Sunday 7 November 2010

ရွှေးကောက်ပွဲကို နိုင်ငံတကာရောက်မြန်မာများဆန္ဒပြ

စောရန်နိုင် Sunday, 07 November 2010
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲကို အင်္ဂလန်၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် တောင်ကိုရီးယား စသည့် နိုင်ငံများရှိ မြန်မာ အတိုက် အခံများက ဆန္ဒပြကြကြောင်း သတင်း ရရှိသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့မှ လူပေါင်း ၇၀၀ ခန့်က ရွေးကောက်ပွဲကို ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ သံရုံးရှေ့၌ ရွေးကောက်ပွဲ ဆန့်ကျင်သူများက ကြွေးကြော်သံများအော်၍ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - AP)
ဆန္ဒပြရာတွင် ပါဝင်သူ တဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD - လွတ်မြောက်နယ်မြေ) မှ ကိုဝင်းနိုင်က ယနေ့ ကျင်းပသည့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောဆိုသည်။

“ပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲကို ဒီရွေးကောက်ပွဲက ဘယ်လိုမှ ဖော်ဆောင်ပေးနိုင်မှာ မဟုတ် ပါဘူး။ အရပ်သား အစိုးရအဖွဲ့နဲ့ စစ်အုပ်ချုပ်မှုကို တရားဝင်အောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်”ဟု ကိုဝင်းနိုင်က ဆိုသည်။

ဆန္ဒပြသူများက ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ထောင်ရေးကို အားနည်း စေကြောင်း၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ကန့်သတ်ထားကြောင်း ပြောဆိုသည်။

၎င်းတို့ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအား မြန်မာ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံရန်နှင့် သုံးပွင့် ဆိုင် ဆွေးနွေးရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် တိုက်တွန်းကြောင်း ဆိုသည်။

လန်ဒန်မြို့အခြေစိုက် ကချင်အမျိုးသားအဖွဲ့ (KNO) မှ ဒူဝါး မခေါ် ခွန်ဆာ က“ကုလသမဂ္ဂအဖွဲ့ကြီးက သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးတော့ ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းပေးမယ့် သုံးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်ပေါ်လာအောင် စစ်အစိုးရကို ဖိအားပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၅၀၀ ခန့်ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတခု ယနေ့ ကျင်းပကြောင်း သိရှိရသည်။

ဆန္ဒပြသူတဦးဖြစ်သည့် ကိုသန်းရွှေ က ရွေးကောက်ပွဲသည် ကမ္ဘာကို လှည့်စားရန်အတွက်သာဖြစ်ကြောင်း ရွေးကောက်ပွဲ တခုလုံးကို စစ်အစိုးရ၏ အစီအမံဖြင့်သာ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများကို ကိုင်ဆောင်၍ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်၊ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ကြပြီး မဲပုံးများနှင့် မိတ္တူကူးထားသည့် ၂၀၀၈ အခြေခံ ဥပဒေများကို မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။

ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင်လည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာ့အရေး လှုပ်ရှား သူ များက ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြောင်း သိရှိရသည်။

မြန်မာ အလုပ်သမား တဦးဖြစ်သည့် ကိုထက်ခေါင်က အလုပ်သမားများ အခွင့်အရေးကို အာမခံချက် မရှိသည့် အတု အယောင် ရွေးကောက်ပွဲ ကို ၎င်းတို့ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကိုလက်မခံကြောင်း ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင်လည်း ယခုလ ၄ ရက်နေ့က မြန်မာသံရုံးရှေ့တွင် မြန်မာ အလုပ်သမားများနှင့် မြန်မာ့ အရေး လှုပ်ရှားသူများက ဆန္ဒပြ ဆန့်ကျင်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံတွင်လည်း ရွေးကောက်ပွဲဆန့်ကျင်သည့် ဆန္ဒပြပွဲ ကျင်းပကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ ကျင်းပသည့် ရွေးကောက် ပွဲသည် မြန်မာပြည် ငြိမ်းချမ်းရေး အတွက်သော် လည်းကောင်း၊ အပြောင်းအလဲ တစုံတရာအတွက်သော် လည်းကောင်း ဖြစ်စေနိုင်မည် မဟုတ်ဟု ကြေညာချက်တစောင် ထုတ်ပြန်သည်။

ရွေးကောက်ပွဲသည် စစ်အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုမှ ၎င်းတို့၏ အရပ်သားအစိုးရအဖွဲ့ကို အုပ်ချုပ်စေခြင်းသာ ဖြစ် ကြောင်း၊ တိုင်းရင်းသားများ အပေါ် ကျူးလွန်နေသည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများလည်း ဆက်လက် ဖြစ်ပွား နေ မည်သာ ဖြစ်ကြောင်း KNU ကြေညာချက်တွင် ပါရှိသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က သြစတြေးလျ ကျောင်းသားများကို မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ စစ်ဆေးရေးကို ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။