Wednesday 15 December 2010

ရခိုင်ပြည်နယ်နေ့ကို ရုံးပိတ်ရက် အဖြစ် မသတ်မှတ်၍ ကျောင်းသားများ ကျောင်းမတက်ဘဲ သပိတ်မှောက်

(နိရဉ္စရာ သတင်း)ရခိုင်ပြည်နယ်နေ့ကို ကျောင်းပိတ်ရက် အဖြစ် မသတ်မှတ်သဖြင့် စစ်တွေတွင် အထက်တန်း ကျောင်းသား အများအပြားမှ ကျောင်းမတက်ဘဲ သပိတ်မှောက် ခဲ့ကြသည်ဟု ဆယ်တန်းကျောင်းသူ တစ်ဦးက ပြောသည်။

Rakhine-state-flag
“ ကျောင်းသားတွေ အများစုက ဒီကနေ့ ကျောင်းမသွားကြဘူး။ ဒီကနေ့ ကျွန်မတို့ ပြည်နယ်နေ့လေ။ အစိုးရက ရခိုင်ပြည်နယ်နေ့ ကို ရုံးပိတ်ရက် အဖြစ် ရခိုင်ပြည်နယ်အတွင်း မသတ်မှတ်တော့ ကျွန်မတို့က ကျောင်းကို မသွားဘဲ သပိတ်မှောက်ခဲ့ကြပါတယ်” ဟု ပြောသည်။

ဘယ်အတိုင်းအတာထိ ဒီကနေ့ ကျောင်းကို မသွားခဲ့ကြပါသလဲဟု မေးမြန်းရာ သူမက ယခုကဲ့သို့ ပြောသည်။

“ အများစုက လုံးဝ မသွားခဲ့တာ ဖြစ်ပါတယ်။ ကျောင်းသားတွေ ကျောင်းမတက်တဲ့ အတွက် ကျောင်းတွေမှာ ဆရာ ဆရာမတွေလည်း စာမပြ ခဲ့ဘူးလို့ သိရပါတယ်။ ကျောင်းသားတွေက နီးစပ်ရာ နီးစပ်ရာ တိုင်ပင်ပြီးတော့ ကျောင်းမတက်ခဲ့ကြတာ ဖြစ်ပါတယ်။”

စစ်တွေ အထက (၁) မှ ဆရာမ တစ်ဦးက ကျောင်းသား အများအပြား ကျောင်းမတက် ခဲ့သဖြင့် ယနေ့ စာသင်ချိန်တွင် အချိန်ပြည့် စာမပြခဲ့ကြောင်းနှင့် သူမ အနေဖြင့် ဆံတော်ရှင်ပွဲတော်ရက်နီးနေသဖြင့် ကျောင်းသားများ ကျောင်းမတက်ကြခြင်းဟု ထင်မြင်ကြောင်း ပြောကြားသည်။

၎င်းပြင် ယခုနှစ် ရခိုင်ပြည်နယ်နေ့ကို အစိုးရ တာ ၀န်ရှိ သူများမှ စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရုံးအဖွဲ့ဝင် တစ်ဦးက “ ကျွန်တော်တို့ ပါတီလည်း ရုံးပြောင်းနေရတော့ ပြည်နယ်နေ့ကို ကျင်းပပြုလုပ်ဖို့ အခက်အခဲ ဖြစ်သွားပါတယ်။ ဒီနှစ် ရခိုင်ပြည်နယ်နေ့ကို အစိုးရပိုင်းက တာဝန်ယူပြီး ခမ်းခမ်းနားနား ကျင်းပတာကို မတွေ့ရပါဘူး” ဟု ပြောသည်။

နှစ်စဉ် နှစ်တိုင်း ရခိုင်ပြည်နယ်နေ့ကို ပွဲလန်းသဘင်များ ခင်းကျင်းကာ ပြခန်းများ၊ ရိုးရာ ယဉ်ကျေးမူ အကများဖြင့် စစ်တွေတွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် မကျင်းပခြင်းမှာ ထူးခြားမူ ရှိနေကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် ဇင်ချောင်း ကျေးရွာတွင် ရခိုင်ပြည်နယ်နေ့ကို ယနေ့တွင် အထူး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်ဟု သတင်း ရရှိသည်။