Thursday 11 November 2010

ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြည်ဝင်ခွင့်ဗီဇာရ

(rfa) 2010-11-11 မိခင်ဖြစ်သူကို တွေ့ဆုံနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် ကင်အဲရစ်ကို မြန်မာသံရုံးက ပြည်ဝင် ခွင့်ဗီဇာ ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ကိုထိန်လင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ၃ရက်နေ့က ဗီဆာလျောက်ထားခဲ့တာဖြစ်ပြီး ဒီကနေ့ မြန်မာသံရုံးမှာ ဗီဆာလာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ မနေ့က မြန်မာသံရုံးကို ကိုထိန်လင်းကို ဗီဇာပေးမပေးမေးမြန်းခဲ့ရာမှာ နေပြည်တော်က အကြောင်းပြန်ကြားချက်မရသေးဘူးလို့ သံရုံးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ကလာတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကိုထိန်လင်း ကို မြန်မာနိုင်ငံဗီဇာပေးလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ ကိုထိန်လင်းအနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဗီဇာလာ ရောက်ထုတ် ယူနိုင်ကြောင်း သတင်းရရှိထားတာကြောင့် RFA အပါအ၀င် ထိုင်းနိုင်ငံမှာ ရှိတဲ့ သတင်းထောက်တွေ သံရုံးရှေ့ဗီဇာဌာနအနီးမှာ တနေကုန်စောင့်နေပေမဲ့ ကိုထိန်လင်း လာရောက်တာ မတွေ့ရပါဘူး။ တချို့ကတော့ ကိုထိန်းလင်းအနေနဲ့ ဗီဇာကို ကိုယ်တိုင် လာရောက် ထုတ်ယူသွားတာမဟုတ်ဘဲ သူ့ကိုယ်စားလှယ် တယောက်ယောက်က လာရောက်ထုတ် ယူသွား တာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဒီကနေ့မှာ မြန်မာသံရုံးဆီက သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။