Wednesday 15 December 2010

ရွှေ့ပြောင်း ကလေးငယ်များကို အခမဲ့ ပိုလီယို ဆေးတိုက်


  
   ထိုင်းကျန်းမာရေး ဝန်ကြီးဌာနမှ နှစ်စဉ် ပြုလုပ်မြဲဖြစ်သော ကလေးသူငယ်များ ပိုလီယိုရောဂါ ကာကွယ်ဆေး အခမဲ့ တိုက်ကျွေးသည့် အစီအစဉ်ကို ယခုနှစ်အတွက် ပထမဆုံးအကြိမ် ယနေ့ ပြုလုပ်သည်။

health-aid
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပမြို့နယ်ရှိ၊ ပါဝိ မူကြိုကျောင်းမှ မြန်မာရွှေ့ပြောင်းကလေးငယ်တဦးကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသည်ကို ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၀ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ၂၀၀၉ ခုနှစ်က ထိုင်းကလေးငယ် ၂.၁ သန်းနှင့် ရွှေ့ပြောင်းလုပ်သားများ၏ကလေးငယ် ၂ သိန်း ၂ သောင်းကျော်ကို ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ပိုလီယိုဆေးတိုက်ကျွေးခဲ့သည်။
"၂ဝဝ၄ မှာ ထိုင်းနိုင်ငံအနေနဲ့ ပထမဦးဆုံးအကြိမ် ရွှေ့ပြောင်းအလုပ်သမား ကလေးတွေကို ပိုလီယို ရောဂါကာကွယ်ဆေး တိုက်ကျွေးတာ စတင်ခဲ့ပါတယ်၊ ၂ဝဝ၉ မှာတော့ ထိုင်းနိုင်ငံအနေနဲ့ ထိုင်းကလေးငယ် (၂.၁)သန်းနဲ့ ရွှေ့ပြောင်း အလုပ်သမား ကလေးငယ် ၂၂၃,၅၅ဝ ကို တိုက်ကျွေးနိုင်ခဲ့ပါတယ်" ဟု ထိုင်းကျန်းမာရေး ဝန်ကြီးဌာနနှင့် တွဲဖက်ကာ ရွှေ့ပြောင်း အလုပ်သမား ကျန်းမာရေး စီမံကိန်းများ လုပ်ဆောင်နေသည့် PATH ဖောင်ဒေးရှင်းမှ ခွန်ဆီဝနမော်လစ်က် က မဇ္ဈိမသို့ ပြောသည်။

ရွေ့ပြောင်းကလေးငယ် မည်မျှရှိသည် ဆိုသည့် အရေအတွက်ကိုတော့ မိမိတို့ တိတိကျကျ မပြောနိုင်ပါကြောင်း ၊ ကလေးငယ်အားလုံး အထောက်အထား လက်မှတ် မဲ့နေကြသောကြောင့် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

အစီအစဉ်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် နောက်တကြိမ် ထပ်လုပ်ဦးမှာ ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း နေထိုင်သော ရွှေ့ပြောင်း အလုပ်သမားများ၏ သားသမီးများကို ထိုင်းနိုင်ငံတဝှမ်းရှိ အစိုးရဆေးရုံများ၊ ဒေသကျန်းမာရေး ဌာနများ၊ နယ်လှည့် မော်တော်ယာဉ်နှင့် ဆေးခန်းများတွင် အခမဲ့ ပိုလီယို ရောဂါကာကွယ်ဆေး (ဆေးရည်) တိုက်ကျွေးသွားမည် ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပမြို့နယ်တွင်း၌လည်း မြန်မာကလေးငယ်များကို ဆေးရည် တိုက်ကျွေးခဲ့သည်။

"ကျနော်တို့ ကျောင်း(၄)ကျောင်းမှာရှိတဲ့ ကလေး (၁၅ဝ)ကျော်ကို တိုက်ကျွေးဖြစ်ပါတယ်" ဟုဆိုသည်။ ဒီမတိုင်ခင်ကထဲက ကလေးတွေကို ဒီနေ့ ကာကွယ် ဆေးတိုက်မယ်ဆိုပြီး မိဘတွေကို ကြိုအသိပေးထားပါတယ်" ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED) မှ ကျန်းမာရေးတာဝန်ခံ ဦးအောင်ကြည်က ဆိုသည်။

ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများအနက် အသက် ၁၅ နှစ်အောက်ကို ပိုလီယို ဆေးတိုက်ကျွေးသည်။

ပိုလီယိုခေါ် အရိုးပျော့ရောဂါသည် ယခုအခါတွင် အိန္ဒိယ၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယားနှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် ဖြစ်နေပြီး ကမ္ဘာအနှံ့ ပြန့်နှံ့နေသည်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း (၁ဝ)နှစ်ကျော်ကြာ ပိုလီယိုရောဂါ ပျောက်ဆုံးသွားပြီးနောက် တဖန် ပြန်ပေါ်လာခဲ့သည်။

သို့အတွက် ရွှေ့ပြောင်း အလုပ်သမားများသည် မိမိတို့သားသမီးများကို မိမိတို့ အလုပ်လုပ်ကိုင်ရာ ဒေသအတွင်းရှိ အဆင်ပြေရာဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် တိုက်ကျွေးစေလိုကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသည့် အဖွဲ့များကလည်း တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံအနေဖြင့် ၁၉၉၄ မှ စ၍ အသက်(၅)နှစ်အောက် ကလေးငယ်များကို ပိုလီယို ကာကွယ်ဆေး စတင်တိုက်ကျွေးနေသည်။

"ထိုင်းအစိုးရအနေနဲ့ စီမံကိန်းစပြီးနောက်ပိုင်းမှာ ဆေးဝါးလက်ခံခွင့်မရတဲ့ ကလေးသူငယ်တွေ အများကြီး ရှိနေတာကို တွေ့လာရတဲ့အတွက် လူမျိုးဘာသာ မခွဲခြားဘဲ ဒီလိုဆေးဝါး တိုက်ကျွေးတဲ့ အစီအစဉ်ကို အားသွန်ခွန်စိုက် နှစ်စဉ် လုပ်လာတာပါ" ဟု ခွန်ဆီဝနက ပြောဆိုသည်။