Sunday 7 November 2010

စစ်တွေတွင် ရတပမှ ကြံ့ခိုင်ရေးကို မဲအသာစီးဖြင့် အနိုင်ရနေ

11/7/2010
(နိရဉ္စရာ သတင်း)
ရခိုင်ပြည်နယ် စစ်တွေ မြို့ပေါ် ရပ်ကွက်များတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲအသာစီးဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် တချို့တွင် ရေတွက်ပြီးစီးသွားသော မဲအရေအတွက်အရ ရတပပါတီ အနိုင်ရရှိသော ရပ်ကွက်များမှာ ကျေးပင်ကြီး၊ ပြည်တော်သာ၊ ရူပတောင်၊ ကျောင်းတက်လမ်း၊ ဘောင်ဒွတ်သားစု၊ ဓည၀တီ၊ ရွာကြီးမြောက်၊ ဆတ်ရိုးကျနှင့် အနောက်စံပြ ရပ်ကွက်များ ဖြစ်ကြသည်။

အမည်မဖေါ်လိုသူ မဲကော်မရှင် တစ်ဦးက ရတပ ပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရရှိသော မဲအရေအတွက်ကို ယခုကဲ့သို့ ပြောသည်။

“ ဘောင်းဒွတ်သားစု ရပ်ကွက်မှာ လွှတ်တော် အမတ် နေရာ သုံးခုစလုံးမှာ ရတပပါတီက တစ်နေရာစီမှာ မဲ ၈၃၅ မဲစီ ရရှိပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၁၃၄ မဲသာ ရရှိပါတယ်။ ကုန်တန်း ရပ်ကွက်မှာ ရတပ ပါတီက ၆၆၁ မဲ ရရှိပြီး ကြံ့ဖွံ့ပါတီက ၅၁ မဲသာ ရရှိပါတယ်။ ရွာကြီးမြောက်တွင် ရတပက ၄၂၇ မဲရရှိပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၇၀ ရပါတယ်။ ရူပ မြောက်မှာဆိုရင် ရတပ ပါတီက ၇၀၀ ရပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၉၀ ရရှိပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ပြင် ရေချမ်းပြင်တွင် ရတပမှ ၃၈၉ ရရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ၁၈၉ မဲ ရရှိသည်။

ပြည်တော်သာ ရပ်ကွက်တွင် အမျိုးသား လွှတ်တော်တွင် ရတပမှ ဒေါက်တာအေးမောင်က ၃၃၈ မဲ ရရှိပြီး ကြံ့ခိုင်ရေးမှ ဒေါက်တာ ချမ်းသာ ၂၀၀ မဲ ရရှိကာ ပြည်သူ့ လွှတ်တော်တွင် ရတပမှ ဦးမောင်ညို ၃၃၈ မဲ ရရှိပြီး ပြည်ခိုင်ဖြိုး ပါတီမှ ဦးကောင်းစံရွှီ (ကျွန်သားငမန်း)က ၁၉၃ မဲ ရရှိသည်။

စစ်တွေ ကျေးပင်ကြီးရပ်ကွက်တွက် ရတပ ပါတီမှ ပြည်ထောင်စု လွတ်တော်အမတ် ဆရာမောင်ညိုက ၆၆၈ မဲ ရရှိပြီး ကြံ့ဖွတ်ကိုယ်စားလှယ် ကျွန်းသား ငမန်းက ၁၆၈ မဲသာ ရရှိသည်။

အလားတူ ကျောင်းတက်လမ်း၊ ဓည၀တီ၊ အနောက်စံပြနှင့် ဆတ်ရိုးကျတွင် ရတပမှ အနိုင်ရရှိကြောင်း သတင်းရရှိသည်။ ဆတ်ရိုးကျတွင် လွှတ်တော် သုံးရပ်စလုံးတွင် ရတပမှ မဲ ၈၀ ၀န်းကျင်ဖြင့် အနိုင် ရရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ၁၂ မဲ မကျော်ကြောင်း သိရသည်။

အလားတူ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဍားကျွန်း မြို့ပေါ်တွင် ရတပ ပါတီမှ အနိုင်ရရှိကြောင်း သိရသည်။



(နိရဉ္စရာ သတင်း)