Wednesday, 9 February 2011

မြ၀တီတံတားအောက် ဗုံးပေါက်ကွဲ အရပ်သား ၂ဦးသေ


Submitted by Karen Information Center on Wednesday, 9 February 2011
မြ၀တီတံတားအောက် ဗုံးပေါက်ကွဲ အရပ်သား ၂ဦးသေ
ဖေဖော်ဝါရီလ ၉ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ဘက်ခြမ်းရှိ ချစ်ကြည်ရေးတံတားအောက်နားတွင် ယနေ့ညနေ မြန်မာစံတော်ချိန် ၄နာရီခွဲခန့်၌ ချိန်ကိုက်ဗုံး ပေါက်ကွဲသဖြင့် အရပ်သား ၂ဦး သေဆုံးကာ ၅ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြော သည်။
သူက “ဗုံးပေါက်ကွဲတာ အတော်ကျယ်တယ်ဆိုတော့ အနီးအနားမှာ နေတဲ့သူတွေ၊ ရုံးတွေက ၀န်ထမ်းတွေတောင် အတော် ထိတ်လန့်သွားတယ်။ အဲဒီမှာ ၂ယောက် သေတယ်။ ၅ယောက် ဒဏ်ရာရတယ်တဲ့။ ပြောသံကြားတာကတော့ ပစ္စည်းထုပ်လို အထုပ်ထဲက ထပေါက်တာပဲတဲ့။”ဟု ကေအိုင်စီကို ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ တံတားညာဘက်ခြမ်း ရွှေတံတားတည်းခိုခန်းအနီးရှိ လက်ဖက်ရည်ဆိုင်ရှေ့မှ ပေါက်ကွဲခြင်းဖြစ် ပြီး ထိုနေရာနှင့် မနီးမဝေးတွင် နယ်ခြားစောင့်တပ်များ လုံခြုံရေးစောင့်လျှက်ရှိသဖြင့် ထိခိုက်သည့်အထဲတွင် နယ်ခြားစောင့် တပ်မှ ဗိုလ်မှူးတဦးနှင့် တပ်သား ၂ဦးလည်း ပါဝင်ကြောင်း မြ၀တီဆေးရုံနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။
အမည်မဖော်လိုသူတစ်ဦးက “သေသွားတဲ့နှစ်ယောက်က အရပ်သားပဲ။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးတယောက်နဲ့ အခြား အမျိုးသားတယောက်။ ဒဏ်ရာရတဲ့အထဲမှာ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြည်လင်နဲ့ တပ်သား ၂ယောက်၊ ရဲ ၁ ယောက်နဲ့ အဲဒီအနားက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားတယောက် ပါတယ်တဲ့။ အဲဒီဗိုလ်မှူးက မျက်နှာကိုထိတော့ မျက်လုံးနှစ် ဖက်စလုံး ဒဏ်ရာပြင်းတယ်လို့ ပြောတယ်။”ဟု ဆိုသည်။
ယခုပေါက်ကွဲမှုမှာ ဗုံးနှစ်လုံးဖြစ်ပြီး ပထမတလုံး ပေါက်ကွဲချိန်တွင် ထိခိုက်မှုမရှိဘဲ နောက်ထပ် ၅မိနစ်ခန့်အကြာတွင် ထိုနေရာ သို့ နယ်ခြားစောင့်တပ် သွားရောက်ကြည့်ရှုရာမှ ထပ်မံ ပေါက်ကွဲခြင်းဖြစ်ကြောင်း ထိုပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်မှ လူ များကို ထိမှန်ခြင်းဖြစ်သည်ဟု နယ်ခြားစောင့်တပ်(၁၀၁၈)မှ တပ်ရင်းမှူး ဗိုလ်မှူးစောမောင်ဝင်းက အတည်ပြု ပြောဆိုသည်။
“ပထမတလုံး ပေါက်တာ ဘယ်သူမှတော့ မထိဘူး။ အဲဒါကို ဗိုလ်ကြည်လင်တို့ သွားကြည့်တဲ့အခါမှာ အထုပ်ထဲက နောက် တလုံး ထပ်ပေါက်ပြီး ၂ယောက်သေသွားတယ်။ ၅ယောက် ဒဏ်ရာရတယ်လေ။ ဗိုလ်ကြည်လင်ကတော့ မျက်နှာကိုထိတော့ အခု သူ့ကို မဲဆောက်ဆေးရုံကို ပို့ထားပါတယ်။”ဟု ကေအိုင်စီကို ပြောသည်။

၎င်းတံတားအောက်တွင် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲရက်နောက်ပိုင်း ပစ်ခတ်မှုများ ဖြစ်ပွားပြီးကတည်းက ယခုအချိန်ထိ နယ် ခြားစောင့်တပ်များက လုံခြုံရေးစောင့်ကြပ်ပေးနေရပြီး ယခုပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဖြစ်သည်ကို မဖော်ထုတ်နိုင်သေး ပေ။
မြ၀တီမြို့တွင် ယခုလဆန်းပိုင်းမှစ၍ လုံခြုံရေး အခြေအနေကောင်းမည်မဟုတ်ကြောင်း မြို့ခံများအကြား ကောလဟလ ဖြစ် နေသည့်ကြားမှ ယခုလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်။
Read more »

ALP ရခိုင်ပြည် လွတ်လပ်ရေး လမ်းစဉ် ယတိပြတ် ပြည်သူရှေ့မှောက် ကျေညာပြီ

2/8/2011 (နိရဉ္စရာ)



---------------
မင်းဆက်ခိုင်
---------------
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP မှ ခေါင်းဆောင်းများနှင့် မလေးရှားနိုင်ငံရောက် ရခိုင်ပြည်သူများ တွေ့ဆုံပွဲ တရပ်ကို ယခုလ ၆ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Wisma Belia ခန်းမတွင် ကျင်းပရာ ALP ပါတီ၏ ရည်မှန်းချက် ပန်းတိုင်မှာ ရခိုင်ပြည် လွတ်လပ်ရေးသာ ဖြစ်ကြောင်း တရားဝင် ပါတီခေါင်းဆောင်များက ကျေညာပြောကြားခဲ့သည်ဟု သိရသည်။

ALP-convention-in-Malaysia
အဆိုပါ ပြောကြားမူကို တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူ ပါတီ ဒုဥက္ကဌ ခိုင်မျိုးမင်းနှင့် ပါတီ အထွေအထွေ အတွင်းရေးမှူး စောမြရာဇာလင်းတို့က တက်ရောက်လာသူ ပြည်သူများနှင့် အပြန်အလှန် မေးမြန်းစဉ် ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ALP(မလေးဌာနခွဲ) အတွင်းရေးမှူး ခိုင်ဇော်မိုးက ပြောသည်။

“ အခုလက်ရှိ တိုင်းရင်းသားပါတီတွေ ဖွဲ့ထားတဲ့ မဟာမိတ် အဖွဲ့ထဲမှာ ALP ပါတီအနေနဲ့ ပါဝင်ခြင်း မရှိတာနဲ့ ပတ်သက် ပြီးတော့ တက်ရောက်လာသူတွေက မေးမြန်းကြပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ALP ဟာ ဖက်ဒရယ်နဲ့သွားနေတာ မဟုတ်တဲ့ အကြောင်း၊ ပြီးတော့ ALPဟာ အရင်ကတည်းက NDF ထဲမှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ NDF ထဲမှာ ပါဝင်တယ်ဆိုတာကလည်း တယောက်ကို တယောက် လေးစား ယုံကြည်မှုရှိတယ်။ တယောက်ကိုတယောက် အသိမှတ် ပြုတဲ့ အတွက်ဖြစ်ပါတယ်။ ALP ဟာ ရခိုင်ပြည် လွတ်မြောက်ဖို့နဲ့ ရခိုင့် အချုပ်အချာ အာဏာ ပြန်လည်ရရှိဖို့ အတွက် သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ALP အပေါ်မှာ တခြား ဖက်ဒရယ် ထူထောင် လိုတဲ့ တိုင်းရင်းသားပါတီတွေက အသိအမှတ်ပြုရင် ALP ကလည်း အသိမှတ်ပြုပါတယ်။ တကယ်လို့ ALP ကို လက်နက်ကိုင် တပ်မတော်တခုလို့ အသိမှတ်မပြုရင် ALP အနေနဲ့လည်း ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် ALP ဟာ မည်သည့် လူမျိုး အဖွဲ့အစည်းကိုမှ အားမကိုးပဲနဲ့ ရခိုင်လူထု အပေါ် အဓိက အခြေခံပြီး အင်အားကြီးထွား လာအောင် တည်ဆောက် ပြီးတော့ ရခိုင်ပြည် လွတ်မြောက်ရေးကို ချီတက် သွားမယ်။ စစ်ရေး မြင့်တင်တဲ့နေရာမှာ ရခိုင်ပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်ဆိုတဲ့ အကြောင်း တွေကို ပြောခဲ့ပါတယ်။”

၎င်းပြင် သူက “ တက်ရောက်လာတဲ့ ရခိုင်အမျိုးသားတွေကို ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ဖက်ဒရယ်ကို လိုချင်လား လွတ်လပ်ရေး Independence ကို လိုချင် သလားလို့ မေးတဲ့အခါ တက်ရောက် လာသူတွေက Independence ၊ Independence လို့ သုံးကြိမ်သုံးခါ အော်ဟစ် ဖြေကြားခဲ့ကြပါတယ်။”

ALP-convention-in-Malaysia
အဆိုပါ အခမ်းအနားကို မလေးရှားနိုင်ငံတွင် ရောက်နေကြသော ရခိုင် အလုပ်သမား ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ALP ခေါင်းဆောင်းများအား လက်ရှိ မြန်မာနိုင်ငံအရေး၊ ရခိုင်ပြည် အရေးများနှင့် ပတ်သက်ပြီး အပြန်အလှန်မေးမြန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ အခမ်းအနားကို မလေးရှားတွင် ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ခိုင်မိုးဇော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျွန်နော်တို့ အခုလို ကျင်းပရတာက မလေးရှားရောက် ရခိုင်တွေနဲ့ နိုင်ငံတကာမှာ ရောက်ရှိ နေကြတဲ့ ရခိုင်ပြည်သူတွေ အမျိုးသားရေး စိတ်ဓာတ် ရှင်သန် ထက်မြက် လာဖို့နဲ့ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေနဲ့ နအဖစစ်အုပ်စုက တရာမဝင် ရွေးကောက်ပွဲကြီး ပြုလုပ် သွားခဲ့တာကို ရခိုင်သူ ရခိုင်သားတွေက နားလည်သိရှိဖို့၊ နောက်ပြီးတော့ ရခိုင်ပြည်သူတွေ သူ့ကျွန်ဘဝက လွတ်မြောက်ဖို့အတွက် စစ်ဆင်ရေးတွေ မြှင့်တင်လာတဲ့ အခါ ပြည်သူတွေအနေနဲ့ ဘယ်လို အခန်းကဏ္ဍတွေက အမျိုးသားရေးစစ်ပွဲကို ပါဝင်လာနိုင်ဖို့နဲ့ နောက်တ ချက်က ရခိုင်ပြည် လွတ်မြောက်အတွက် ရခိုင်ပြည်သူ ပြည်သားတွေအားလုံး ပူးပေါင်းပါဝင် လာနိုင်ရန် အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်။”

အခမ်းအနားကို ALP ပါတီမှ ဒု-ဥက္ကဌ(၂) ခိုင်မျိုးမင်းနှင့် အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ အပြင် မလေးဌာနခွဲမှ တာဝန်ရှိများလည်းတက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ယခုကဲ့သို့ တွေ့ဆုံပွဲမျိုးကို ALPပါတီရုံခွဲရှိရာ နိုင်ငံများတွင်လည်း ကျင်းပပြုလုပ်သွားရန် အစီစဉ်များ ရှိကြောင်း ခိုင်ဇော်မိုးက ပြောသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို နေ့လည် ၁နာရီတွင် စတင်ခဲ့ပြီး ညနေ ၆နာရီခွဲတွင် ရခိုင့် အလံတော်နှင့် ALP ပါတီ အလံတော်အား ဝှေ့ရမ်းကာ ရခိုင်စစ်ချီတေးကို ဖွင့်လှစ်၍ အဆုံး သတ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီကို ၁၉၆၈ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၇၃-၇၄ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွင် ဥက္ကဌကြီးက ခိုင်မိုးလင်းက ပြန်လည် ထူထောင် ဖွဲ့စည်း ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ဥက္ကဌကြီး ခိုင်မိုင်းလင်း အာဇာနည်ပီသစွာဖြင့် ချင်းပြည်နယ် တနေရာတွင် ဗမာ စစ်တပ်နှင့် တိုက်ခိုက်စဉ် ကျဆုံးသွားခဲ့ပြီး လက်ရှိ ကျန်နေခဲ့သော ပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ပါတီ ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပါတီကို ပြန်လည် ထူထောင်ခဲ့သည်။ ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီမှာ ရခိုင့် လွတ်လပ်ရေး အတွက် လက်နက်ကိုင်နေသော ရခိုင်ပြည်မှ အင်အားအကြီးဆုံးနှင့် စည်းလုံးညီညွတ်မူ အတောင့်တင်းဆုံး ပါတီ တရပ် ဖြစ်သည်။

ပါတီ၏ လက်ရှိ ခေါင်းဆောင်များမှာ ဥက္ကဌ ခိုင်ရဲခိုင်၊ ဒုဥက္ကဌ (၁) ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဌ (၂) ခိုင်မျိုးမင်း၊ အထွေထွေ အတွင်းရေးမှူး အောင်မိုးဝေ(ခေါ်) စောမြရာဇာလင်း၊ တွဲဘက်အတွင်းရေးမှူး (၁) ခိုင်ရန်နောင်စိုး၊ တွဲဘက် အတွင်းရေးမှူး (၂) ခိုင်သုခတို့ ဖြစ်ကြသည်။



Read more »

ရှစ်လေးလုံးနေ့ ၂၀ ပြည့်နှစ်တွင် ဆန္ဒပြ၍ ထောင်ကျသူ တောင်ကုတ်မှ လူငယ် ၅ ဦး ပြန်လည် လွှတ်မြှောက်လာ


2/9/2011 (နိရဉ္စရာ သတင်း)


ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ၂၀၀၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံနေ့ နှစ် ၂၀ ပြည့်နေ့တွင် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြ၍ ဖမ်းဆီးခံရသူ အဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ၅ ဦးမှာ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

လွတ်မြောက်လာသူ လူငယ် ၅ ဦးမှာ ကိုမိုးနေစိုး၊ ကိုသန်းလွှင်၊ ကိုချစ်မောင်မောင်၊ ကိုမောင်မောင်သက်နှင့် မနီနီမေမြင့်တို့ ဖြစ်ကြသည်။

စစ်တွေမှ အဖွဲ့ချုပ် လူငယ် တစ်ဦးက “ သူတို့ ဘူးသီးတောင်ထောင်က ဒီလ ၇ ရက်နေ့မှာ ထောင်သက်တမ်းစေ့တဲ့ အတွက် ပြန်လွတ်လာပါတယ်။ လွှတ်တဲ့နေ့မှာဘဲ စစ်တွေကို ရောက်ပါတယ်။ သူတို့ကို စစ်တွေမှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ကြိုဆိုနေရာချထားပါတယ်” ဟု ပြောသည်။

တခြား စစ်တွေက လူငယ် တစ်ဦးကလည်း “ သူတို့နဲက မနေ့က ညနေပိုင်းမှာ စစ်တွေ မြလဘက်ရည်ဆိုင်မှာ ဆုံဖြစ်ပါတယ်။ ကျန်းမာရေးကတော့ ကောင်းပုံရပါတယ်။ ထွေထွေထူးထူး စကားတွေတော့ မပြောဖြစ်ခဲ့ပါဘူး။ သူတို့လည်း ပြောလိုပုံမရပါဘူး” ဟု ပြောသည်။

အဆိုပါ တောင်ကုတ်မြို့မှ လူငယ် ၅ ဦးသည် ၂၀၀၈ ခုနှစ် ရှစ်လေးလုံး (၂၀) ပြည့်နေ့က တောင်ကုတ်မြို့တွင် ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် တခြားလူငယ် ၄၃ ယောက်နဲ့အတူ ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် သူတို့တွင် ၀တ်လာခဲ့သော ရှစ်လေးလုံးနေ့ တီရှပ်များကို တာဝန်ရှိသူများက ကိုယ်ပေါ်မှ ချွတ်ခိုင်းရာ ကျန်လူငယ်များက ချွတ်သော်လည်း သူတို့ ချွတ်ရန် ငြင်းဆိုသဖြင့် ဆက်လက် ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ် ခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရပြီးနောက် သံတွဲထောင်သို့ ပို့ဆောင်ခံရကာ သံတွဲထောင် တရားရုံးက သြဂတ်လ ၁၅ ရက်နေ့တွင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၁၄၃ နှင့် ဆူပူလှုံဆော်မှု ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂နှစ်ခွဲစီ ချမှတ်ခဲ့သည်။ စက်တင်္ဘာလ ၉ ရက်နေ့တွင် သံတွဲထောင်ထဲတွင် ဆရာတော် ဦးဥတ္တမနေ့တွင် အစာငတ်ခံ ဆန္ဒပြသဖြင့် ဘူးသီးတောင် ထောင် သို့ ပို့ဆောင်ကာ ချုပ်နှောင် ထားခဲ့သည်။



Read more »

Monday, 10 January 2011

စစ်မှုမထမ်းမနေရဥပဒေ ပြဋ္ဌာန်းမည် ဆိုသောကြောင့် လူထု စိုးရိမ်



စစ်အစိုးရက စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းမည် ဆိုသောသတင်း ပျံ့နှံ့လျက်ရှိရာ မြန်မာပြည်သူများ စိုးရိမ်ပူပန် နေကြကြောင်း သတင်းရရှိသည်။

ဧရာဝတီက ရန်ကုန်မြို့နေ လူတန်းစား အလွှာအသီးသီးမှ လူဦးရေ ၁၀၀ ကို တွေ့ဆုံ မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာ လူ ၉၀ က ၎င်းတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ၎င်းတို့၏ ဆွေမျိုး၊ သားသမီး များကိုသော် လည်းကောင်း စစ်မှုမထမ်း စေလိုကြောင်း ပြောဆိုခဲ့ကြပြီး ၅ ဦးမှာ အဆိုပါ ဥပဒေကို အားပေးပြီး ကျန် ၅ ဦးက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

နေပြည်တော်၌ ကျင်းပသော ပြီးခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် စစ်ရေးပြနေသော တပ်မတော် သားများ (Getty Images)
၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကိုယ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည် ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

“ဒီသတင်းစပျံ့ နေတာက တော်တော်ကြာပြီ။ ဒီဇင်ဘာလကုန်လောက် ကတည်းက လူပြော တော်တော်များတယ်။ အင်တာနက်၊ Facebook တွေမှာလည်း ရေးသား ပြောဆိုတာတွေ ရှိတယ်။ ဒီသတင်းထွက်တော့ လူတွေ တော်တော် စိတ်ပူကုန်တယ်။ အဓိက စစ်မှုမထမ်းချင် ကြဘူး” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

ပြည်သူအများစုသည် စစ်တပ်ကို မုန်းတီးနေခြင်းကြောင့် စစ်မှုမထမ်းလိုခြင်းဖြစ်သည်ဆိုသည့် သုံးသပ်မှုများ ရှိသည်။

“လူထုကြားထဲမှာ စစ်တပ်ကို မုန်းတဲ့စိတ်၊ နာကြည်းတဲ့စိတ်က မျိုးဆက်လိုက် လက်ဆင့်ကမ်းလာသလို ဖြစ်နေတယ်။
၈၈ အရေးအခင်း နဲ့ ၂၀၀၇ အရေးအခင်း ကာလ မတရား ရိုက်နှက် ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတော့ စစ်ဗိုလ်ချုပ်တွေကို မုန်းနေတယ်။ စစ်သားမြင် ဆဲချင်နေကြတယ်” ဟု ရန်ကုန်မြို့ခံ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

အသက် ၁၈ နှစ်အထက် သား ၂ ဦးရှိသော အသက် ၅၀ အရွယ်ရှိ မိခင် တဦးကလည်း သူ၏ သားများကို စစ်မှု ထမ်းခိုင်းမည် မဟုတ်ဟု ပြောသည်။

“သူတို့ဟာသူတို့ ဘယ်လို ဥပဒေပဲ ပြဋ္ဌာန်းပြဋ္ဌာန်း ကျမ သားတွေကိုတော့ စစ်ထဲမပို့နိုင်ဘူး။ ခဏလည်း မပို့ဘူး၊ အမြဲလည်း မပို့ဘူး။ ကျမလိုပဲ မိဘတိုင်းမှာ ဒီလို စိတ်ရှိမှာပဲ။ အမြင်တူတဲ့ မိဘတွေစုပြီး ကန့်ကွက်မယ်။ မရရင် အသေခံ ဆန္ဒပြဖို့ပဲ ရှိတယ်။ ဒါက သားသမီးအရေး ဖြစ်လာပြီ။ ကျမတို့ ရင်ခွင်ထဲက ကလေးတွေကို ဆွဲထုတ်သလို ခံစားရတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မြို့ခံ သတင်းထောက် တဦးကမူ စစ်မှုမထမ်းမနေရ ဆိုသော ဥပဒေ အမှန်တကယ် ထုတ်ပြန် ပြဋ္ဌာန်းလျှင် ပြဿနာ များစွာ ဖြစ်ပေါ်လာပြီး နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်လာနိုင်ကြောင်း ပြောသည်။

“ဒီကိစ္စက လူတွေရဲ့ ဒေါသကို ဆွပေးသလိုဖြစ်လာနိုင်တယ်။ လူတွေရဲ့ အခြေခံစိတ်မှာ စစ်တပ်ဆိုတာ ရက်စက်တယ်၊ ကြမ်းကြုတ်တယ်ဆိုတဲ့ အတွေးက ဖျောက်လို့မရဘူး။ သားသမီးတွေအပေါ် အန္တရာယ် ကျရောက်မှာကို မလိုလားတဲ့ လူကြီး မိဘတွေကလည်း ဒီဥပဒေကို ငြိမ်ခံနေမှာ မဟုတ်ဘူး။ တကယ်ကို ပြဿနာတွေ အကြီးအကျယ် ဖြစ်လာနိုင်ပါတယ်” ဟု ယင်း သတင်းထောက်က ဆိုသည်။

စစ်မှုမထမ်းမနေရ ဥပဒေသည် တပ်မတော်နှင့် ပြည်သူများအကြား နားလည်မှုရစေပြီး စစ်တပ်နှင့် ပြည်သူအများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကြောင့် ပြည်သူကို အမှန်တကယ်ချစ်သော၊ ပြည်သူ့မျက်နှာကို ကြည့်သော စစ်တပ် ဖြစ်လာနိုင်သည်ဆိုသည့် ထင်မြင်ယူဆချက် တချို့လည်း ရှိသည်။

ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော တသီးပုဂ္ဂလ လွှတ်တော်အမတ်လောင်း တဦးက “ပြည်သူတွေ စစ်ရေး နားလည်လာရင် ကျနော်တို့ ဒီမိုကရေစီ ပန်းတိုင်ပိုပြီး နီးလာမယ်။ စစ်မှုမထမ်း မနေရ ဥပဒေကြောင့် ပြည်သူက စစ်သား၊ စစ်တပ်ဆိုတာ ပြည်သူ့တပ်ဆိုတဲ့ ပုံစံ၊ အမြင်မျိုးတွေ ရှိလာမယ်။ အာဏာရှင်တွေ ခိုင်းတဲ့ အတိုင်း လုပ်မယ့် စစ်တပ်မဟုတ်တော့ဘူး” ဟု ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ အခန်း ၈၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ ၃၈၆ တွင် နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာ သင်ကြားရန်နှင့် တပ်မတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဖြစ်လာမှာက အသေအချာပဲ။ ဒါပေမယ့် လွှတ်တော် ပေါ်ပေါက်လာမှ အတည်ဖြစ်မှာပါ။ သိပ်တော့ စိုးရိမ်ဖို့ မလိုပါဘူး။ တင်းကျပ်လွန်းရင် လူထုကလည်း လက်ခံမှာ မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့မှ တရားရုံးချုပ် ရှေ့နေတဦးက ပြောသည်။

စစ်အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူလူထု ၉၂. ၄၈ ရာခိုင်နှုန်းက ထောက်ခံမဲပေးခဲ့ကြသည်ဟု ဆိုကာ မြန်မာပြည်တွင်း နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ပြီးချိန် ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်း ခဲ့သည်။

စစ်မှုမထမ်းမနေရ ဥပဒေ ကျင့်သုံးသော အာရှနိုင်ငံများမှာ စင်ကာပူ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား တို့ဖြစ်ပြီး ထိုင်းနှင့် တရုတ်နိုင်ငံတို့မှာ လူရွေးစနစ်ဖြင့်ကျင့်သုံးသည်။ အဆိုပါ နိုင်ငံများအားလုံးတွင် အမျိုးသားများသာ စစ်မှုထမ်း ရသည်။

မြန်မာနိုင်ငံတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ယခင်က တကြိမ်တခါမှ ပြဋ္ဌာန်းခဲ့ဖူးခြင်း မရှိဘဲ အဆိုပါ ဥပဒေကို မကြာမီ ခေါ်ယူမည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိသည်။
Read more »

စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရပြဌာန်းတော့မည်

 ၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁

 စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။ (ကိုးကား - NHK)
Read more »

Monday, 3 January 2011

ရသေ့တောင်မြို့နယ်မှ အသက် ၁၇ နှစ် အရွယ် မိန်းခလေး နှစ်ဦး ပြန်ပေးဆွဲခံရပြီး ဗလက္ကာရ ပြုကျင့်ခံရ

1/3/2011

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကိုးတန်ကောက်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မိန်းခလေး နှစ်ဦးမှာ မူဆလင် ကုလားများ၏ ပြန်ပေးဆွဲခံရပြီးနောက် ဗလက္ကာရ ပြုကျင်ခံရကြောင်း သတင်း ရရှိသည်။

ဗလက်ကာရ ပြုကျင့်ခံရသူ အမျိုးသမီးငယ် နှစ်ဦးမှာ ရသေ့တောင်မြို့နယ် တောင်ပိုင်း မေယူကမ်းတွင် တည်ရှိသော ကိုးတန်ကောက်ကျေးရွာမှ (ဘ) ဦးမောင်ကျော်ခိုင်သမီး ------------- ( ၁၇ နှစ်) နှင့် (ဘ) ဦးကျော်တင်မောင် သမီး ------------ (၁၇ နှစ်) တို့ဖြစ်ကြသည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မြင်းလွတ် နစက စခန်းမှ အရာရှိတစ်ဦးက ပြောကြားရာတွင် ဒီဇင်္ဘာလ ၁၉ ရက်နေ့က အဆိုပါ အမျိုးသမီးငယ် နှစ်ဦးမှာ အငုံမော် ကုန်တန်းကျေးရွာမှ သူမတို့နေထိုင်ရာ ကျေးရွာ ကိုးတန်ကောက်သို့ စပါးထည့်ရန် အိတ်ခွံများ ၀ယ်ယူ၍ လာစဉ် လမ်းတွင် ပြန်ပေးဆွဲခေါ် ခံရကြောင်း ပြောကြားသည်။

၎င်းပြင် အဆိုပါ နစက အရာရှိက “ ဒီအမူမှာ အဓိက တရားခံတွေ ဖြစ်ကြတဲ့ အာဘူယူနော့ ကျောက်ပန်းတူ ရယက အဖွဲ့ဝင်နဲ့ ကျန် ကျောက်ပန်းတူရွာက နုရ်အာလောင်နဲ့ ချုပ်ကူ သုံးဦးကို ဖမ်းဆီးထားပါတယ်။ အမူနဲ့ ပတ်သက်ပြီး စစ်ဆေးနေတုန်း ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ဦးကတော့ လွတ်နေပါတယ်။ တရားခံတွေ အကုန်လုံးက မောင်တောမြို့နယ် ကျောက်ပန်းတူ ကျေးရွာက ဖြစ်ကြပါတယ်” ဟု ပြောသည်။

အဆိုပါ အမျိုးသမီးငယ် နှစ်ဦှးမှာ ပြန်ပေးဆွဲခံရပြီး ၉ ရက်ခန့် အကြာ ဒီဇင်္ဘာလ ၂၉ ရက်နေ့က မောင်တောမြို့နယ် အလယ်သံကျော် တိုက်နယ်ဆေးရုံတွင် ဆေးစစ်ခဲ့ကြောင့် ဒေသခံများက ပြောသည်။

“ သူတို့ရဲ့ အမိအဖတွေနဲ့ အတူ ဆေးလာစစ်ကြပါတယ်။ မိန်ခလေးတွေက ငယ်ငယ်လေးဘဲ ရှိသေးပါတယ်။ ဆရာဝန်က ဘာပြောတယ်ဆိုတာတော့ ကျနော်တို့လည်း တိတိကျကျ မသိရသေးပါဘူး။ သူတို့က ရသေ့တောင်မြို့နယ်က ဖြစ်တဲ့ အတွက် သူမတို့ကို ဗလက္ကာရပြုကျင့်ခံရတဲ့ အချိန်က ၀တ်ထားတဲ့ အ၀တ်အစားတွေကို ရသေ့တောင်မြို့နယ်နဲ့ သက်ဆိုင်တဲ့အတွက် ရသေ့တောင်မှာ ဆက်လက် စစ်ဆေးဖို့ ညွန်ကြားတယ်လို့ ပြောပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး နိရဉ္စရာက ဆက်လက် စုံးစမ်းမေးမြန်းရာ ကိုးတန်ကောက်ကျေးရွာမှာ ရသေ့တောင်မြို့နယ်တွင် တည်ရှိသော်လည်း မောင်တောမြို့ နယ်တောင်ပိုင်းနှင့် ဆက်စပ် တည်ရှိသော ကျေးရွာ ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေ့က အဆိုပါ အမျိုးသမီးငယ် နှစ်ဦးမှာ အငုံမော်ကုန်တန်းမှ ညနေ ၄ နာရီတွင် စပါးထည့်ရန် စပါးခွံအိတ်များ ၀ယ်၍ ရွာသို့ ပြန်အလာ အငုံမော်ကုန်တန်းမှ မော်တော်ဆိုင်ကယ် ၅ စီးဖြင့် သူတို့နေထိုင်ရာ ကျောက်ပန်းတူ ပြန်လာသော မူဆလင် ၉ ဦးမှ လမ်းကြုံသဖြင့် လိုက်ပါရန် ခေါ်ဆောင်၍ အမျိုးသမီးငယ် နှစ်ဦးမှ ဆိုင်ကယ်တစီး၏ နောက်တွင် တက်၍ လိုက်ပါလာရာ နေ၀င်ရီ တရိုးအချိန်တွင် သူမတို့ နေထိုင်ရာ ကိုးတန်ကောက်ကျေးရွာသို့ ရောက်ရှိကြောင်း၊ သို့သော်လည်း ဆိုင်ကယ်မောင်းသူ ရယက အဖွဲ့ဝင် အာဘူယူနော့မှ ဆိုင်ကယ်ကို မရပ်နားဘဲ အမြန်မောင်းချသွားရာ နေ၀င်ချိန်တွင် ကျောက်ပန်းတူ ကျေးရွာနားသို့ ရောက်ရှိပြီး အနီးအနားက တောအုပ်တစ်ခုကို ဆိုင်ကယ်ကို မောင်းချသွားကာ တခြားဆိုင်ကယ် တစီးမှ မူဆလင် နှစ်ဦးပေါင်း သုံးဦးက ဗလက္ကာရ ပြုကျင့်ခဲ့သည်ဟု သိရသည်။ ဆိုင်ကယ်ဖြင့်လာသူ ကိုးဦးထဲတွင် ၆ ဦးမှာ တစုံတရာ စော်ကားရာတွင် မပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ် နှစ်ဦးအား ၂ရက်တိုင် ဗလက္ကာရပြုကျင့်ပြီး နောက်ပိုင်းတွင် မေယူတောင်ကို ကျော်ပြီး ရသေ့တောင်မြို့နယ် အတွင်းပို့ပေးခဲ့သည်ဟု သိရသည်။ အဆိုပါ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် အခင်း ဖြစ်ပွားရာတွင် ပါဝင်သူ နုရ်အာလောင်မှ အဆိုပါ ဖြစ်စဉ်ကို ဟုတ်မှန်ကြောင်း ပြောဆိုသော်လည်း ဗလက္ကာရ ပြုကျင့်ရာတွင် သူအနေနှင့် မပါဝင်ကြောင်း ပြောကြားသည်ဟု သိရသည်။

သို့သော်လည်း အခင်း ဖြစ်ပွားရာတွင် ပါဝင်သူ သုံးဦးစလုံးကို ဖမ်းဆီးထားပြီး ကျန်လူများမှာ လွတ်မြောက် နေဆဲ ဖြစ်ကြောင်း သိရသည်။ အဘူယော့နော့မှာ ကျေးရွာ ရယက လူကြီး ဖြစ်ပြီး သူကို ယုံကြည်၍ ဆိုင်ကယ် နောက်မှ လိုက်ပါလာရာမှ အမျိုးသမီးငယ် နှစ်ဦးမှာ ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ကြုံရခြင်း ဖြစ်ကြောင်း သိရသည်။

(အမျိုးသမီးငယ် ၂ ဦးအမည်အား မလိုအပ်သဖြင့် မဖေါ်ပြလိုက်တော့ပါ။ လိုအပ်သူများရှိပါက အီးမေးလ်မှ တဆင့် တောင်းယူနိုင်ပါသည်။)

(နိရဉ္စရာ သတင်း)


Print
Read more »

ဂီရိလေဘေးသင့် ဒေသမှ ကလေးများကို စစ်သားအဖြစ် စုဆောင်းနေ

1/3/2011


ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဂီရိလဘေးသင့် ဒေသများမှ အသက်အရွယ် မပြည့်သူ ကလေးငယ်များကို စစ်သား အဖြစ် စုဆောင်းနေကြောင်း သတင်း ရရှိသည်။
လေဘေးသင့် ဒေသများတွင် စားဝတ်နေရေး အဆင်မပြေမူကြောင့် စစ်သားများ စုဆောင်းရ အထူး လွယ်ကူနေရာ ထိုအထဲတွင် အသက်မပြည့်သူ ကလေးငယ်များကိုလည်း စုဆောင်းနေကြောင်း ကျေးရွာသားများနှင့် လေဘေး ကယ်ဆယ်ရေး လုပ်နေသူများက ပြောသည်။


Burmese-soldier
“ အခု သူတို့ စုဆောင်းနေတာက မြေပုံမြို့ကနေ မိုင် ၅၀ အကွာမှာ ရှိတဲ့ ရက်ချောင်းအုပ်စု၊ ရေချိန် ကျေးရွာ အုပ်စု၊ မိုးသီးနတ်တောင် အုပ်စုတွေမှာ ကလေးငယ်တွေကို စစ်သား အဖြစ် စစ်တပ်က စုဆောင်းနေပါတယ်။ စကခ ၅ က ဗိုလ်သူကြီး အောင်သူငြိမ်းက စုဆောင်းနေတာ ဖြစ်ပါတယ်” ဟု လေဘေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။

ဒီဇင်္ဘာလ ၁၆ ရက်နေ့က မြေပုံမြို့နယ် ရက်ချောင်းရွာ၊ ကယုချောင်း ကျေးရွာ အုပ်စုမှ ဦးလှမောင်၏သား မောင်ခင်ဇော် (ခ) ဖိုးမောင်ချေ (၁၇ နှစ်) အား တိုင်းဗဟို လေ့ကျင့်ရေး ၉ သို့ ခေါ်ဆောင်သွားပြီး အ၀ါကျွန်းစု ကျေးရွာမှ ဦးဝေကျန်အောင်သား မင်းနိုင် (၁၆ နှစ်)ကိုလည်း စစ်တပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မြေပုံမြို့နယ် ၀ါးခုတ်ချောင်း ဘုန်းတော်ကြီး ပညာသင်ကျောင်းမှ အသက် ၁၆ နှစ် အရွယ် ကလေးငယ် တစ်ဦးအား စစ်တပ်ထဲသို့ ဆွဲခေါ်သွားပြီး ပသုံကျေးရွာမှ အသက် ၁၆ နှစ်သာ ရှိသေးသော ဦးကျော်သိန်းချေ၏ သားလတ် မောင်စိုးစိုးကိုအား တပ်ကြပ် စိုးလှမှ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ အခု ကျနော်တို့ သိရသလောက် အဲဒီအုပ်စုတွေမှာ လူငယ် ၃၀ ခန့်ကို စစ်သား အဖြစ် စုဆောင်းလို့ ရသွားတယ်လို့ သိရပါတယ်။ သူတို့ကို ကားနဲ့ တိုင်းဗဟိုလေ့ကျင့်ရေး ၉ ကိုခေါ်သွားတယ်လို့ သိရတယ်။ အများစုက အသက် မပြည့်တဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ပြောကြပါတယ်။ မိသားစုတွေကလည်း သဘော မတူကြဘူးလို့ ဆိုပါတယ်။ နောက်ဆုံးသတင်းရတာက တိုင်းဗဟို ၉ မှာတောင် မထားဘဲ အခု ကလေးတွေကို အနောက်ပိုင်း စစ်ဌာနချုပ်ကို ယူသွားတယ်လို့ ကြားရပါတယ်” ဟု သူက ဆက်ပြောသည်။

အမည်မဖေါ်လိုသူ ဦးဇင်း တစ်ပါးကလည်း “ သူက ဗုဒ္ဓဘာသာဆိုပေမယ့် နေ့တိုင်း အရက်သောက်ကြတယ်။ အချင်းချင်း ရန်ဖြစ်ကြတယ်။ လာရင် ကျောင်းမှာ တည်းခိုတယ်။ ကျောင်းဝင်းထဲမှာ ခလေးတွေကို သေနတ်တွေ ပစ်ပြတယ်။ တချို့ဆိုရင် သေနတ်တွေ ပေးကိုင်ခိုင်းတယ်။ စစ်တပ်ထဲကို ၀င်ချင်လာအောင် စည်းရုံးတာပေါ့။ စစ်သားတွေနဲ့ နေရတော့ အစားအသောက်ကလည်း မငတ်၊ သုံးရ စားရတယ်ဆိုတော့ နောက်ဆုံးတော့ တပ်ထဲ ပါသွားတော့တာပါဘဲ တကာကြီး” ဟု ပြောသည်။

မိဖများမှာ သားသမီးများကို စစ်တပ်ထဲသို့ မ၀င်ရန် တားမြစ်ချင်ကြသော်လည်း မတားမြစ်ရဲကြကြောင်း၊ အများစုမှာ ကျေးလက်နေ တောသူ တောင်သားများ ဖြစ်ကြပြီး ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသဖြင့် စစ်သားများကို စကားပင် မပြောရဲကြကြောင်း၊ တချို့ ကလေးငယ်များမှာ ရှင်မပြုရဘဲ စစ်တပ်ထဲသို့ ၀င်ရောက်သွားကြကြောင်း အဆိုပါ ဦးဇင်းမှ ပြောသည်။

မုန်တိုင်းသင့် ဒေသများတွင် မုန်တိုင်းပြီးနောက် ပြည်သူများ စားဝတ်နေရေး အဆင်မပြေကြသဖြင့် ကလေးငယ်များကို စစ်သားစုဆောင်းရသည်မှာ အလွန်လွယ်ကူနေပြီး စစ်သားစုဆောင်းရေး တပ်မှ စစ်သားများမှာ တရွာဝင် တရွာထွက် လှည့်လည် သွားလာနေကြသည်ဟု သိရသည်။

မြေပုံမြို့နယ်မှ မုန်တိုင်းသင့် ဒေသများတွင် စစ်တပ်များကို ဖြန့်ကျက်ချထားပြီး အဆိုပါ စစ်သားများက ကျေးရွာများမှ လူငယ်များကို စည်းရုံးကာ စစ်တပ်ထဲ အတင်း ၀င်ခိုင်းနေခြင်း ဖြစ်သည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်း။)
Read more »

၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့  ပြုလုပ်







31 Dec 2010
၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးနေ့  ၀မ်းနည်းအောက်မိဖွယ်အခမ်းအနားတရပ်ကို ၃၁ ဒီဇင်ဘာလ ၂၀၁၀ နေ့ က မဲဆောက်မြို့ ရွှေသဇင်ကျောင်းတွင်ပြုလုပ်ခဲ့ပါသည်။ ရခိုင်နိုင်ငံသည် အချုပ်အခြာအာဏာပိုင်အနေဖြင့် နှစ်ပေါင်း(၅၀၀၀)ကျော်ကြာ တည်တံ့ခိုင်မြဲခဲ့ပြီး
၁၇၈၄ - ခု ဒီဇင်ဘာလ(၃၁)ရက်နေ့ တွင် ဗမာပဒေသရာဇ် နယ်ချဲ့ များက မတရားကျူးကျော်သိမ်းပိုက်မှုကြောင့် ဗမာပဒေသရာဇ် နယ်ချဲ့ လက်အောက်သို့ ကျရောက်ခဲ့ပါသည်။ ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ သည် ရခိုင်တမျိုးသားလုံး၏ ၀မ်းနည်းကြေကွဲဖွယ်ရာဖြစ်သော ကျွှန်ဘ၀ကို ကျရောက်ခဲ့သည်မှာ ၂၂၆ နှစ်ပင် ပြည့်ခဲ့ပြီဖြစ်ပါသည်။ ထို့ အတွက်ကြောင့် ဤအခမ်းအနားကျင်းပရခြင်းမှာ
  • ပြည်ပရောက်ရခိုင်သူ/သားများရခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးနိန့် အကြောင်းသိရှိစေရေန်။
  • ရခိုင်တမျိုးသားလုံး မျိုးချစ်စိတ်ဓါတ်နိုးကြားပြီး အမျိုးသားရေးကို ပိုမိုပူးပေါင်းဆောင်ရွက်လာစေရန်။
  • ရခိုင်တမျိုးသားလုံး အချင်းချင်းပိုမိုစည်းလုံးညီညွတ်မှုရရှိရန်။
  • ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်။ ဖြစ်ပါသည်။ အခမ်းအနားကို မဲဆောက်ရောက် ရခိုင်သူ/သားများ 160 ခန့် တက်ရောက်ကြပြီး ရခိုင်သမိုင်းကြောင်းများနှင့် လက်ရှိအခြေအနေရခိုင်ဘ၀များအကြောင်းကို ဟောပြောကြပါသည်။
ညနေပိုင်းတွင် ကိုထက်ခေါင် မှ ဦးဆောင်ပြီး ရခိုင်အလုပ်သမားများတွေ့ ဆုံဆွေးနွေးပွဲ စကားဝိုင်းတရပ်ကို ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးချက်များမှာ မဲဆောက်ရောက် ရခိုင်အလုပ်သမားအခြေအနေများ ။ အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကာ Arakan Labour Network တခုကို ကျစ်လစ်ခိုင်စွာလုပ်ဆောင်သွားနိုင်ရန်လည်း အဓိကထားဆွေးနွေးခဲ့ကြပါသည်။

Arakan Labour Network ရခိုင်အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့  တွင် ပါဝင်သောအဖွဲ့ များမှာ
ALC - Arakan Labour Campaign
VOF- Ven Ottama Foundation
AWU - Arakan Worker Union
RWU - Rakhine Women Union (Mae Sot branch)
အလုပ်သမားခေါင်းဆောင်များ
ကျောင်းဆရာများ ဖြစ်သည်
Read more »