Wednesday, 30 March 2011

နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်ဖွဲ


(ဧရာဝတိ)
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။

than_shwe_maung_aye_12feb2007
နိုင်ငံ့ဥသျှောင် အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး
သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကြေ ညာသွားသည်။

အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း
ကြေညာချက်၌ ပါရှိသည်။

ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။

ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး တို့ကိုခန့်ထား သည်။

နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
Read more »

Sunday, 27 March 2011

ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင် လူ ၁၀၀ ကျော်သေ

ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

News-earthquake-March-25--Yan-Pai
ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)
ငလျင်သည် မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားတ၀ိုက်ရှိ တာချီလိတ်၊ တာလေ၊ မိုင်းလင်း စသည့် မြို့များတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။

စစ်အစိုးရ မီဒီယာများကမူ ယနေ့ မွန်းလွဲအထိ သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး၊ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံးလည်း ပျက်စီးကြောင်း ကြေညာသည်။

သို့သော် အတည်မပြုနိုင်သေးသော ဒေသသတင်းများအရ တာလေမြို့နယ် တမြို့နယ်တည်းတွင်ပင် သေဆုံးသူ ၁၂၀ ခန့်ရှိနိုင်ကြောင်း သိရသည်။

တာလေမြို့ခံတဦး၏က အိမ်များမှာ ရှေးအိမ်အို အိမ်ဟောင်းဖြစ်သည့်အတွက်  သေဆုံးသူ အများအပြားရှိခြင်း ဖြစ်ကြောင်း တာလေမြို့နယ် ဆေးရုံလည်း ပျက်စီးသွားပြီး တာလေ အခြေစိုက် ခြေမြန်တပ်ရင်း ၃၁၆ တွင်မူ စစ်တန်းလျား ပြိုကျ၍ ၁၇ ဦးသေဆုံးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

တာလေနှင့် တာချီလိတ်အကြား ဆက်သွယ်ထားသည် တံတားတစင်းလည်း ကျွံကျ ပျက်စီးသွားကာ ကားအသွားအလာ ရပ်ဆိုင်းသွားသည့်အတွက် ဒဏ်ရရှိသည့် လူနာများကို တဖြည်ဖြည်းချင်း တာချီလိတ် ဆေးရုံသို့ ပို့နေကြောင်း ဒေသခံတဦးက ဆိုသည်။

ထိုဒေသမှ ပြည်သူများမှာ ငလျင် နောက်ဆက်တွဲ လှုပ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း၊ ကျိုင်းတုံ၊ တာလေ၊ တာချီလိတ်သွား ကားလမ်းကို စစ်တပ်က လုံခြုံရေး အပြည့်ယူထားလိုက်ပြီး ခရီးသွားလာမှုများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထရန်စဖော်မာ နှစ်လုံးပျက်စီးသွားသည့်အတွက် တချို့သောရပ်ကွက်များတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း၊ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း နောက်ဆက်တွဲ ငလျင်အသေးစားများကြောင့် လူအများမှာ အဆောက်အဦးများ၊ မီးကြိုးများနှင့် လွတ်ကင်းရာ လမ်းမများပေါ်နှင့် ဘောလုံးကွင်းအတွင်း၌ ညအိပ်ခဲ့ရကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။

စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပါ ငလျင်ဒဏ် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရှိ ငလျင်လေ့လာရေး ဌာနကလည်း  ထိုင်းနိုင်ငံ ချင်းရိုင်မြို့ မြောက်ဖက် ၆၉ မိုင်အကွာရှိ ဒေသကို ဗဟိုပြုကာ အားပြင်းသည့် ငလျင် ၂ ခု လှုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ပြည်သူများ လမ်းမများပေါ်သို့ ထွက်ပြေးကြကြောင်း သတင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် ပြင်းအား ၈.၉ မဂ္ဂနီကျု အဆင့်ရှိ တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ် အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။

ဆူနာမီ ရေလှိုင်းကြီးများကြောင့်  ရှင်ဒိုင်းမြို့တွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဂျပန်ငလျင် မတိုင်မီတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တို့၌ ပြင်းအား ၅.၄ ရှိ ငလျင်ကြောင့် စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နယူးဇီလန်နိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် ၇၅ ဦးသေဆုံးကာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။
Read more »

Tuesday, 22 March 2011

လစ်ဗျားကို ကုလသမဂ္ဂ အရေးယူမှု ထိုင်း ထောက်ခံ

လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂက စစ်ရေးအရ အရေးယူခြင်းကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

အတိုက်အခံ နိုင်ငံရေးသမားများနှင့် ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းနေသည့် လစ်ဗျားအစိုးရခေါင်းဆောင် ဗိုလ်မှူးကြီး ဂဒါဖီ၏တပ်များအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ရေးအရ အရေးယူခြင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်တနိုင်ငံအနေဖြင့်ထောက် ခံကြောင်း၊ သို့သော် စစ်ဆင်ရေးတွင် ပါဝင်ရန် ထိုင်းတပ်ဖွဲ့ဝင်များကို စေလွှတ်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ထနီထောင်ဟပ်က်(Thani Thongphakdi)က ယမန်နေ့က ပြောသည်။

thai-libya
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ လစ်ဗျားကို စစ်ရေးအရအရေးယူရန် မတ် ၁၇ ရက်က မဲခွဲဆုံးဖြတ်ရာ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe မဲပေးနေစဉ် (ဓာတ်ပုံ - Getty Images)
ထိုင်းနိုင်ငံသည် ကုလသမဂ္ဂ၏ စစ်ရေးအရ အရေးယူမှုအပေါ် ထောက်ခံသည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) အတွင်း ပထမဆုံး နိုင်ငံဖြစ်သည်။

လစ်ဗျားနိုင်ငံတွင် ထိုင်လူမျိုး အလုပ်သမား ထောင်နှင့်ချီ၍ အလုပ်လုပ်ကိုင်နေရာ ပြီးခဲ့သည့်လကတည်းက ထိုင်းအစိုးရမှပြန်လည် ခေါ်ယူပေးပြီး ဖြစ်ကြောင်း၊ ယခုအခါတွင် မိသားစုရှိသည့် အလုပ်သမား ၈၆ ဦးသာ ကျန်ရှိတော့ကြောင်းလည်း ထနီထောင်ဟပ်က် က ဆက်လက် ပြောသည်။

“၄၀ ကျော်ကျော်လောက်က ဆက်နေမယ် ဆုံးဖြတ်တယ်၊ သူတို့ ပြန်မယ်ဆိုရင် ကျနော်တို့ ဘေးကင်းရာကို ပို့ပေးမှာပါ၊ ဒါပေမယ့် မကြာခင်မှာတော့ အခြေအနေတွ ပုံမှန်ဖြစ်မယ်လို့ မျော်လင့်တယ်”ဟု ၎င်းက ဆိုသည်။

ယခုအခါ အလုပ်သမား ၈၆ ဦးတွင် ၃၅ ဦးမှာ မြို့တော် ထရီပိုလီတွင်ရှိပြီး ၁၅ ဦးမှာ လစ်ဗျား အတိုက်အခံများထိန်းချုပ်ရာ ဘင်ဂါဇီ မြို့၌ အလုပ်လုပ်ကိုင်နေကြောင်း၊ ကျန်အလုပ်သမားများသည် တခြားသောမြို့များတွင် အလုပ်လုပ်ကိုင်နေကြောင်း၊ ၎င်း အလုပ် သမားများ ထိုင်းနိုင်ငံသို့ ပြန်လာရေးအတွက် ထိုင်းသံရုံးမှ ကြိုးပမ်းနေကြောင်း မစ္စတာ ထနီထောင်ဟပ်က် က ပြောဆိုသည်။

လစ်ဗျားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ထောင်နှင့်ချီသော ထိုင်းလူမျိုးအလုပ်သမားများကို ပြီးခဲ့သည့်လကတည်းက ထိုင်း အစိုးရ က လေယာဉ်များ၊ သင်္ဘောများဖြင့် သွားရောက်ခေါ်ယူခဲ့ပြီးဖြစ်သည်။

အာဖရိကတိုက် မြောက်ပိုင်း တူနီးရှားနိုင်ငံမှ အစပြုခဲ့သည့် အာဏာရှင်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အီဂျစ်၊ ဂျော်ဒန်၊ ယီမင် စသည့်နိုင်ငံများသို့ ကူးစက်သွားရာ၊ ယခုအခါတွင် ရေနံထွက်ရှိရာ နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ အိုမန်၊ ကာတာ၊ ဘာရိန်း စသည့်နိုင်ငံများအပြင် အာဏာရှင် နိုင်ငံတနိုင်ငံဖြစ်သည့် ဆီးရီးယားနိုင်ငံတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားနေပြီဖြစ်သည်။

ထိုဆန္ဒပြပွဲများကြောင့် တူနီးရှားနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည့် သမ္မတ ဘင်အလီ မိသားစု ဆော်ဒီအာရေဗျ နိုင်ငံသို့ ထွက်ပြေးခဲ့ရသကဲ့သို့ အီဂျစ် သမ္မတ ဗိုလ်ချုပ်ကြီး ဟော့စနီ မူဘာရက် လည်း ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။

လစ်ဗျားနိုင်ငံတွင်လည်း ပြီးခဲ့သည့်လကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့ပြီး ရေနံထွက်ရှိရာ ဘင်ဂါဇီမြို့အပါအ၀င် မြို့များစွာ ကို အတိုက်အခံများက သိမ်းပိုက်ခဲ့သည်။ သမ္မတ ဗိုလ်မှူးကြီး ဂဒါဖီကမူ ၎င်းတို့အား သစ္စာဖောက်များဟု စွပ်စွဲကာ လေယာဉ်၊ တင့်ကား စသည့် လက်နက်ကြီးများ သုံးစွဲကာပြင်းထန်စွာ နှိမ်နင်းခဲ့သည်။

ထိုသို့ လေကြောင်း အားသာချက်ကိုယူပြီး အပြစ်မဲ့ ပြည်သူများကိုပါ သတ်ဖြတ်နှိမ်နင်းသည့်အတွက် လစ်ဗျားနိုင်ငံအပေါ် လေကြောင်း မပျံသန်းရေးဇုန်သတ်မှတ်ရန် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများက တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ဒုံးပျံများ အသုံးပြုကာ ဗိုလ်မှူးကြီး ဂဒါဖီ သစ္စာခံတပ်များကို တိုက်ခိုက်နေပြီ ဖြစ်သည်။
Read more »

ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရန်ကုန် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ NEW WAY ဖိနပ် စက်ရုံ အလုပ်သမားများသည် ယနေ့နံနက် ၇ နာရီခွဲတွင် လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြခဲ့ကြသည်။

0147_shoe
အလုပ်သမား ဆန္ဒပြမှု ဖြစ်ပွားသည့် NEW WAY ဖိနပ်စက်ရုံ (ဓာတ်ပုံ - ဧရာဝတီ)
“၀န်ထမ်း ၅၀၀ လောက်ရှိနိုင်တယ်။ စက်ရုံရှေ့မှာ မတ်တတ်ရပ်သူရပ်၊ ထိုင်သူ ထိုင်ပေါ့။ တချို့ ၀န်ထမ်းတွေလည်း ဗိုလ်ချုပ်လမ်းပေါ်က ဈေးဆိုင်တွေမှာ တစ်ခုခု ထွက်စားပေါ့။ ဆူပူအုံကြွတာ၊ ရုန်းရင်းဆန်ခတ် ဖြစ်တာမရှိဘူး။ ဘယ်သူမှ လုပ်ငန်းခွင် မ၀င်ဘဲ စက်ရုံရှေ့မှာ နေနေတဲ့ သဘောပဲ” ဟု ဗိုလ်ချုပ်လမ်းပေါ်ရှိ ဈေးဆိုင်တဆိုင်က ပြောသည်။

ယမန်နေ့ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီက အဆိုပါ ဖိနပ်စက်ရုံ တာဝန်ရှိသူများနှင့် အလုပ်သမား ကိုယ်စားလှယ်များတို့ လုပ်ခလစာ တိုးမြှင့်ပေးရေး ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း၊ ယင်းနောက်တွင် ယခုကဲ့သို့ အလုပ်သမားများ လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြကြခြင်း ဖြစ်ကြောင်း သိရသည်။

“မနေ့က နေ့လယ် ၁၂ နာရီလောက်ကတည်းက ၀န်ထမ်းတွေကို စောစော ပြန်လွှတ်လိုက်တယ်။ ၀န်ထမ်းတွေကလည်း ဒီနေ့မနက် ၇ နာရီခွဲမှာ လုပ်ငန်းခွင် မ၀င်ဘဲ ဆန္ဒပြကြဖို့ အဲဒီကတည်းက တိုင်ပင်ထားကြတယ်” ဟု စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

ဆန္ဒပြနေချိန် ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် လှိုင်သာယာရဲစခန်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ရောက်ရှိလာပြီး စက်ရုံ ၀င်ပေါက်ထိပ် ဗိုလ်ချုပ်လမ်းမအား ၀ါးလုံးရှည်များဖြင့် ပိတ်ကာလိုက်ကာ တခြားခရီးသည်များ ဖြတ်သန်း သွားလာမှုကို ခွင့်မပြုတော့ပေ။

NEW WAY ဖိနပ်စက်ရုံ၌ အလုပ်လုပ်ခဲ့ဖူးသူ ၀န်ထမ်းဟောင်း တဦးက “စက်ရုံ တာဝန်ရှိတဲ့ တရုတ်တွေက ဆက်ဆံရေး ကောင်းသေးတယ်။ ကြီးကြပ်ရေးမှူးလုပ်တဲ့ မြန်မာဝန်ထမ်းတွေက ဆက်ဆံရေး အရမ်း ရိုင်းတယ်။ အလုပ် မရှိလို့  ထိုင် နေရင်တောင် ဟိုဘက် သည်ဘက် မလှည့်ရတို့၊ အချင်းချင်း စကားမပြောရတို့ အမြဲ ဆူပူ ကြိမ်းမောင်းနေတယ်။ ကိုယ့်  မြန်မာ အချင်းချင်းကို ပိုပြီး ဖိနှိပ်တယ်။ ဒါကြောင့်လည်း အခုလို ထဖြစ်တာ” ဟု ပြောသည်။

နံနက် ၉ နာရီခန့်တွင် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) တံဆိပ် တပ်ထားသည့် မာဇဒါဂျစ် တစီး စက်ရုံဝန်းအတွင်း ၀င်သွားခဲ့သည်။

“မယက တာဝန်ရှိသူတွေနဲ့ မြို့နယ် အလုပ်သမား ၀န်ကြီးဌာန တာဝန်ရှိသူတွေ ရောက်လာတယ်။ စက်ရုံထဲမှာ ဘာတွေ ညှိနှိုင်းကြတယ်ဆိုတာတော့ မသိပါဘူး။ မယက ကား ပြန်ထွက်သွားတာနဲ့ အလုပ်သမားတွေ စက်ရုံထဲ ပြန်ဝင်သွားကြတယ်” ဟု ဆိပ်ကမ်းသာလမ်းရှိ ဈေးသည်တဦးက ဆိုသည်။

NEW WAY စက်ရုံမှူး အပါအ၀င် မယကများနှင့် မြို့နယ် အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများတို့ ယနေ့နံနက် ၁၀ နာရီ ကတည်းက အလုပ်သမား ကိုယ်စားလှယ်များနှင့် စက်ရုံ အပေါ်ထပ်ရုံးခန်းတွင် ညှိနှိုင်းခဲ့ကြရာ အလုပ်သမား ကိုယ်စားလှယ် များ တောင်းဆိုထားသည့် ယခုမတ်လကုန်တွင် လုပ်ခလစာကို ၀န်ထမ်းတစ်ဦး ၆၀၀၀ ကျပ် တိုးပေးရန်ဆိုသည့်အချက် အပါအဝင် တခြားသော အချက်များကို စက်ရုံ တာဝန်ရှိသူများက လိုက်လျောလိုက်ကြောင်း သိရသည်။

အလုပ်သမားများအတွက် သောက်ရေကို ယခင်က ဂျိုးဖြူပိုက်မှလာသည့် ရေဖြင့်သာ အသုံးပြုခဲ့သော်လည်း ယခုအခါ သောက်ရေသန့်ဘူးများ ဖြည့်ပေးမည်ဟု ကတိနှင့် ယခင်က အလုပ်သမား ၃၀ အတွက် အိမ်သာ အသုံးပြုခွင့် ကတ် ၁ ကတ်သာ ထုတ်ပေးပြီး တဦးလျှင် ထိုကတ်ကို ၁၀ မိနစ်သာ အသုံးပြုခွင့် ပေးခဲ့ရာမှ ယခုအခါ အဆင်ပြေစေရန် ဆောင်ရွက် ပေးမည်ဆိုသည့် ကတိများကိုပါ ရရှိခဲ့ကြောင်း အလုပ်သမားတဦးက ပြောပြသည်။

စက်ရုံ၏ ပုံမှန် အလုပ်ချိန်သည် နံနက် ၇ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ဖြစ်ပြီး အလုပ်ချိန်ထက် ၅ မိနစ်နောက်ကျ ၀င်ပါက သတိပေးခံရခြင်းများ ရှိကြောင်း၊ အလုပ်ချိန်အတွင်း အိပ်ငိုက်ခြင်း၊ အစာ စားသောက်ခြင်း၊ အလုပ်မရှိပါက သင့်လျော်ရာ နေရာ၌ လဲလျောင်းခြင်း၊ စကားပြောခြင်းတို့ကို စက်ရုံက ခွင့်မပြုကြောင်း၊ အဆိုပါ စည်းကမ်းချက်များကိုလည်း စက်ရုံက လျှော့ပေးသွားမည်ဆိုသည့် ကတိစကားများ ရခဲ့ကြောင်း သူကဆိုသည်။

NEW WAY စက်ရုံမှူး အပါအ၀င် တာဝန်ရှိသူတို့၏ အထက်ပါ ကတိကို အစိုးရအဖွဲ့ တာဝန်ရှိသူတို့ ရှေ့မှောက်တွင် ရရှိခဲ့ခြင်းကြောင့် ၀န်ထမ်းများအနေဖြင့် မနက်ဖြန်နံနက်တွင် အလုပ်ပြန်ဆင်းကြမည်ဟု အလုပ်သမားတဦးက ပြောသည်။

ညှိနှိုင်းမှု ပြီးစီးသည့်နောက် စက်ရုံအတွင်း လုပ်ငန်းခွင် ပြန်ဝင်နေသော အလုပ်သမားများအား ယခင် အလုပ်ပြန်ချိန် ၃ နာရီ ခွဲထက် စော၍ နေ့လယ် ၁ နာရီခွဲ ကတည်းက ပြန်လွှတ်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က လုပ်ငန်းခွင် မ၀င်ဘဲ ၃ ရက်ဆက်တိုက် ဆန္ဒပြခဲ့သော တိုင်ရီ ဖိနပ်စက်ရုံ ၀န်ထမ်းတို့သည်လည်း တလလျှင် ၁၂၀၀၀ ကျပ် တိုးမြှင့် ရရှိကြမည် ဖြစ်သည်။

NEW WAY စက်ရုံသည် လှိုင်သာယာ စက်မှုဇုန် ၄ တွင် ယခုလအတွင်း ဒုတိယမြောက် ဆန္ဒပြသည့် စက်ရုံဖြစ်သည်။

“မတ်လအတွက် လစာကို ဧပြီ ၅ ရက်နေ့မှ ရမှာဆိုတော့ အဲဒီနေ့ကျမှ လစာ ၆၀၀၀ တကယ် တိုးပေး မပေး သိရမှာပါ။ကတိထဲမှာ အစိုးရ ရုံးပိတ်ရက်နဲ့ မသက်ဆိုင်တဲ့ စက်ရုံ အလုပ်ပိတ်ရက်ကလွဲလို့ တနှစ်လုံး အလုပ်ပျက်ကွက်မှု မရှိတဲ့သူကို ဆုငွေ ၂၀၀၀၀ ကျပ် ချီးမြှင့်မယ် ဆိုတဲ့ကတိလည်း ရတယ်။ ဒါပေမယ့် အဲဒါကိုတော့ ဘယ်သူမှ စိတ်မဝင်စားဘူး” ဟု NEW WAY ဖိနပ်စက်ရုံ အလုပ်သမား တဦးက ဆိုသည်။

ညှိနှိုင်းမှု ပြီးစီး၍ အလုပ်သမားများ စက်ရုံတွင်း ပြန်ဝင်သွားကြသော်လည်း ရဲ၊ မီးသတ်နှင့် လုံခြုံရေးဝန်ထမ်း ၂၀ ခန့်တို့မှာ စက်ရုံဝန်းကျင်၌ ဆက်လက် စောင့်ကြည့်နေကြသည်။ စကားပြောစက်ကိုင် လုံခြုံရေး ၅ ဦးခန့်မှာ ညနေ ၄ နာရီခန့်အထိ စက်ရုံဝန်းကျင်တွင် ရှိနေဆဲဖြစ်သည်။

NEW WAY ဖိနပ် စက်ရုံကို တရုတ် - မြန်မာ လုပ်ငန်းရှင်များ ဖက်စပ် ပိုင်ဆိုင်ပြီး ၀န်ထမ်း ၁၀၀၀ ကျော်အလုပ် လုပ်လျက် ရှိကာ စက်ပိုင်းဆိုင်ရာနှင့် လုံခြုံရေး အမျိုးသားဝန်ထမ်း ဆယ်ဂဏန်း မျှသာ ရှိသည်။ ကျန်ဝန်ထမ်းများမှာ အမျိုးသမီးများ ဖြစ်ကြသည်။

“NEW WAY  ဖိနပ်စက်ရုံ အမျိုးသမီး ၀န်ထမ်းတွေက ခုလို စုပေါင်းအရေးဆိုတဲ့ နေရာမှာ အရမ်းလူညီတယ်။ တခြား စက်ရုံတွေက အကူအညီ လာတောင်းရင်တောင် သူတို့က အင်အား သွားပေါင်းတာမျိုးတွေ ရှိတယ်” ဟု OPAL အထည်ချုပ် စက်ရုံ ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါစက်ရုံသည် ၀န်ထမ်းများ ဆန္ဒပြ အရေးဆိုမှု မကြခဏ ဖြစ်ပွားလေ့ရှိပြီး ထိုသို့ ဖြစ်ပွားပါက ၀န်ထမ်းများအား ပုံမှန် အလုပ်ဆင်းချိန် ညနေ ၃ နာရီခွဲထက် စော၍ ဆင်းပေးလေ့ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ လခန့်ကလည်း န၀ဒေးလမ်း ဟိန်းလှိုင် ဖိနပ်စက်ရုံတွင် စက်ရုံမှူးက စက်ပြင်ဆရာ တဦးအား ခြေထောက်ဖြင့် ကန်ကျောက်၍ အလုပ်စေခိုင်းသဖြင့် မြန်မာဝန်ထမ်း စက်ပြင်ဆရာက သံတုတ်ဖြင့် ပြန်လည် ရိုက်နှက်ခဲ့သည့် အမှုအခင်း တရပ် ဖြစ်ပွားခဲ့သေးသည်။
Read more »

Friday, 18 March 2011

ဒေ၀ူးမှ ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို မေလတွင် အပြီးသတ်တည်ဆောက်မည်


3/19/2011 (နိရဉ္စရာ သတင်း)
နအဖစစ်အစိုးရ၏ သဘောတူညီမူဖြင့် တောင်ကိုးရီယား ဒေ၀ူးမှ တည်ဆောက်နေသော ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို ၂၀၁၁ ခုနှစ် မေလ အတွင်း အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Kyauk-Pru-Jetty-construction ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို တည်ဆောက် နေစဉ်။
အဆိုပါ ဆိပ်ကမ်းရှိ တံတားဟောင်းကို ယခုအခါ ဖြိုဖျက်ပြီး တံတား အသစ် တည်ဆောက်နေပြီ ဖြစ်ကြောင်းကို ကျောက်ဖြူဒေသခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ တံတားကို စတင် တည်ဆောက်နေပါပြီ။ အရင်တံတား အဟောင်းကို သူတို့ဖြိုချပြီး အသစ် တည်ဆောက်တာပါ။ အဲဒီ ဆိပ်ကမ်း စီမံကိန်းအတွက်လည်း ဆိုင်ခန်းတွေကို အတင်း ဖြိုဖျက် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီဆိုင်ခန်းတွေကို ငလပွေ့ချောင်းကမ်းထဲမှာ နေရာပေးတဲ့ အတွက် အခုတော့ ဆိုင်ပိုင်ရှင်တွေလည်း အဆင်မပြေ ဖြစ်နေကြပါတယ်” ဟု သူက ပြောသည်။

အဆိုပါ ကျောက်ဖြူ အမှတ် (၁) ရှိ ဆိုင်ခန်းများကို အစပိုင်းက လျော်ကြေး တစုံတရာ မပေးဘဲ အာဏာပိုင်များက ဖြိုဖျက်ခဲ့သဖြင့် ဆိုင်ပိုင်ရှင်များက မကျေနပ်၍ အထက်ကို စာရေး တိုင်ကြားခဲ့ရာမှ နောက်ပိုင်းတွင် လျော်ကြေး အနည်းငယ်ပေးပြီး ငလပွေ့ချောင်းကမ်းထဲ အတင်းပြောင်းရွှေ့ ပစ်ခဲ့သည်။
Kyauk-Pru-Jetty-construction ကျောက်ဖြူ အမှတ် (၁) ဆိပ်ကမ်းကို တည်ဆောက် နေစဉ်။
ယခု ဆိပ်ကမ်းကို တည်ဆောက်ပြီးစီးပါက ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းအတွက် သင်္ဘောများ အဓိက ၀င်ထွက် ဆိပ်ကပ်သွားလာမည် ဖြစ်ကြောင်း သိရသည်။

“ အခု လောလောဆယ်တော့ လူထုတွေ အငြိုအငြင် မဖြစ်ရအောင် လူထုပိုင် ခရီးသည်နဲ့ ကုန်တင် သင်္ဘောတွေကိုလည်း ၀င်ထွက်သွားလာခွင့်ပြုမယ်ဆိုပီး သူတို့က သတင်း လွှင့်ထားပါတယ်။ အဓိကတော့ ဒီဆိပ်ကမ်းကို ရွှေသဘာဝ စီမံကိန်းအတွက် တည်ဆောက်တာဆိုတော့ သူတို့ သင်္ဘောတွေ ကပ်တာနဲ့ဘဲ တခြား သင်္ဘောတွေ ကပ်လို့ ရကြမှာ မဟုတ်ပါဘူး။ သင်္ဘော ဆိပ်ကမ်း ဟောင်းကို မတည်ဆောက်ဘဲ နှစ်အကြာကြီး ပိတ်ထားပြီး အခုမှ တည်ဆောက်တယ်ဆိုတော့ သူတို့ အကျိုးစီးပွား အတွက် ရည်ရွယ် တည်ဆောက်တာ ဖြစ်ပါတယ်။ လူထု အတွက် မဟုတ်ပါဘူး” ဟု သူက ဆက်ပြောသည်။

ဆိပ်ကမ်းရှိ ယခင် အလျားမီတာ ၂၀ ရှိသော တံတားအဟောင်း နေရာတွင် အလျား မီတာ ၈၀ အရှည်ထိ ဆိပ်ခံတံတားကို တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။ ဆိပ်ကမ်းကို ၂၀၁၀ စက်တင်္ဘာလမှ စတင် အကောင်အထည်ဖေါ် တည်ဆောက်နေခြင်း ဖြစ်သည်။



Read more »

Sunday, 13 March 2011

ဂျပန် ဆူနာမီ


Read more »

Wednesday, 9 March 2011

လှိုင်သာယာတွင် အလုပ်သမားများ ဆန္ဒပြ


 
 

ဘန်ကောက် (မဇ္ဈိမ) ။        ။ သဘောမတူသော အချိန်ပိုခိုင်းစေမှုကြောင့် အလုပ်သမားများ ဆန္ဒပြမှုတရပ် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တိုင်ရီသားရေစက်ရုံ၌ အင်္ဂါနေ့တွင် စတင်ဖြစ်ပွားလျက်ရှိသည်။

စက်မှုဇုန် ၃၊ ဖန်ချက်ဝန် ဦးရွှေအုံးလမ်းရှိ ပင်မစက်ရုံနှင့် စက်ရုံခွဲတခုရှိ လုပ်သား ၃ ထောင်နီးပါး တပြိုင်တည်း လစာဖြတ်ခံရမှုနှင့် အချိန်ပိုခိုင်းစေမှုအပေါ် မကျေနပ်၍ ဆန္ဒပြနေကြောင်း အလုပ်သမားများကို ကူညီနေသူ ကိုသန်းက မဇ္ဈိမက ပြောသည်။

“အဓိကက အချိန်ပို ပြန်ခိုင်းဖို့ ကြိုးစားတာ ပါတယ်၊
urgent7
၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် လှိုင်သာယာ စက်မှုဇုန် ၃ရှိ အလုပ်သမားများ ဆန္ဒပြနေပုံ (ဓါတ်ပုံ မဇ္ဈိမ)
နောက်တခုက လစာဖြတ်တဲ့ပုံ မကြိုက်တာ ပါတယ်” ဟု ကိုသန်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီလကုန်တွင် တိုင်ရီ Tai Yi အလုပ်သမားများက အချိန်ပို အလုပ်ချိန်လျှော့ချရန် ဆန္ဒပြခဲ့ရာ စက်ရုံ တာဝန်ခံများနှင့် ညှိနှိုင်းမှုအရ အချိန်ပိုအလုပ်ချိန်ကို ည ၈ နာရီအထိသာ သတ်မှတ်ရန် လျှော့ပေးခဲ့ပြီး၊ အလုပ်ပိတ်ရက်များ၌ အလုပ်သမားများ၏ ဆန္ဒမပါဘဲ အလုပ်စေခိုင်းမှု မပြုလုပ်ရန် သဘောတူညီခဲ့ပြီး ဖြစ်သည်။

သို့သော် ကိုရီးယားလူမျိုးပိုင် တိုင်ရီတွင် ည ၉ နာရီအထိ အချိန်ပိုအဖြစ် ပြန်သတ်မှတ်မည်ဟု ဖေဖော်ဝါရီလကုန်တွင် ကြေညာခဲ့ရာမှ ဆန္ဒပြမှု ပေါ်ခဲ့ရသည်ဟု အလုပ်သမားများက ဆိုသည်။ ပုံမှန်အလုပ်ချိန်ကို မနက် ၇ နာရီ ၂ဝ မိနစ်မှ ညနေ ၅ နာရီအထိ သတ်မှတ်ထားသည်။

ဗုဒ္ဓဟူးနေ့ နေ့လည်တွင် စက်မှုဇုန် အလုပ်သမားဥပဒေ စိစစ်ရေးဌာန အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက်ဖြေရှင်းရန် ကြိုးပမ်းသော်လည်း ပြေလည်မှု မရနိုင်သေးဘဲ ဖြစ်နေသည်။

စက်ရုံတွင် သားရေများကို ကြိတ်ရသဖြင့် ထွက်ရှိလာသော အမှုန်အမွှားများက ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု အလုပ်သမားရေးရာ ဆောင်ရွက်နေသူများက ဝေဖန်ကြပြီး အလုပ်သမားများအတွက် နာရီများစွာ အချိန်ပိုလုပ်ရန် မသင့်တော်ဟု ပြောသည်။

မဇ္ဈိမက တိုင်ရီသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆန်သည်။
Read more »

ရခိုင် လက်နက်ကိုင်အဖွဲ့နှင့် နအဖတပ် တိုက်ပွဲဖြစ်


 
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (ALA) နှင့် နအဖ အစိုးရတပ်များ အိန္ဒယ-မြန်မာနယ်စပ်၌ ယမန် နေ့ကစပြီး တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြရာ နအဖတပ်မှ အရာရှိတဦးနှင့် တပ်သားတချို့ ကျဆုံးကြောင်း သိရသည်။

ALA-Group
ALA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ခွန်းတိုင်းသက်သိ)
ကျဆုံးသူများမှာ ဗိုလ်ကြီးအဆင့်တဦးနှင့် ရဲဘော်၂ ဦးဟု သိရကြောင်း၊ ဒဏ်ရာရသူလည်း ၂ ဦးရှိကြောင်း၊ အမည်နှင့်  အသေးစိတ် အချက်အလက်များကို စုံစမ်းနေဆဲဖြစ်ကြောင်း ALA ၏ ပလက်ဝမြို့နယ်ရောက် ရှေ့တန်းစစ်ကြောင်းမှ ဗိုလ်ကြီး စိုးနိုင်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲသည် အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော ရခိုင်နှင့်ချင်းပြည်နယ်စပ်ရှိ ပလက်ဝမြို့နယ်၏ တရန်အိုင်ကျေးရွာအနီး၌ ဖြစ်ပွားနေကြောင်း၊ ALA ဘက်မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေကြောင်း၊ နအဖ ဘက်မှ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ တပ်ရင်းများဖြစ်သော ခြေလျင်(ခလရ) တပ်ရင်း ၅၅၊ ခလရ ၂၃၂ နှင့် ခြေမြန်(ခမရ)တပ်ရင်း ၅၃၈ အပါအ၀င် တပ်ရင်း ၆ ရင်းတို့ဖြင့် ထိုးစစ်ဆင်နေပြီး ယနေ့ နံနက်ပိုင်းတွင် ခလရ ၂၆၃ ထပ်မံ စစ်ကူရောက်လာ၍ ALA ရှိရာ နေရာများကို လိုက်လံ တိုက်ခိုက်နေကြောင်း ဗိုလ်ကြီး စိုးနိုင်က ဆိုသည်။

“တိုက်ပွဲက မနေ့က တရက်တည်းမှာ သုံးကြိမ်ရှိနေပြီ၊ ဒီနေ့လည်း ဆက်တိုက်နေဆဲပါ၊ နအဖ ဘက်က ကျဆုံးတာကို အတိ အကျ ပြောနိုင်တာက အနီးကပ် စောင့်ကြည့်နေတဲ့ ကျနော်တို့ လူတွေဆီက သတင်းရတာဖြစ်ပါတယ်”ဟုလည်း ၎င်းက ပြော ဆိုသည်။

နအဖဘက်မှ တပ်သား ဦးရေ ထောင်ချီ၍ ထိုးစစ်ဆင်နေပြီး ALA ဘက်မှ ပြောက်ကျား စနစ်ဖြင့် ပြန်လည်ခုခံနေရရာ ယခု အချိန်အထိ ထိခိုက်ဒဏ်ရာရသူ မရှိသေးဟု ဗိုလ်ကြီးစိုးနိုင်က ဆက်လက် ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပလက်ဝ မြို့နယ်အတွင်းမှ မြရိတ်ဝကျေးရွာ၊ စတင်ဝ၊ ပကာဝ၊ ပုန်ညင်းဝ၊ အုန်းသီဝ၊ ပေါက်တူဝ၊ ဖွေလိပ်ဝ စသည့် ကျေးရွာများမှ ဒေသခံများကို ပေါ်တာ အဖြစ် အဓမ္မ ခေါ်ယူပို့ဆောင်နေသည့်အပြင် နအဖ တပ်များအတွက် ၄ ရက်စာ ရိက္ခာများကိုပါ သယ်ပေးရကြောင်း သိရသည်။

ယခုတိုက်ပွဲသည် ALA နှင့် နအဖ တပ်တို့အကြား ယခုနှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ဇန်န၀ါရီလ ၃ ရက်နေ့က ပထမအကြိမ် ဖြစ်ပွားခဲ့သည်။

ပထမအကြိမ် တိုက်ပွဲ တိုက်ခိုက်ရခြင်းမှာ ဇန်န၀ါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် လွတ်လပ်ရေးနေ့သည် စစ်အစိုးရအတွက် သာဖြစ်ပြီး တခြားသော တိုင်းရင်းသားများ၊ ပြည်သူများအတွက် လွတ်လပ်ရေးမရသေး၍ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ALA ၏ ဗဟိုအဖွဲ့ဝင် ကိုခိုင်သုခ က ပြောသည်။

ရခိုင်တိုင်းရင်းသားများအပြင် တခြားသောတိုင်းရင်းသား အားလုံးနှင့်ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ကိုယ်ပိုင်လွတ် လပ်ခွင့် နှင့် တန်းတူ အခွင့်အရေးရရှိရေး တို့ကို ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ALA နှင့် နအဖ တပ်တို့သည် ပလက်ဝ မြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

နအဖ တပ်များကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှစ၍ နယ်စပ် တလျှောက်၌ ဖြန့်ချထားကြောင်း၊ နယ်စပ်တွင်လှုပ်ရှားနေကြသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို အပြီးပြတ်ချေမှုန်းရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း ဗိုလ်ကြီး စိုးနိုင်က ပြောသည်။

ALA သည် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်၌ အခြေပြုကာ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့် တခုတည်းသော ရခိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။
ALA ကို ၁၉၇၃ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်၌ တည်ထောင်ခဲ့ပြီး အိန္ဒိယနိုင်ငံ၌ အခြေစိုက်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် အိန္ဒယ နယ်စပ်တို့တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်လည်း ၂၀၁၀ နိုဝင်ဘာ ၇ ရက် နှင့် ၈ ရက်နေ့များမှစ၍ မြ၀တီနှင့် ကော့ကရိတ်မြို့နယ်များအတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)နှင့် စစ်အစိုးရ တပ်များသည် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ထို့အတူ တိုင်းရင်းသား ဒေသများဖြစ်သော ရှမ်းပြည်နယ် နှင့် ကချင်ပြည်နယ်များ၌လည်း နအဖ စစ်အစိုးရ တပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား စစ်ရေး တင်းမာမှုများ ရှိနေသည်။

စစ်အစိုးရ က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အပြီးသတ်ချေမှုန်းရေးအတွက် စားနပ်ရိက္ခာအရင်းအမြစ်ကို ဖြတ် တောက်ခြင်း၊ ဘဏ္ဍာငွေအရင်းအမြစ် များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း ဆိုသည့် ဖြတ်လေးဖြတ်အစီအစဉ်ဖြင့် အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းများအရ သိရသည်။
Read more »

Sunday, 6 March 2011

ဗိုလ်ချုပ်မှူးကြီး အထူး ဘတ်ဂျက်သုံးစွဲခွင့် အာဏာ မိမိကိုယ်ကိုယ် အပ်နှင်း


 
ရွေးကောက်ပွဲ ကျင်းပပြီးစီး၍ လွှတ်တော်များ ခေါ်ယူကျင်းပ နေသည်မှာ တလရှိသည့်တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဥပဒေများ ပြဋ္ဌာန်းရန် အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားဆဲ ဖြစ်သည်။

Gen-Than-Shwe-030411
၂၀၁၁ ဇန်နဝါရီလ ၄ ရက်နေ့က ကျင်းပသော ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - AP)
မကြာသေးမီက ထုတ်ပြန်သည့် ဥပဒေများအနက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ဇန်နဝါရီလ ၂၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ပြီး ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အစိုးရဌာနများသို့ ဖြန့်ဝေသည့် “အထူးရန်ပုံငွေ ဥပဒေ” တွင် တိုင်းပြည်၏ ဝင်ငွေများကို နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ခေါင်းစဉ်အောက်တွင် ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် စိတ်ကြိုက်သုံးစွဲခွင့်ပြုထားသည်။ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ပင် ဖြစ်သည်။

ဧရာဝတီက လက်ခံရရှိသည့် စာမျက်နှာ ၂ မျက်နှာပါ အဆိုပါဥပဒေအရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် အထူးရန်ပုံငွေကို ပြည်တွင်းသုံးငွေ သို့မဟုတ် နိုင်ငံခြားသုံးငွေဖြင့် အစစ်အဆေး အမေးအမြန်းမရှိ သုံးစွဲနိုင်ကြောင်း သိရသည်။

အခန်း (၃) အပိုဒ် (၅) ပါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်၌ တို့တာဝန် အရေးသုံးပါးအတွက် တာဝန်များ ထမ်းဆောင်ရာတွင် “အထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ခြင်း ခံယူရန် မလို” ဟု ဖော်ပြထားသည်။

မတ်လကုန်တွင် ကျရောက်လေ့ရှိသော ဘဏ္ဍာရေးနှစ်ကုန်မှသာ နှစ်စဉ် အထူးရန်ပုံငွေ အသုံးစရိတ်ကို နိုင်ငံတော် သမ္မတထံ ရှင်းလင်းတင်ပြရမည်ဟု ဥပဒေက ဆိုသည်။

အထူးရန်ပုံငွေဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန်၊ ပြည်တွင်းပြည်ပ အန္တရာယ်များမှ ကာကွယ်ရန်နှင့် အထူးလိုအပ်သည်များကို သုံးစွဲရန်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးရန်ပုံငွေဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်နှင့် စစ်တပ်သည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အစိုးရ အသုံးစရိတ်စုစုပေါင်းမှ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ၂၅ ရာခိုင်နှုန်းကျော်ကို သုံးစွဲလိမ့်မည် ဖြစ်သည်။

မတ်လ ၁ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံတော် ပြန်တမ်းအရ ယခုဘဏ္ဍာရေးနှစ်အတွက် လျာထားချက်တွင် စစ်သုံးစရိတ်မှာ ကျပ် ၁.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂ ထောင်) ဖြစ်ပြီး စုစုပေါင်း ဘတ်ဂျက်၏ ၂၃.၆ ရာခိုင်နှုန်းအထိ ရှိသည်။

ကျန်းမာရေးအသုံးစရိတ်မှာ ကျပ် ၉၉.၅ ဘီလီယံ (ဒေါ်လာ သန်း ၁၁ဝ) သာရှိပြီး ၁.၃ ရာခိုင်နှုန်းသာရှိသည်။ ပညာရေးအသုံးစရိတ်မှာ ဒေါ်လာ သန်း ၃၅၀ လျာထားပြီး ၄.၁၃ ရာခိုင်နှုန်းဖြစ်သည်။

၂၀၁၁-၂၀၁၂ တွင် နအဖအစိုးရ ရုံးစရိတ်အတွက် ကျပ် ဘီလီယံ ၂၀ (ဒေါ်လာ ၂၂ သန်း) လျာထားသောကြောင့် အစိုးရသစ် ပေါ်ပေါက်လာသည့်တိုင် နအဖအဖွဲ့ကို ဖျက်သိမ်းမည် ဟုတ် မဟုတ် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

ယခုကျင်းပနေသည့် လွှတ်တော်များတွင်လည်း စစ်တပ်မှ စေလွှတ်သော ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့ကသာ လွှမ်းမိုးထားသည်။

လွှတ်တော်အသီးသီးတွင် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော်အခွင့် အရေးကော်မတီနှင့် အစိုးရအာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီ ဟူ၍ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီတခုလျှင် အဖွဲ့ဝင် ၁၅ ဦးသတ်မှတ်ထားပြီး ကြံ့ဖွံ့ပါတီမှ ၁၀ ဦးနှင့် တခြားပါတီမှ ၅ ဦး ပါဝင်မည်ဖြစ်သည်။

ယနေ့အထိ ဥပဒေကြမ်းကော်မတီနှင့် ငွေစာရင်းကော်မတီတို့ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရသည်။

“လုံခြုံရေးကလည်း တင်းကျပ်တယ်။ ပြည်ခိုင်ဖြိုးအမတ်တွေတောင် အကျယ်ချုပ်ကျနေသလို ခံစားရတယ်လို့ ပြောကြတယ်” ဟု မန္တလေးမှ ကြံ့ဖွံ့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောသည်။
Read more »

တိုင်းရင်းသား တပ်ဖွဲ့များကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းမည်


 
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ဒေသများကို ဖြတ်လေးဖြတ် အစီအစဉ်ဖြင့် ချေမှုန်းရန် စစ်အစိုးရခေါင်းဆောင်များက ညွှန်ကြားထားကြောင်း သိရသည်။

20880-Karen
၂၀၁၀ ဇန်နဝါရီလအတွင်းက ဆေးစစ်ဆေး ကုသမှုခံယူရန် စောင့်ဆိုင်းနေသည့် စစ်ပြေးဒုက္ခသည် ကရင် အမျိုးသမီးများနှင့် ကလေးငယ်များ (ဓာတ်ပုံ - AP)
၁၉၇၀ ပြည့်နှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့အပေါ် ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလခေတ် အစိုးရ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများတွင် စတင်ကျင့်သုံးခဲ့သော ဖြတ်လေးဖြတ် အစီအစဉ်မှာ လက်နက်ကိုင်အဖွဲ့များ၏ စားနပ်ရိက္ခာ အရင်းအမြစ်ကို ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်များကို ဖြတ်တောက်ခြင်း၊ သတင်းအရင်းမြစ်ကို ဖြတ်တောက်ခြင်းနှင့် တပ်ဖွဲ့ဝင်သစ် မစုဆောင်းနိုင်ရန် ဖြတ်တောက်ခြင်း တို့ဖြစ်သည်။

ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် ယင်းဖြတ်လေးဖြတ်အစီအစဉ်ကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ရုံးက သက်ဆိုင်ရာ စစ်ဌာနချုပ်များသို့ ညွှန်ကြားထားကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါ စစ်ဘက်ဆိုင်ရာ သတင်းများအရ ဖြတ်လေးဖြတ်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ဆက်သွယ်ရေးလမ်းကြောင်းများကိုပါ ဖြတ်တောက်မည့် အစီအစဉ်လည်း ထပ်တိုးထားသည်ဟု ဆိုသည်။

တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ဖြတ်လေးဖြတ် အစီအစဉ်သည်  ကုန်းအတွင်းပိုင်း ဒေသများ၌ ကျင့်သုံးအောင်မြင်ခဲ့ကြောင်း၊ သို့သော် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် နယ်စပ်ဒေသများတွင် အခြေစိုက်လှုပ်ရှားသောကြောင့် ထိရောက်နိုင်ဖွယ် မရှိကြောင်း ပြောသည်။

“ဖြတ်လေးဖြတ် အစီအစဉ်က ကုန်တွင်းပိုင်းမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို စစ်ရေးဆင်နွှဲဖို့ စီမံထားတဲ့ မဟာဗျူဟာပါ။ အထူးသဖြင့် ပဲခူးရိုးမမှာ လှုပ်ရှားနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ KNU ကို တိုက်ဖို့ပါပဲ။ ဒါပေမယ့် အခု ပစ်မှတ်ထားနေတဲ့ တိုင်းရင်းသားအုပ်စုတွေက တရုတ်-မြန်မာနယ်စပ်၊ ထိုင်း-မြန်မာနယ်စပ်တွေမှာ လှုပ်ရှားနေကြတာ” ဟု ဦးအောင်ကျော်ဇောက ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ကွပ်ကဲမှု နယ်မြေအလိုက် ဆက်သွယ်ရေး လမ်းကြောင်းများအား ဖြတ်တောက် ပိတ်ပင်ခြင်း၊ လူနှင့် စားသုံးကုန် ပစ္စည်းများ မ၀င်ရောက်စေရန် တားဆီးခြင်း၊ ကွပ်ကဲမှု နယ်မြေများအလိုက် အ၀င်အထွက်လမ်းများတွင် တပ်၊ ရဲ၊ ပြည်သူ့စစ် (ပသစ) တို့ ပူးပေါင်း၍ ပိတ်ဆို့ ရှာဖွေ တားဆီးခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းဆက် သွယ်နိုင်မည့်လမ်းကြောင်းများကိုလည်း ဖြတ်တောက်ပိတ်ဆို့ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် လက်နက်ကိုင်အဖွဲ့များ ၀င်ထွက်သွားလာနိုင်သော နေရာများကို လှုပ်ရှားစစ်ကြောင်းများဖြင့် နယ်မြေ စိုးမိုးရန်နှင့် ကင်းပုန်းဝပ်ခြင်း၊ ကွပ်ကဲမှု နယ်မြေအလိုက် သတ်မှတ်နယ်မြေအတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ သတင်းအား ရယူခြင်း၊ ရန်သူ့ အမာခံများကို ရှင်းလင်း ဖော်ထုတ် ဖမ်းဆီးခြင်းလည်း ပါဝင်ကြောင်း သိရသည်။

ဖြတ်လေးဖြတ် အစီအစဉ်ကြောင့် တိုင်းရင်းသားဒေသများတွင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ ရွာမီးရှို့ခြင်း၊ သတ်ဖြတ်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာအကဲခတ်သူများက ပြောသည်။

စစ်အရာရှိဟောင်း ဗိုလ်ထက်မင်းက “စစ်အစိုးရက ဖြတ်လေးဖြတ် အစီအစဉ်ကို ပြန်ပြီး မွမ်းမံထားတာပါ။ ကျနော် တပ်ထဲမှာ ရှိတုန်းကဆို ဒီလို သံသယရှိတဲ့ ရွာသားတွေကို မောင်းထုတ်ပြီး ရွာတွေကို မီးရှို့ပစ်တာကို တံမြက်စည်းလှည်းတယ် လို့ ခေါ်ပါတယ်” ဟု ပြောသည်။

ယခု အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံနေသော ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က မြန်မာပြည်အရှေ့ဘက်ခြမ်းတွင် အကြီးအကျယ် ပြောင်းရွှေ့နေရာချထားခြင်းများသည် ဖြတ်လေးဖြတ် အစီအစဉ်နှင့် ပတ်သက်နေကြောင်း၊ ၁၉၉၀ နှစ်များအတွင်းက စစ်ရုံးမှ တိုက်ရိုက်ညွှန်ကြားသည့် အကုန်ရှင်းရေး မူဝါဒ (No Man’s Land Policy) ဖြစ်ကြောင်း ပြောသည်။

No Man’s Land Policy ဆိုသည်မှာ စစ်ဆင်ရေး ဧရိယာအတွင်းတွင် တွေ့ရသော ကလေးလူကြီး မကျန်ကို သတ်ဖြတ်ပစ်ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။  

နအဖ စစ်အစိုးရက ဖြတ်လေးဖြတ် ပြုလုပ်ရန် ညွန်ကြားချက်ထွက်ပေါ်ချိန်တွင် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်းသွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင်နေသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်းတွင် ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းနှင့် သံချပ်ကာ ကား ၂၀ ကျော်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းက တိုးချဲ့ချထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ အထူး ဒေသ (၄) အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေးယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးကို ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန်ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေသည်။
Read more »