနေ့ ကျွန်မတို့ ပြည်နယ်နေ့လေ။ အစိုးရက ရခိုင်ပြည်နယ်နေ့ ကို ရုံးပိတ်ရက် အဖြစ် ရခိုင်ပြည်နယ်အတွင်း မသတ်မှတ်တော့ ကျွန်မတို့က ကျောင်းကို မသွားဘဲ သပိတ်မှောက်ခဲ့ကြပါတယ်” ဟု ပြောသည်။

ဘယ်အတိုင်းအတာထိ ဒီကနေ့ ကျောင်းကို မသွားခဲ့ကြပါသလဲဟု မေးမြန်းရာ သူမက ယခုကဲ့သို့ ပြောသည်။

“ အများစုက လုံးဝ မသွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေ ကျောင်းမတက်တဲ့ အတွက် ကျောင်းတွေမှာ ဆရာ ဆရာမတွေလည်း စာမပြ ခဲ့ဘူးလို့ သိရပါတယ်။ ကျောင်းသားတွေက နီးစပ်ရာ နီးစပ်ရာ တိုင်ပင်ပြီးတော့ ကျောင်းမတက်ခဲ့ကြတာ ဖြစ်ပါတယ်။”

စစ်တွေ အထက (၁) မှ ဆရာမ တစ်ဦးက ကျောင်းသား အများအပြား ကျောင်းမတက် ခဲ့သဖြင့် ယနေ့ စာသင်ချိန်တွင် အချိန်ပြည့် စာမပြခဲ့ကြောင်းနှင့် သူမ အနေဖြင့် ဆံတော်ရှင်ပွဲတော်ရက်နီးနေသဖြင့် ကျောင်းသားများ ကျောင်းမတက်ကြခြင်းဟု ထင်မြင်ကြောင်း ပြောကြားသည်။

၎င်းပြင် ယခုနှစ် ရခိုင်ပြည်နယ်နေ့ကို အစိုးရ တာ ၀န်ရှိ သူများမှ စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရုံးအဖွဲ့ဝင် တစ်ဦးက “ ကျွန်တော်တို့ ပါတီလည်း ရုံးပြောင်းနေရတော့ ပြည်နယ်နေ့ကို ကျင်းပပြုလုပ်ဖို့ အခက်အခဲ ဖြစ်သွားပါတယ်။ ဒီနှစ် ရခိုင်ပြည်နယ်နေ့ကို အစိုးရပိုင်းက တာဝန်ယူပြီး ခမ်းခမ်းနားနား ကျင်းပတာကို မတွေ့ရပါဘူး” ဟု ပြောသည်။

နှစ်စဉ် နှစ်တိုင်း ရခိုင်ပြည်နယ်နေ့ကို ပွဲလန်းသဘင်များ ခင်းကျင်းကာ ပြခန်းများ၊ ရိုးရာ ယဉ်ကျေးမူ အကများဖြင့် စစ်တွေတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် မကျင်းပခြင်းမှာ ထူးခြားမူ ရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာတွင် ရခိုင်ပြည်နယ်နေ့ကို ယနေ့တွင် အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။


Read more »

Friday 10 December 2010

VOF အကြောင်း

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

 ၁။    လူအခွင့်အရေး နှင့် ဒီမိုကရေစိ ရရှိရေး။

 ၂။   ရွှေ့ပြောင်းအလုပ်သမားများအား ခေတ်မီ IT နည်းပညာများကိုသင်ကြားပို့ချပြီး   အတွေးအခေါ်ဗဟုသုတများမြင့်မားလာအောင် ဘက်ပေါင်းစုံမှ ၀ိုင်းဝန်းကူညိပေးရေး။

ကျွန်ုပ်တို့၏ ရည်မှန်းချက်

  ၁။   မြန်မာ ပြည်တွင်း ရှိတိုင်းရင်းသားပေါင်းစုံ မြန်မာ လူမျီုးများ ၊ပြည်ပရောက် တိုင်းရင်းသားပေါင်းစုံ
ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သည် လူအခွင့်အရေးနှင့် ဒီမိုကရေစိ၏ အစိပ္ပါယ် နှင့် သဘောသဘာဝ ကို ကောင်းစွာသိ့ရှိနားလည်ပြီး ကိုယ်တိုင် ကိုယ်ကျ တောင်းဆိုထိန်းသိမ်းကာ ဖြန့်ဝေပေးတတ်လာစေရန်
အတွက် သင်တန်းများ၊ပညာပေး ဆွေးနွေးပွဲများနှင့် လက်တွေ့အကောင်အထည်ဖော် လုပ်ငန်းများကို စနစ်
တကျ စီစဉ်ပေးရန်။



၂။      ရွှေ့ပြောင်းမြန်မာအလုပ်သမားများ၏အလုပ်အကိုင်အခွင့်အလမ်းနှင့်အဆင့်အတန်းမြင့်မားလာစေရန် အတွက် ခေတ်မီ ကွန်ပြုတာ ပညာရပ်များ၊သတင်းနှင့်နည်းပညာဆိုင်ရာပညာရပ်များကိုသင်ကြားပို့ချပေးပြီး၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေများကိုကောင်းစွာသိ့ရှိနားလည်ပြီး တောင်းဆိုထိန်းသိမ်းလာစေရန် အတွက် အလုပ်သမားအခွင့်အရေး သင်တန်းများ၊ဆွေးနွေးပွဲ များကိုပြုလုပ်ပေးရန်။


ဦးဥတ္တမဖောင်ဒေးရှင်းအကြောင်း

ဆရာတော် ဦးဥတ္တမ(The Sun of Asia 1879-1939)၏ မကြောက်တရား၊၀ံသာနု မျီုးချစ်စိတ်ဓါတ် စသော
 လမ်းစဉ်များ ကိုအကောင်အထည်ဖော် ပြီး ပြည်သူလူထု၏ လက်ရှိ အမှောင်ဘ၀ မှ အလင်းရောင်ရရှိသော
နေ့သစ်များ သို့ ချီတက် တွန်းလှန်နိုင်ရန် လူအခွင့်အရေးနှင့်ဒီမိုကရေစီ အပါအ၀င်အခြားသော ဥပဒေများ
အသိ့ပညာများ ကိုဖြန့်ဝေ ပညာပေးနိုင်ရန် ဆရာတော်ဦးဥတ္တမ ကိုရည်စူး၊လေးစားသော အားဖြင့် ဦးဥတ္တမ
ဖောင်ဒေးရှင်းကို (၉.၉.၂၀၀၉)ခုနှစ် (ဦးဥတ္တမနေ့)တွင် သံဃာ၊အလုပ်သမား၊လူမူ့ရေးကိစ္စဆောင်ရွက်နေသူ
များ၊နိုင်ငံရေးစိတ်ဓါတ်နိုးကြားသူများဖြင့် ဖွဲစည်းခဲသည်။
Read more »

Monday 6 December 2010

ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးမှ မန်ယူအသင်းအား ဒေါ်လာသန်းတထောင်ဖြင့် ဝယ်ယူရန် အစီအစဉ်


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချူပ်မှုးကြီးသန်းရွှေသည်  မန်ချက် စတာ ယူနိုက်တက် ဘော လုံးအသင်းကို ဒေါ်လာ သန်းတ ထောင် (တဘီလီယံ) ဖြင့် ၀ယ်ယူဖို့ ၂၀၀၉ ဇန်န၀ါရီလ တွင် စဉ်းစားခဲ့ကြောင်း ၀ိကီလိခ်မှ ဖွင့်ချသော အမေရိကန်သံတမန် လျှို့ဝှက်သတင်း များတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း လျှို့ဝှက်သတင်းကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှ ၀ါရှင် တန်သို့ ပေးပို့ခဲ့သည်။ ဆိုင်ကလုန်း နာဂစ် ကို နှေးကွေးစွာ ဖြေရှင်းခြင်းအပေါ် ကုလ သမဂ္ဂမှ စိတ်ဆိုးဒေါ်သထွက်မှုများ ရှိနေချိန်တွင် မန်ချက်စတာ ဘောလုံးအသင်းအား ဒေါ်လာ သန်းတထောင်ဖြင့် ၀ယ်ယူဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို ဖိုးလပြည့်မှ အတင်း အကျပ် ပူဆာနေခဲ့သည်။ ဗိုလ်ချုပ်မှုးကြီးက ဘောလုံးအသင်းဝယ်ယူလိုက်လျှင် ဖြစ်ပေါ် လာမည့် နောက်ဆက်တွဲ ပြဿနာများကို စဉ်းစားခဲ့ကြောင်း အသေးစိတ်သတင်း ပေးပို့ မှုတွင်  ဖော်ပြထားသည်။
နာဂစ်ဆိုင်ကလုံးမှာ ၂၀၀၈ ခုနှစ် မေလတွင် ဖြစ်ခဲ့ပြီး လူ ၁၄၀ ၀၀၀ အသက်ဆုံးရှုံးခဲ့ရ သည်။ ဗိုလ်ချုပ်ကြီး မြေးအဖိုး မန်ချက်စတာ ၀ယ်ဖို့ စဉ်းစားခဲ့သည်မှာ ၂၀၀၉ ဇန်န၀ါရီ လ အစောပိုင်းတွင် ဖြစ်သည်။ ဗိုလ်ချုပ်မှုးကြီးက မန်ယူကို ၀င်ယူလိုက်လျှင် အစိုးရကို ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်းများစွာ အကုန်ကျခံပြီး မြန်မာ့အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ ထို အချိန် နာဂစ်မုန်းတိုင်းးဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်ဖြစ်သည်။
မြန်မာအမေရိကန်သံရုံး အတည်ပြုချက်အရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအနေဖြင့် ရေနံ သ ဘာဝဓါတ်ငွေ့များမှ ရရှိသော ငွေကြေးဖြင့် မန်ချာစတာ ဘောလုံးအသင်းကို ၀ယ်ယူဖို့ ငွေအလုံအလောက်ရှိနိုင်ကြောင်း၊ ဒေါ်လာ တဘီလီယံဖြင့် ၀ယ်ယူလိုက်လျှင် မန်ချက်စ တာ အသင်းပိုင် စတော့ရှယ်ယာ ၅၆ ရာခိုင်နှုန်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း ပေးပို့ ချက်တွင် ပါရှိသည်။
ဖိုးလပြည့်ရဲ့ ပူဆာမှုကို အစားထိုးပေးဖို့ ဗိုလ်ချုပ်မှုးကြီးက မြန်မာဘောလုံးအသင်းများ ထူထောင်ရန်၊ ဘောလုံးကွင်းသစ်များ တည်ဆောက်ရန်၊ နိုင်ငံခြားကစားသမားများ ခေါ် ယူရန်အတွက် စီးပွားရေးလုပ်ငန်းရှင်ကြီး ရှစ်ဦးကို ငွေအလုံအလောက် ချပေးခဲ့သည်။ ထိုစီးပွားရေးလုပ်ငန်းရှင်များမှာ တကယ့် ဘောလုံးကလပ်အသင်း ပိုင်ရှင်များ မဟုတ် ကြောင်း၊ ဘောလုံးသမားလစာ၊ အားကစားဝတ်စုံ၊ အသင်းကြော်ငြာ၊ သယ်ယူပို့ဆောင် ခ စတဲ့ကုန်ကျမှုကို မိမိတို့ဖာသာ အကုန်ကျခံရမည်ဖြစ်ကြောင်း အမိန့်ပေးပြောဆိုခဲ့ သည်။ ၂၀၁၁ ခုနှစ်တွင် ထိုစီးပွားရေးလုပ်ငန်းရှင် ရှစ်ဦးက မိမိတို့ တိုင်းနှင့်ပြည်နယ် အ သီးသီးတွင် ဒေါ်လာတသန်းတန် ဘောလုံးကွင်းများ တည်ဆောက်ဖို့ သတင်းပေးပို့ချက် တွင် ပါရှိသည်။
မကွေးအသင်းမှာ တလလျှင် လစာငွေ ဒေါ်လာ ၁၅၅ ၀၀၀ ကုန်ကျသည်။ ဘဏ်လုပ် ငန်းနှင် ဆက်စပ်နေသော ကမ္ဘောဇအသင်းမှာ ၂၀၀၉ ဘောလုံးရာသီအတွက် ဒေါ်လာ ၂ သန်း ကုန်ကျခဲ့သည်။ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှာ အာဖရိကမှ ကြေး စား ဘောလုံးသမား ၅ ဦး၊ ဒယ်လ်တာ ယူနိုက်တက်မှာ အာဂျင်တီးနားမှ ဘောလုံးသ မားများစွာ ခေါ်ယူခဲ့သည်။
အမေရိကန်သံရုံး ဖော်ပြချက်တွင် ‘ဒီလောက် ငွေကုန်ကြေးကျများတဲ့လုပ်ငန်းကို အကျိုး အမြတ်မရှိဘဲ ဘာကြောင့်လုပ်နေကြတာလဲ ဟုမေးသောအခါ၊ အားလုံးမှာ ရွေးချယ်စရာ မရှိပါဘူး။ ဗိုလ်ချုပ်မှုးကြီးက ခိုင်းရင် အားလုံး  စောဒက ပြန်တက်ခွင့်မရှိပါဘူး’ ဟု ဖြေ ကြားကြောင်း ပါရှိသည်။
ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ဆောက်လုပ်ရေးကန်ထရိုက်များ၊ ကျောက်မျက်ရ တနာနှင့် မိုင်းတွင်းများ၊ သွင်းကုန်လိုင်စင်များကို အစိုးရထံမှ ရရှိနေသူများဖြစ်သည်။ ၂၀၀၉ မေလတွင် စတင်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရှိ ကလပ်များပိုင်ရှင်များတွင် ဖိုးလပြည့်အား ကလပ်ဘောလုံးလုပ်ငန်း အသေးစိတ်အစီစဉ်ဆွဲပေးသူ ခေတ်ပျက် သူ ဋ္ဌေး ဇော်ဇော် လည်းပါရှိသည်။  ဇော်ဇော်မှ ဖိုးလပြည့်အား သူတည်ထောင်ထားသော ကလပ်အသင်းတွင် လာရောက်ဆော့ကစားဖို့ ပြောဆိုသည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ၂၀၁၀ ရွေးကောက်ပွဲအပေါ် ဝေဖန်မှုများနှင့် စီးပွားရေး လူမှု ရေးပြဿနာများကို လမ်းကြောင်းလွှဲဖို့လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်များက ပြောဆိုကြောင်း ဖော်ပြသည်။
မန်ယူအသင်း ၀ဘ်ဆိုဒ် ချက်ချင်းတုန့်ပြန်ချက်မှာ မြန်မာအာဏာပိုင်များက ၀ယ်ယူခဲ့ လျှင်ပင် ရောင်းချမည်မဟုတ်ကြာင်း၊ ပရိတ်သတ်များက အပြင်းအထန် ဆန့်ကျင်သွား ကြမည်ဖြစ်ကြောင်း၊ မန်စီးတီးအသင်းလိုမျိုးမဟုတ်ဘဲ မန်ယူအသင်းကို အကျင့်ပျက် အာဏာရှင်များအား လုံးဝ ရှယ်ယာများခွဲဝေ ရောင်းချမည်မဟုတ်ကြောင်း ချက်ချင်းတုံ့ ပြန်ဖော်ပြခဲ့သည်။
သတင်း Guardian
မူရင်းသတင်း Source : http://www.guardian.co.uk/world/us-embassy-cables-documents/212931
Read more »