Wednesday 19 October 2011

မုန်တိုင်း သတိပေးမူ စစ်ဘက် အတွက် ပြုလုပ်၊ အရပ်ဘက် အတွက် မပါဝင်

နိရဉ္စရာမှ သတင်း


မောင်အေး
-----------
အစိုးရ အာဏာပိုင်များက ရခိုင်ကမ်းရိုးတန်း တလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများအတွက် မုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားသော်လည်း အရပ်ဘက်အတွက် ထုတ်ပြန်ထားခြင်း တစ်စုံတရာ မရှိကြောင်း သိရသည်။


Cyclone-Giri-Arakan-coast ဂီရိ ရခိုင်ကို မတိုက်ခတ်မှီ မြင်ရစဉ်။
မြန်မာ အစိုးရ အာဏာပိုင်များက ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ပြီး ရခိုင်ပြည်နယ် ကမ်းရိုးတန်းတလျှောက်ရှိ စစ်စခန်းများနှင့် ရေတပ်စခန်းများကို မုန်းတိုင်းသတိပေးညွန်းကြားချက် ထုတ်ပြန်ထားခဲ့သော်လည်း အရပ်ဘက်ဆိုင်ရာကို တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးကြောင်း ဒေသအတွင်းကလာသော သတင်များက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်မြကျော်က "စစ်တွေမှာ မိုးတော့ ရွာနေတယ်။ မနေ့က လေပြင်း တိုက်ခတ်တာတွေ တော့ ရှိပါတယ်။ အခုအချိန်ထိတော့ မုန်တိုင်း သတိပေးထားတာတော့ မရှိသေးဘူး" ဟု ပြောသည်။

တခြား လူငယ် တစ်ဦးကလည်း " မိုးတော့ ရွာနေပါတယ်။ မုန်တိုင်းတိုက်မယ့် သတင်းတော့ မရသေးပါဘူး။ အစိုးရက သတင်းထုတ်ပြန်တာတွေလည်း စစ်တွေ မရှိသေးဘူး။ ဂီရိတုန်းကတော့ မုန်းတိုင်း မတိုက်မှီ အသံချဲ့စက်နဲ့ အော်ပါတယ်။ ခုတော့ မရှိသေးပါဘူး" ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းကြောင်း ရခိုင်ပြည်နယ် ပေါက်တော၊ စစ်တွေနှင့် မင်းပြားမြို့နယ်များတွင် မိုးသက် လေပြင်းများ ယနေ့နံနက်မှ စတင်ကျရောက်နေပြီးဖြစ်ကြောင်း သိရှိရသည်။

မိုးလေ၀ါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင်က မုန်းတိုင်း အခြေအနေကို ယခုလို ပြောသည်။

" မုန်တိုင်းက ဒီနေ့ ညနေပိုင်းကနေ နောက်နေ့ မနက်အတွင်း ဖြတ်သန်းနိုင်ပါတယ်။ အခု အချိန်ထိတော့ မုန်တိုင်းငယ် အဆင့်မှာဘဲ ရှိပါသေးတယ်။ တစ်နာရီ မိုင် (၄၅) နုန်းပေါ့။ တခါတလေ တနာရီ ၅၀ လာက်တိုက် ခတ်နိုင်ပါတယ်။ အဓိကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဘင်္ဂလာဒေခ်ျ့ကို ဖြတ်သန်းနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လိုင်းကြီးနိုင်တယ်။ ရေတော့ မတက်နိုင်ဘူး။ ဒါပေမယ့် ဒီထက် အားကောင်း လာရင်တော့ အခြေအနေ ဆိုးနိုင်ပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘာဖြစ်လာမလဲဆိုတာ Update သတိထား စောင့်ကြည့်ဖို့ လိုပါတယ်" ဟု ပြောသည်။

ယခု မုန်တိုင်းမှာ မြန်မာနိုင်ငံဘက်သို့ ရွှေ့လျားလာသဖြင့် လောလောဆယ်တွင် ပင်လယ်ပြင်ကို မထွက်ရန်နှင့် ကုန်းပေါ်တွင်နေထိုင်ကြရန် လိုကြောင်း ဦးထွန်းလွှင်က ပြောသည်။

" သိသိသာသာကို မြန်ဘက်ကို ကပ်လာတယ်။ အရင်ကတော့ မုန်တိုင်းက လောင်ဒီကျူဒ် ၈၉ ကနေ ခု လောင်ဒီကျူဒ် ၉၈ ထိ ရောက်လာပြီးတော့ အရှေ့ဘက်ကို ရွှေ့လာတယ်။ အားလုံး ယေဘူယျ ပြောရင် ရခိုင်မြောက်နဲ့ ဘင်္ဂလာဒေခ်ျ့ အစပ်ပေါ့။ အတိအကျ ပြောရင် ကျွန်တော်တို့ဘက်က မောင်တော၊ သူတို့ဘက်ကတော့ ကော့ဘဇားပေါ့။ အဲဒီနေရာက မုန်းတိုင်း ဗဟိုချက် ဖြစ်နိုင်ပါတယ်" ဟု သူက ပြောသည်။

မိုးလေ၀ါသ ဇလဗေဒ အငြိမ်းစား ဦးထွန်းလွင် အင်တာနက် ဆိုက်တွင်လည်း ဘင်္ဂလားပင်လယ်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းမှာ ၂၄ နာရီအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ တောင်ပိုင်းကို ဖြတ်ကျော်မည်ဟု ဖော်ပြထားသည်။
Read more »

ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အစီရင်ခံစာ ထုတ်ဝေ

Wednesday, 19 October 2011 00:00
20111019aကုလသမဂ္ဂ အေဂျင်စီ (၁၄)ခုနှင့် International Organization for Migration (IOM)တို့ ပူးပေါင်းပြုစုသော စာမျက်နှာ (၁၅၀)ပါသည့် Thailand Migration Report 2011 အမည်ရှိ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်တွင် ယမန်နေ့က ထုတ်ဝေခဲ့သည်။
အစီရင်ခံစာ ထုတ်ဝေရာတွင် ပါဝင်ကြသော UNDP, UNFPA, UNHCR, WHO, UNCEF, UNODC, UN WOMAN, ကမ္ဘာ့ဘဏ်နှင့် ထိုင်းကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ သံတမန်များ၊ ထိုင်းတက္ကသိုလ်များမှ ပညာရှင်များနှင့် ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။
IOMမှ အရာရှိ Mongue Filsnoel က နိုင်ငံတကာမှ ပြောင်းရွှေ့ နေထိုင်သူများ ဆုံရပ်ဖြစ်လာနေသော ထိုင်းနိုင်ငံ အနေဖြင့် မူဝါဒများ ပြည့်ပြည့်စုံစုံ ဖြစ်ဖို့ လိုအပ်ကြောင်း ထိုင်းအစိုးရကို ထောက်ပြခဲ့သည်။
အစီရင်ခံစာ ထုတ်ဝေပွဲသို့ တက်ရောက်ခဲ့သည့် ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (BAT)မှ ဦးမျိုးနိုင်က “ဒီ report မှာပါတဲ့ အချက်အလက်တွေနဲ့ ဒီမှာ ပြောနေကြ တာတွေက တကယ့် အပြင်မှာ ကျနော်တို့ ရွှေ့ပြောင်း အလုပ်သမားတွေ ကြုံတွေ့ နေရတာနဲ့ ကွဲလွဲနေတာတွေ အများကြီး ဆိုတာကို သတိထား မိတယ်။ ၂၀၁၁ ခုနှစ် ဧပြီလမှာ ထုတ်ဝေခဲ့တဲ့ ထိုင်း လူကုန်ကူးမှု ဥပဒေပါ အချက်အလက်ကို အကောင်အထည် မဖော်တာကို ကျနော် ထောက်ပြခဲ့ပါတယ်”ဟု ပြောသည်။
“မြန်မာ အလုပ်သမားတွေကို ပြောချင်တာကတော့ တရားဝင် နေထိုင်ခွင့်ကို လုပ်ထားကြပါ။ ဒါမှ ဥပဒေ ဘောင်အတွင်းက ရသင့် ရထိုက်တဲ့ အကာအကွယ်နဲ့ အခွင့်အလမ်းကို ရရှိကြမှာ ဖြစ်ပါတယ်”ဟု ဦးမျိုးနိုင်က ဆက်ပြောသည်။
၂၀၁၀ ခုနှစ် စာရင်းအရ ထိုင်းနိုင်ငံထဲတွင် တရားဝင်ရော၊ တရားမ၀င်ပါ နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူ စုစုပေါင်း သုံးသန်းခွဲကျော် ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင် ကျွမ်းကျင်  အတတ်ပညာရှင် (၁၀၀,၃၃၈)ဦး၊ သံတမန် ၀န်ထမ်း (၆,၁၄၈)ဦး၊ ယာယီ နေထိုင်ခွင့် စာရွက်စာတမ်းနှင့် နေထိုင်သူ (၁၂၁,၁၀၉)ဦး၊ ဗီဇာတိုး၍ နေထိုင်သူ (၉၂,၀၁၄)ဦး၊ အဆင့်မြင့် ပညာသင် ကျောင်းသား (၁၉,၀၅၂)ဦး၊ တိုင်းရင်းသား လူမျိုးနွယ်စု (၅၁၃,၇၉၂)ဦး၊ တိုင်းတပါး ဗီဇာ (၆၅,၅၅၈)ဦး၊ ရွှေ့ပြောင်းနေထိုင်သည့် မှတ်ပုံတင်ထားသူနှင့် မှတ်ပုံမတင်ရသေးသူ (၁၄၁,၀၇၆)ဦး၊ တရားဝင် မှတ်ပုံတင်ထားသည့် အလုပ်သမား (၁,၀၁၀,၉၄၁)ဦးနှင့် တရားဝင် မှတ်ပုံတင် မထားသည့် အလုပ်သမား (၁,၄၄၄,၈၀၃)ဦး စုစုပေါင်း (၃,၅၁၄,၈၃၁)ဦး ရှိသည်ဟု ကိန်းဂဏာန်း အတိအကျဖြင့် ဖော်ပြထားသည်။
ယခုအစီရင်ခံစာသည် တတိယအကြိမ် ထုတ်ဝေသည့် အစီရင်ခံစာ ဖြစ်ပြီး ယခင် ၂၀၀၅ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် များကလည်း ထုတ်ဝေခဲ့ကြောင်း သိရသည်။
Read more »

မူးယစ်ဆေးသယ်လာသည့် မြန်မာနှစ်ဦး အဖမ်းခံရ


 
မြန်မာနိုင်ငံ မြ၀တီမြို့မှတဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ယမန်နေ့က မူးယစ်ဆေးဝါး ၂ ကီလိုခန့် သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား နှစ်ဦးကိုမူးယစ်ဆေးဝါးဥပဒေဖြင့် တရားစွဲဆိုမည်ဟု မဲဆောက်မြို့ ရဲမှူးကြီးက ပြောသည်။
ရာဇ၀တ်မှုထူပြောသော မြ၀တီ-မဲဆောက် တံတားအောက်ကို လုံခြုံရေးတင်းကျပ်ရန် ထိုင်းအာဏာပိုင်တို့က စက်တင်ဘာ ၂၅ ရက်နေ့တွင် သံဆူးကြိုးကာရံလိုက်သည် (ဓာတ်ပုံ- ဧရာဝတီ)
စောအနိုး အသက် ၃၃ နှစ်နှင့် နန်းယဉ် အသက်၂၄ နှစ်တို့ကို ၎င်းတို့သယ်ယူလာသော စိတ်ကြွဆေးပြား(ရာဘ)ပြုလုပ်ရာတွင် အသုံးပြုသည့် မက်သာအဖက်တမင်း အမှုန့်၂ ကီလိုခန့်နှင့်အတူ ထိုင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေး အထူးအဖွဲ့က နှစ်နိုင်ငံ ချစ်
ကြည်ရေးတံတား အနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ယင်း မူးယစ်ဆေးဝါးအမှုန့်များကို မဲဆောက်ရှိ ၀ယ်လက်များထံသို့ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ထိုင်း အာဏာပိုင်
များထံတွင် အဖမ်းခံရသူများက ထွက်ဆိုခဲ့ကြသည်။
မဲဆောက် ရဲမှူးကြီး ဒေချာဝထနဖနုံ က“သူတို့ကို မနေ့က ထိုင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းလိုက်တာဖြစ်တယ်၊ အခု မဲဆောက် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်၊ စစ်ဆေးမှုတွေ လုပ်ပြီးတာနဲ့ သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေ တတ်တဲ့ ဥပဒေနဲ့ အရေးယူ စွဲချက်တင်မှာဖြစ်တယ်”ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား၂ ဦး၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးမည့်သူများမရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုနှင့် ရာဇ၀တ်မှုများ တားဆီးနိုင်ရန်အတွက် နှစ်နိုင်ငံချစ်ကြည်ရေး တံတား အနီးရှိ မြန်မာဘက်မှ အလွယ်တကူဝင်ရောက်နိုင်သည့် မလွယ်ပေါက်များကို ထိုင်း အာဏာပိုင်များက စက်တင်ဘာ၂၅ရက်နေ့ကစ၍ သံဆူးကြိုးများဖြင့် ကာရံလိုက်ပြီး ၂၄ နာရီ လုံခြုံရေး ချထားခဲ့သည်။
ထိုင်းဘက်မှ သံဆူးကြိုးကာရံ၍ လုံခြုံရေးတိုးမြှင့်လိုက်သော်လည်း မြန်မာဘက်မှ မူးယစ်ဆေးဝါးများ ၀င်ရောက်မှုမှာ နည်းပါးသွားခြင်းမရှိဟု ထိုင်းနိုင်ငံဘက် ချစ်ကြည်ရေးတံတားမှ တာဝန်ရှိ ထိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောဆိုသည်။
မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတား ဘေး ၀ဲယာအနီးဝန်းကျင်သည် မြန်မာဘက်မှနည်းမျိုးစုံဖြင့် ၀င်ရောက်လာသည့် မူးယစ်ဆေးဝါးမျိုးစုံကို ထိုင်းဘက်မှ မကြာခဏ ဖမ်းဆီးရမိသည့် နေရာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ တဖက်ကမ်းရှိ မယ်ဆိုင်မြို့တွင် စိတ်ကြွဆေးပြား ၉ သိန်း နှင့် ICE မူးယစ်ဆေးဝါး ၂၅ ကီလိုဂရမ် ကို ထိုင်း အာဏာပိုင်များက ဖမ်းဆီးမိခဲ့သေးသည်။
 

Read more »

Tuesday 6 September 2011

“ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်ကို ဖယ်ရှားပစ်ကြ”



(ဆရာတော်ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူခြင်း (၇၂) နှစ် အထိမ်းအမှတ်ဆောင်းပါး) 
ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲကျပ်တည်းကာ ဆင်းရဲ ဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် ပုဂ္ဂိုလ်ကို မြန်မာတို့ မမေ့လောက်သေးဟု ထင်သည်။ ထို ပုဂ္ဂိုလ်မှာ နိုင်ငံရေးနယ်ပယ်မှ မဟုတ်၊ သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်တပါး ဖြစ်သည်။
ထို ပုဂ္ဂိုလ်သည် မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူး သဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်ကို မှတ်မိကြမည် ထင်ပါသည်။ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်သည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဖြစ်သည်။
ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည်သူ တပါးလက်အောက်ခံ ကျွန်နိုင်ငံ ဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာ ဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃသမဂ္ဂီ အဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည် ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြော ခဲ့ပုံမှာ ကြက်သီးထလောက်သည်ဟု မှတ်တမ်းများရှိသည်။
ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့် လူမျိုးလွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ် ချဲ့အင်္ဂလိပ်အစိုးရ အား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးအကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့ နိုင်ငံ ရေးအသိအမြင် ကျယ်ပြန့်တိုးတက် လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာ တော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၁၁ စက်တင်ဘာတွင် (၇၂) နှစ် ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါ ဒများကာ ရှင်သန်နေဆဲ ရှိပေသည်။
ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်သည်။ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူ တို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၂၈)တွင် ဖွားမြင်သည်။ အသက်(၁၅)နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင်သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြို စာသင်တိုက်၌ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များသင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသား ကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ ဖူးသည်။
၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ တဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ခရီးလှည့်၍ နိုင်ငံတကာ အရေးအရာများကို လေ့ လာဆည်းပူးခဲ့ သည်။ ဥရောပ၌ ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့်သတင်းကို ကြားသိရ၍ အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ် ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန် နိုင်ငံသို့ သွားရောက် ကာ တိုကျို ဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့် သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ အပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘော ဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။
၁၉၁၁ ခုနှစ် မြန်မာနိုင်ငံပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှု အခြေအနေအထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခဲ့ကြသော ဦးဘ ဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှ ဖေ အစရှိသော ထိုခေတ် လူငယ် လူလတ်များနှင့် လည်းကောင်း၊ အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် မည်သို့ ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများ လုပ်ခဲ့သည်။
ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ် ကြဖို့ ရေးသား ဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များကို ဟုမ္မရူးသဘောတရားစိတ်ဓာတ် များကို နားဝင်အောင် ဆွေးနွေးပြော ဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ် ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီ ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန် မာဒေသခွဲ ကွန်ဂရက်ပါတီ အဖွဲ့ဝင်ဖြစ်သည်။
၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋ ဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာ ကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသား များနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာ ဆွန်ယက်ဆင် နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။
ဒေါက်တာ ဆွန်ယက်ဆင်နှင့် အာရှဒေသ လွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။  ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ပြန်ကြွလာသည်။ ထိုအချိန်မှ စတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှ ရရှိခဲ့ သော အသိပညာ ဗဟုသုတများနှင့် ယှဉ်တွဲ၍နိုင်ငံရေး တရားများဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များ မှာ စကားလုံးပြောင်ပြောင် ထိထိ မိမိရှိလှ သဖြင့် တရားပွဲတိုင်း ကျိတ်ကျိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူ ပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လို အင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆို တာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီ ၀ါဒ သမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာ ရှိတယ်။˝
ထို့ကြောင့်လည်း ဆရာတော် ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ်အယူအဆတို့ကို ပယ်လှန်သူ၊၀ံသာနုစိတ်ဓာတ် တက်ကြွအောင်လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုကလက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနု အမျိုးသားရေးလှုပ် ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏  နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။

“ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ဆရာတော်နာမည် သ တင်း ပိုမိုပေါ်လွင် ထင်ရှားလာသည်။ ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရ လာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျှက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။
သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အ တွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခန်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။
ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာ တော်က ဟောပြော သည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာအကျိုးအတွက် ‘သံဃသမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမကမိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃသမဂ္ဂီများပေါ်ထွန်းလာကာ၊ နိုင်ငံရေးတရား ဟောပြောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။
ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေ အသင်း ခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ်ငါးရာကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ် ရွာတရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည် သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုကပိုမိုထောက်ခံ အားပေးလာခဲ့သည်။
ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြား ခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ”  “အင်္ဂလိပ် ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်း ဖြစ် ပစ္စည်းကို ၀ယ်ယူ အားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ် ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) စသော ကြွေးကြော်သံများးကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိ ယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညို ပျက်စေအောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆို ကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃)နှစ် အပြစ်ပေးခံရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့် အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ် ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူ ပြုပေးခဲ့ရာတွင်လည်း သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံ အားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။
ထိုသို့သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့ သော ဆရာတော်ကား ဦးဥတ္တမပင် ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျှက် တရားဘာဝနာ ပွားများနေကြ ကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး ဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာ တော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့ အနှစ်သာရအရ အမျိုး ဘာသာ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။
ထိုစဉ်က ဆရာတော် ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူ တရပ်လုံး ထောက်ခံ အားပေးလာ အောင် စိုက်လိုက်မတ်တတ်လှုံ့ဆော်ရေးသာခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံ ဃာတော်များ ပါဝင်ဆွေးနွေးဟောပြောလာ ကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင် ဆောင်ရွက်လာကြသည်။
အထက်တွင်ဆိုခဲ့သည့်အတိုင်း ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ် ရေးစနစ် ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျှက် ဟုမ္မရူး တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ် ရေးစနစ်တွင် အမတ် (၁၀၃) နေရာ ရာထား သော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံ ခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြု ကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံ သဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။
ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅) (၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီ အုပ်ချုပ်ရေးစနစ် သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကို မတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှု မျှသာဖြစ်သည်။ ပြည် သူက သဘောတူ ၍ ဆောင်ရွက် လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေး ပွဲမ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေး လုပ်ရန်မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာ ကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ မှတ်သားအားတက်ဖွယ် ဆရာတော်၏ မိန့်ခွန်းမှ ကောက် နှုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။
“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုး ရမှာ ဒိုင်အာခီကောင်စီ ၀င်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့ အုပ် ၀န်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက် ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်း ပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီးအမိန့်ပေးနေတယ်။”
ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူးကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်း ပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ် အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်း တချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။
၁၉၅၆ ခုနှစ် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်းမှ ထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်” တွင် “ဆရာ တော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောင်္ကျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင် ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစားစံစားနေ ရသော လွတ်လပ်ရေး ဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့် အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင် အဆက်ဆက်က မပျက်ပျက် အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်း ဖြစ်ပေသည်။
ယနေ့ ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်လျှက်ရှိကြသော လူငယ်မျိုးဆက်သစ်တို့အနေဖြင့် ဆရာတော်ဦးဥတ္တမ၏ အာဇာနည် စိတ်ဓာတ်ကို စံနမူယူ၍ အာဏာရှင်စနစ် မှန်သမျှ အမြစ်မကျန်ဖျက်သိမ်းရေးကို ကြိုးပမ်းအားထုတ်ကြချိန် ရောက်ပေပြီ။ ဗိုလ်ချုပ် အောင်ဆန်းတို့ခေတ် လူငယ်များသည်ပင် ဆရာတော်၏ လွတ်လပ်ရေးနှိုးဆော်သံကိုနာခံ၍ နိုင် ငံရေးနိုးကြားခဲ့ကြသည်။ သို့ဖြစ် သဖြင့် ယနေ့ခေတ်လူငယ်တို့ကလည်း အာဏာရှင်အဆက်ဆက်က အမှောင်ချထားခဲ့ သည့် ဆရာတော်၏ သမိုင်းနှင့် ဂုဏ်ကျေးဇူး တို့ကို ကို ပြန်လည်လေ့လာဖေါ်ထုတ်ကြရပေမည်။ ဆရာတော့် သြ၀ါဒတို့ ကို ခေတ်နှင့် ဆီလျော်အောင် လေ့လာ၍ ပြန်လည် ကျင့်သုံးကြရပေမည်။
ဆရာတော်သည် ရခိုင်တိုင်းရင်းသားပင်ဖြစ်သော်လည် မြန်မာတမျိုးသားလုံးအရေးကို ထူးချွန်ထက်မြက်စွာ ဆောင်ရွက် ခဲ့သော ပုဂ္ဂ္ဂိုလ်ထူးဖြစ်ရုံမက အာရှတခွင်ကပါ အသိအမှတ်ပြုခံခဲ့ရသည့်အလျှောက် (အာရှနေ၀န်း) ဟုပင် ဂုဏ်တင်ခံခဲ့ ရသော ပုဂ္ဂ္ဂိုလ်လည်း ဖြစ်သည်။ လူထုသဘောဆန္ဒကို မယူဘဲ အုပ်ချုပ်သည့် အစိုးရမျိုးကို လက်မခံသင့်၊ လူထုကို ရုပ်ပြ လှည့်စားသည့် ဒိုင်အာခီ ရွေးကောက်ပွဲမျိုးကို လက်မခံသင့်ဟု ဆရာတော်ဝေဖန်ပြခဲ့ဘူးသည့် အချက်ကို ဆင်ခြင်မိတိုင်း ဆရာတော်၏ ခေတ်မီလှသော ဒီမိုကရေစီအမြင်ကို အံ့သြရပေသည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။” ဆိုသည့် ဆရာ တော်၏ သြ၀ါဒမှာလည်း လွတ်လပ်ရေးနှင့်ထိုက်တန်သော နိုင်ငံသူ နိုင်ငံသားများဖြစ်ကြောင်း လူစွမ်းလူစ ထုတ်ပြခိုင်း သည့် အားပေး တိုက်တွန်းနှိုးဆော်ချက်ဖြစ်သဖြင့် နိုင်ငံသူနိုင်ငံသားတိုင်း စွဲမှတ်ကျင့်သုံးကြဖို့လိုသည်။
“မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံ စိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြ နိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ် တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး” ဟူ သော ဆရာတော်၏ မိန့်ထုံး သြ၀ါဒကို နှလုံးသွင်းလျက် ဆရာတော်ပျံလွန်တော်မူခြင်း နှစ် (၇၂) အထိမ်းအမှတ် နေ့ (စက်တင်ဘာလ ၉ ရက်၊ ၂၀၁၁) အား ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက်ရပေသည်။
ဇင်လင်း
ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ – ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
Read more »

အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့ပြန်


  အစိုးရသစ်က “မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်” ကို အငြိမ်းစား အစိုးရအရာရှိကြီး ၁၅ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကော်မရှင်ကို နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရန်နှင့် ကာကွယ်ရန် ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ယနေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

U_Kyaw_Tint_Swe
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့တွင်ပါဝင်သူ သံအမတ်ဟောင်း ဦးကျော်တင့်ဆွေ (ဓာတ်ပုံ - UN Photo/Jenny Rockett)
အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသည့် ကော်မရှင်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးကျော်တင့်ဆွေ၊ ဦးလှမြင့်စသည့်   အငြိမ်းစား သံတမန်ဟောင်းများ၊ သမိုင်း ပါမောက္ခဟောင်း ဦးထွန်းအောင်ချိန်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန၏ အငြိမ်းစား ပါမောက္ခဟောင်း ဒေါ်စောခင်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အငြိမ်းစား ဒုတိယ ညွန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ညွန့်ဆွေ (စာရေးဆရာ မောင်ဆွေသက်) အပါအ၀င် အလုပ်သမား ၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ အရာရှိ ဟောင်းများ ပါဝင်သည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေများ အဓမ္မသိမ်းဆည်းခံရမှု၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကို အဓမ္မ စုဆောင်းကာ စစ်မှုထမ်းစေခြင်းမှု၊ တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများအတွင်း လူအခွင့်အရေး ချိုးဖောက်မှု အများအပြား ဖြစ်ပေါ်နေသည်။

ပြည်တွင်းအခြေစိုက် လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) အဖွဲ့မှ ဦးမောင်မောင်လေးက လူ့အခွင့်အရေးကို မြှင့်တင်ရန် လုပ်ဆောင်မည့် မည်သည့်အဖွဲ့အစည်းကိုမဆို ကြိုဆိုကြောင်း၊ သို့သော် ယခင်စစ်အစိုးရ လက်ထက်က လူ့ အခွင့်အရေးနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့မှုများမှာ အောင်မြင်မှုမရှိခဲ့ကြောင်း၊ ယခုဖွဲ့စည်းသည့် လူအခွင့်အရေး ကော်မရှင် အနေဖြင့်လည်း လွတ်လပ်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဆိုသည်။

“အရင်ဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ လူအခွင့်အရေးနဲ့ ပတ်သက်လို့ ချုပ်ချယ် ကန့်သတ်ထားတာတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ဆန့်ကျင်တာတွေကို အရင်ပယ်ဖျက်ရမယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယခင် လူ့အခွင့်အရေး ကော်မတီများကဲ့သို့ အစိုးရ၏ လူ့အခွင့်အရေးချိုး ဖောက်မှုများနှင့် ပတ်သက်၍ ဖုံးကွယ်ရန်၊ နိုင်ငံတကာ၏ ဝေဖန်မှုများကို ကာကွယ်ရန် ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အောင်မြင်မှု ရရှိမည်မဟုတ်ကြောင်းလည်း ဦးမောင်မောင်လေးက ဆိုသည်။

ယခုကော်မရှင်တွင် ပါဝင်သည့် သံအမတ်ကြီးဟောင်းများဖြစ်ကြသော ဦးကျော်တင့်ဆွေ၊ ဦးဝင်းမြ၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွန်ကြားရေးမှူးဟောင်း ဦးစစ်မြိုင်တို့သည် ကုလသမဂ္ဂ၌ ပြုလုပ်သည့် မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ ဝေဖန်မှုများကို ကာကွယ် ပြောဆိုရ သူများဖြစ်သည်။

ပြီးခဲ့သည့်လက ကုလသမဂ္ဂ လူ့အခွင့်အရေးအရာရှိ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားနှင့် ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ
ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို အပါအ၀င် အစိုးရ အရာရှိကြီး အတော်များများနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သေးသည်။

ထို့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ နှင့်လည်း မစ္စတာ ကင်တားနားက တွေ့ဆုံခဲ့သည်။

မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း လူ့အခွင့်အရေးနှင့် ပတ်သက်၍ ချိုးဖောက်မှုများ ဆက်လက် ရှိနေသေးသည်ဟု မစ္စတာ ကင်တားနားက ဝေဖန်ပြောဆိုခဲ့ပြီး သီးခြား လွတ်လပ်သည့် လူအခွင့်အရေး မြှင့်တင်ရေး အဖွဲ့ကို ဖွဲ့စည်းရန် အစိုးရအား တိုက်တွန်းခဲ့သည်။

၁၉၉၆ ခုနှစ်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် ဦးဆောင်၍ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာသည့် ဗိုလ်ချုပ် မောင်ဦးက တာဝန်ယူခဲ့ကာ အစိုးရသစ် လက်ထက်တွင် ပြည်ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကိုက ဦးဆောင်တာဝန်ယူလျက်ရှိသည်။
Read more »

Monday 5 September 2011

ဆရာတော်ဦးဥတ္တမနေ့ ဘန်ကောက်တွင် ကျင်းပ


 
မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် တဦးဖြစ်သူ ဆရာတော် ဦးဥတ္တမ နှစ်ပတ်လည်နေ့ အခမ်းအနား တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘုန်းကြီးကျောင်း တခုတွင် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည်။

ba_waw_tin_bkk
ကိုလိုနီခေတ်မြန်မာပြည်သားများကို နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူ၊ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ နှစ်ပတ်လည်အခမ်းအနားကို တနင်္ဂနွေနေ့က ဘန်ကောက်တွင် ပြလုပ်ခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
လာမည့် သောကြာနေ့တွင် ကျရောက်မည့် ဆရာတော်၏ ၇၂ နှစ်မြောက် နှစ်ပတ်လယ်နေ့ကို  အလုပ်သမားများ၏  အားလပ်ရက်တွင် ကြိုတင် ကျင်းပခြင်း ဖြစ်ကြောင်း၊ ဤအခမ်းအနားမျိုးကို မြန်မာနိုင်ငံအတွင်းတွင် ခိုးကြောင် ခိုးဝှက် ကျင်းပရကြောင်း  အခမ်းအနား စီစဉ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“ဆရာတော် ဦးဥတ္တမနေ့ ဆိုတာ တကယ်တော့ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးက စုပေါင်းပြီး ကျင်းပရမယ့် နေ့မျိုးပါ။ ဘာကြောင့်လဲ ဆိုတော့ ဆရာတော်ဟာ ကျွန်သဘောက် ဘ၀မှာ မှောင်အတိကျနေတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို လွတ်လပ်ရေးတိုက်ပွဲဝင်ဖို့ အစဦးဆုံး နှိုးဆော်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လို့ပါပဲ” ဟု ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ပြည်ပ) ၏ ထိုင်းဌာနခွဲ ဥက္ကဋ္ဌ ကိုအံ့မောင်က ပြောသည်။

“အခွင့်သာတဲ့ တနေ့ကျရင် မြန်မာတနိုင်ငံလုံးမှာ ဆရာတော် ဦးဥတ္တမနေ့ကို စည်စည် ကားကား ကျင်းပနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ကိုအံ့မောင်က ပြောသည်။

ဆရာတော် ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွေးဖွားသည်။ အင်္ဂလိပ် ကိုလိုနီခေတ်တွင် အကြမ်းမဖက်သောနည်းဖြင့် တော်လှန်သောကြောင့် ပထမဆုံး ထောင်ချခံရသူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။

၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဆရာတော် ပျံလွန်တော်မူရာ ထိုခေတ် လွှတ်တော်က စက်တင်ဘာလ ၉ ရက်နေ့ကို  ဆရာတော် ဦးဥတ္တမနေ့ဟု တရားဝင် သတ်မှတ်ခဲ့သည်။

ယခု ရန်ကုန်မြို့ ကန်တော်မင် (ကန်တော်မင်္ဂလာ) ပန်းခြံကို ဆရာတော် ဦးဥတ္တမ ပန်းခြံအဖြစ် ယခင်က အစိုးရက သတ်မှတ်ပေးခဲ့သည်။

တနင်္ဂနွေနေ့က ဘန်ကောက်မြို့ ဖလန်ဆောင် ၀ပ်ထခမ်း ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် အခမ်းအနားတွင်  မြန်မာ့ သတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက ဆရာတော်၏ နိုင်ငံရေး ဘ၀ဖြစ်စဉ်များကို ရှင်းပြရာ  ဆရာတော်သည် မကြောက်တရားကို ဟောပြောသကဲ့သို့ ကိုယ်တိုင်လည်း ကျင့်သုံးသူဖြစ်သည်ဟု ဆိုသည်။

“အင်္ဂလိပ်လည်း လူ ကိုယ်တွေလည်းလူ၊ လူချင်းအတူတူ သူတို့က ကိုယ့်ထက် ဘာအပိုပါလို့လဲ။ သူကြီးလည်း ကြောက်စရာမလို၊ ဘုရင်ခံလည်း ကြောက်စရာမလို ဆိုပြီး မကြောက်တရားကို ဟောခဲ့သလို ကိုယ်တိုင်လည်း ဒုတိယ ဘုရင်ခံ ဆာဂျီရယ် ဂရက်ဒေါက်ကို ဂရက်ဒေါက် ဂဲဒေါက် ဆိုပြီး တိုင်းပြည်က ထွက်သွားဖို့ မောင်းထုတ်ခဲ့တယ်” ဟု ဦးဇင်လင်းက ရှင်းပြသည်။

“ရဲရဲတောက် မိန့်ခွန်းတွေကို တစိုက်မတ်မတ် ဟောပြောမှုတွေကြောင့် ထောင်နန်းအလီလီ စံခဲ့တယ်။ ဒါတွေဟာ တိုင်းပြည်ကို တကယ်ပဲ လွတ်လပ်ရေးရစေချင်လို့ ကိုယ်တိုင် ဘ၀ကို စတေးကာ ဦးဆောင်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇင်လင်းက အခမ်းအနားတွင် ပြောပြသည်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလက လူ့အခွင့်အရေးအကြောင်း ပြောဆိုခဲ့သည်မှာ ဆရာတော်ဦးဥတ္တမပင် ဖြစ်ကြောင်း ဘန်ကောက်မြို့ Dear Burma ကျောင်းအုပ်ကြီး ဦးမြင့်ဝေက ရှင်းပြသည်။

၁၉၂၀ ပြည့်နှစ် ကျောင်းသားများ သပိတ်မှောက်သည့်အခါ ဆရာတော်က ၀မ်းသာအားရ ကြိုဆို အားပေးခဲ့ကြောင်း၊ “အရင် ဗမာတွေဟာ ကိုယ့်အခွင့်အရေးကို ကိုယ်မတောင်းဆိုတတ်ဘူး။ ရအောင် မတိုက်ခိုက်ရဲဘူး။ အခု တက္ကသိုလ် ကျောင်းသားတွေ ကိုယ့်အခွင့်အရေးအတွက် လူ့အခွင့်အရေးအတွက် သပိတ်မှောက်နေကြပြီ” ဟု မိန့်ကြားခဲ့ကြောင်း ဗမာ့ခေတ် ဦးဘရင်ရေးသားသော မြန်မာ့ လွတ်လပ်ရေးမျိုးစေ့ချခဲ့သူ ဆရာတော် ဦးဥတ္တမစာအုပ်တွင် ဖော်ပြထားသည်ဟု ကျောင်းအုပ်ကြီး ဦးမြင့်ဝေက ရှင်းပြသည်။

ဆရာတော် ဦးဥတ္တမနေ့အခမ်းအနားသို့ ဘန်ကောက်မြို့ရောက် မြန်မာပြည်သား ၄၀၀ ၀န်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။
Read more »

Sunday 21 August 2011

အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ်



 
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောဆိုသည်ဟု လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။

daw_suu_naypyitaw
ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ယနေ့နံနက်တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ရာ မထွက်ခွာမီ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်။

ဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း ဦးခွန်သာမြင့်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုသို့ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့်လည်း တွေ့ဆုံနှုတ်ဆက်လိုကြောင်း ပြောဆိုသည်ဟု အစိုးရအသိုင်း အ၀န်းက ပြောသည်။

သို့သော် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးခွန်သာမြင့်က မသိရှိဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ မှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှု မြန်ဆန်သည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံး တောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူ ကြရတာဖြစ်တယ်။ ကျနော်ထင်တယ်၊ အကောင်းဘက်ကို ပိုသွားနေတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုကို ယမန်နေ့ညက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမည်” ဟု ပြောဆိုကြေညာ သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မြန်မာအစိုးရဘက်က လျစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရား အမြင်အရ ပြောရရင် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများ မျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။

တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာအတွက် မြန်မာအစိုးရက တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမှုမျိုး လုပ်ပြခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ တကယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့။သိပ်ပြီး မျှော်လင့်တာမျိုးလည်း မဖြစ်သင့်ဘူး” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
Read more »

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ


ရန်ပိုင် Friday, 19 August 2011 17:58


 
နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

286415_10150260697139094_769844093_7663316_713778_o
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။
Read more »