Wednesday 27 July 2011

မြောက်ဦးဘုရားများ ရှေးဟောင်း သုတေသနသို့ မလွှဲဟုဆို


 
 

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟောင်းမှ တူးဖော်ရရှိသည့် ဆင်းတုတော်များနှင့် ဌာပနာများကို ရှေးဟောင်း သုတေသန ဦးစီးဌာနသို့ မအပ်ဟု ရတနာ့မာန်အောင် ကျောင်းထိုင်ဆရာတေ် ဦးဝါယမိန္ဒက မိန့်ကြားသွားကြောင်း ဒေသခံများက ပြောသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနဌာနမှ ပင့်ဆောင်ရန် ကြိုးပမ်းနေမှုကို ကာကွယ် သွားမည် ဖြစ်ကြောင်း ရတနာ့မာန်အောင် ကျောင်းထိုင်ဆရာတော် ဦးဝါယမိန္ဒက ဇူလိုင်လ ၂၅ ရက်နေ့က ပြုလုပ် ခဲ့သည့် တရားပွဲတွင် ဒေသခံများကို မိန့်ကြားခဲ့ခြင်းဖြစ်သည်။

“အရှင်ဘုရားကတော့ လုံးဝမပေးနိုင်တော့ဘူးဆိုပြီး သန္နိဋ္ဌာန်ချထားတာပါ”ဟု တရားပွဲကြားနာခဲ့သူ မြောက်ဦးမြို့ခံ တဦးမှ မဇ္စျိမကို ပြောသည်။
ancient-pagoda-arakan2
၂ဝ၁၁ မေလ ၃ဝ ရက်နေ့တွင် တူးဖော်ရရှိသည့် အဆိုပါ ဆင်းတုတော်များနှင့် ဌာပနာ ပစ္စည်းများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၏ အမိန့်စာ၊ နေပြည်တော် ယဉ်ကျေးမှု ဒုဝန်ကြီး၏ ညွန်ကြားချက်၊ ပြည်နယ်ဝန်ကြီး အဖွဲ့၏ ညွန်ကြားစာဖြင့် မြောက်ဦးမြို့မှ ရှေးဟောင်း သုတေသနဌာန ဒုညွန်မှူး ကိုယ်တိုင် ဦးစီးပြီး ဌာပနာနှင့် ဘုရားမျာကို ပင့်ဆောင်ရန် ရောက်ရှိလာခဲ့ကြသည်။

သို့သော်လည်း ဒေသခံများက ပင့်ဆောင်ခွင့် မပြုနိုင်ကြောင်း ကန့်ကွက် တားမြစ်ထားသဖြင့် မပင့်ဆောင်နိုင်ဘဲ
ဖြစ်နေသည်။

မြောက်ဦးမြို့ဟောင်း ရတနာသိင်္ခရှိ လောကမဉ္စူစေတီတော် ပြန်လည်ပြုပြင်ရန် တူးဖော်စဉ် ဆင်းတုတော်များ ရရှိကာ လောကမဉ္ဇူ ဆင်းတုတော်မှာ ဉာဏ်တော် ၁၂ လက်မ၊ အလေးချိန် ၄ ပိဿာနှင့် ၆၄ ကျပ်သားရှိပြီး ရွှေဖြင့် သွန်းလောင်းထားသည်။ ယင်းဆင်းတုတော် အပါအဝင် အခြား ဆင်းတုတော် ၃၆ ဆူပါ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။

“အရှင်ဘုရားက တရားဟောတဲ့ အထဲမှာ နောက်ထည့်ဟောသွားတာက အစိုးရအသစ်ဟာ အရင်တုန်းကလို မဟုတ်ဘဲ ပြည်သူတွေကို တန်ဖိုးထားရမယ်။ ဒါပေမဲ့ သူတို့က အတင်းလုပ်လာရင်တော့ ဘုရားကို အသက်ပေးပြီး ကာကွယ်သွားမယ်ဆိုပြီး ထည့်ဟောသွားတဲ့ အတွက် တရားနာရောက်လာတဲ့ လူတွေအကုန်လုံး ဝမ်းသာအားရ
ဖြစ်ရပါတယ်” ဟု မြောက်ဦးမြို့ခံ တဦးက ပြောသည်။

တရားပွဲသို့ မြောက်ဦးမြို့ခံများ သာမက ကျောက်တော်၊ မင်းပြား၊ အပေါက်ဝ၊ ပလက်ဝ စသည့်မြို့များမှ ဘုရားဖူး လာရောက် ကြသည့် လူဦးရေ ၂,ဝဝဝ ကျော်ပါ လာရောက်၍ တရားနာယူသွားကြသည်။