Tuesday 9 November 2010

မြ၀တိပြည်သူများနေရပ်ပြန်နေကြပြီ

မိုးမိုးကျော် (Arakan Review) နိုဝင်ဘာလ (၁၁)၊ ၂၀၁၀။ နေ့လည် (၃) နာရီ။ ယနေ့ နံနက် (၄) နာရီတွင် နအဖလေတပ်မှ စစ်ရဟတ်ယဉ် နှစ်စင်း မြ၀တီ စစ်တပ်ဝင်းထဲကို ဆင်းသက် ခဲ့သည်ဟု သိရသည်။ မြ၀တီရဲစခန်းကို မနေ့ ညပိုင်းခန့်က ဒီကေဘီက လက်လွတ် လိုက်ရပြီဟု သိရသည်။ နိုဝင်ဘာ (၈) ရက်နေ့ ညသန်းခေါင်ကျော် (၂) နာရီခန့်အထိ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အပြင် လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြကြောင်း မြ၀တီမြို့၊ (၁၄) ဂိတ် အနီးတ၀ိုက်တွင် နေသူ တစ်ဦးက ပြောပြသည်။ ယခုအချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မကြားရတော့ဘဲ တိတ်ဆိတ်သွားပြီ ဖြစ်သည်။ မနေ့ ညနေက နအဖစစ်တပ်မှ လက်နက်ကြီး ပစ်ကူများကို ပစ်ခတ်ခဲ့ကြသည့် အပြင် ကောကရိတ်မှ စစ်ကူတပ်များ စစ်ထရပ်ကား (၅) စီးဖြင့် မြ၀တီသို့ ရောက်ရှိ အားဖြည့်ခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ ဒီကေဘီအေနှင့် နအဖအကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် မြ၀တီမြို့နှင့် တခြားအနီး အနားရှိ ကျေးရွာများက ရှောင်းတိမ်း ခဲ့ကြရသော ပြည်သူများကို ထိုင်း စစ်တပ်က ယာယီ ခိုလှုံခွင့် ပေးထားသည့် အပြင် မဲဆောက် လေယာဉ် ကွင်းထဲ တွင်လည်း ယာယီတဲများ ပြုလုပ် ပေးထားခဲ့သည်။ ထို့အပြင် မဲဆောက် အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းများကလည်း စစ်ဘေး တိမ်ရှောင် လူသူများကို အကူအညီများ ပေးနေကြသည်။ ထိုင်းစစ်တပ်က နောက်ထပ် လက်နက်ကြီး ကျည်များ မဲဆောက်ကို လာထိ မှန်ပါက ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းဖက် သတင်းရပ်ကွက်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယနေ့ နေ့လည်က မဲဆောက်အခြေစိုက် နယ်စပ် ကူညီ ကယ်ဆယ်ရေး အန်ဂျီအိုအဖွဲ့မှ ရုံးတာဝန်ခံ၏ ပြောပြချက်အရ မဲဆောက် လေယာဉ်ကွင်းတွင် စစ်ဘေး တိမ်းရှောင်လာသော ဒုက္ခသည် (၂) သောင်းမှ (၃) သောင်းခန့် ရှိသည်ဟု ဆိုသည်။ လူအင်အား မလိုက်နိုင်ခြင်း၊ ဒုက္ခသည်များ ၀င်လိုက် ထွက်လိုက် ဖြစ်နေကြခြင်းကြောင့် စာရင်းအတိအကျ မပြုစုနိုင်သေးကြောင်း သိရှိရသည်။ ယခုအခါ ထိုင်းအစိုးရက မြ၀တီ တိုက်ပွဲ အခြေအနေ ငြိမ်သက်သွားပြီဖြစ်၍ စစ်ဘေး တိမ်းရှောင် ဒုက္ခသည်များကို နေရပ်ရင်း မြ၀တီသို့ ပြန်ပို့နေပြီ ဖြစ်ကြောင်း သိရှိရပြီး အတင်းအကျပ် ပြန်ခိုင်းခြင်းမျိုး မဟုတ်ဟု သိရှိရသည်။ ပြန်ချင်စိတ်ရှိသော သူများကို ပြန်ခွင့် ပေးထားသော်လည်း တဖက်မှ ခိုလှုံလာသူများလည်း အဆမတန် များလာသည်ဟု သိရသည်။ ယခုအခါ မြ၀တီမြို့အား ဒီကေဘီအေတပ်များ ဆုတ်ခွာနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ဘုရားသုံး ဆူနယ်စပ်မှာလည်း နိုဝင်ဘာလ (၈) ရက်နေ့မှ စပြီး ယနေ့အထိ ဒီကေဘီအေတချို့က အစိုးရ ဌာနဆိုင်ရာ ရုံးများကို မီးရှို့ ဖျက်စီး လိုက်ပြီး တိုက်ပွဲများ ပြင်းထန် နေသည်ဟု သတင်း ရရှိသည်။