Sunday 21 August 2011

အစိုးရအဖွဲ့နှင့် တွေ့ဆုံမှု ဒေါ်အောင်ဆန်းစုကြည် အားရကျေနပ်



 
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများအား တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောဆိုသည်ဟု လုံခြုံရေး တာဝန်ယူထားသည့် ဦးခွန်သာမြင့်က ပြောသည်။

daw_suu_naypyitaw
ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတွင် ယနေ့နံနက်တွေ့ရစဉ် (ဓာတ်ပုံ - AP)
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားပြီဖြစ်ရာ မထွက်ခွာမီ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ သွားရောက်ခဲ့သည်။

ဆွေးနွေးပွဲ ခေတ္တရပ်နားနေစဉ် ဒေါ်အောင်ဆန်းစုကြည်သည် အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးသိန်း၊ အလုပ်သမား ဝန်ကြီး ဦးအောင်ကြည်၊ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မည်သည့် အကြောင်းအရာများကို ဆွေးနွေးကြောင်း ဦးခွန်သာမြင့်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ထိုသို့ တွေ့ဆုံကြစဉ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နှင့်လည်း တွေ့ဆုံနှုတ်ဆက်လိုကြောင်း ပြောဆိုသည်ဟု အစိုးရအသိုင်း အ၀န်းက ပြောသည်။

သို့သော် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဦးခွန်သာမြင့်က မသိရှိဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထိပ်တန်းခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ မှသည် ပိုမိုကျယ်ပြန့်ပြီး အကျိုးသက်ရောက်မှု မြန်ဆန်သည့် စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက် ဦးတည်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်တို့က တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ဖို့ တလျှောက်လုံး တောင်းဆိုလာတာပါ။ အခုလို စကားပြောဖြစ်ဖို့ ဆိုတာ အတော် အချိန်ယူ ကြရတာဖြစ်တယ်။ ကျနော်ထင်တယ်၊ အကောင်းဘက်ကို ပိုသွားနေတယ်လို့ ပြောချင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုကို ယမန်နေ့ညက နိုင်ငံပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သွားစဉ်တွင် “မတူကွဲလွဲချက်များကို ရှောင်ရှားပြီး တူတာတွေကို တိုင်းပြည်အကျိုးစီးပွားအတွက် လက်တွဲ လုပ်ဆောင်သွားမည်” ဟု ပြောဆိုကြေညာ သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့၏ ယခုကဲ့သို့ ပထမဆုံး တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို မြန်မာအစိုးရဘက်က လျစ်လျူမရှုဘူးဆိုတာ ထင်ရှားတဲ့ အချက်ဖြစ်တယ်။ အရှိတရား အမြင်အရ ပြောရရင် အပေါင်းလက္ခဏာ ဆောင်တဲ့ ခြေလှမ်းဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံမှု ၂ ကြိမ် ပြုလုပ်ခဲ့မှု၏ နောက်ဆက်တွဲ အကျိုးရလဒ်ဖြစ်ပြီး ဆက်လက် ဆွေးနွေးမှုများ ရှိမည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ယမန်နေ့က တွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများ မျှော်လင့်နေကြသည့် နိုင်ငံရေး ပြေလည်မှု အပြောင်းအလဲများ စတင်ဖြစ်ပေါ်ပြီလားဟု မြို့ကြီးများရှိ စိတ်ဝင်စားသူများက ပြောဆိုနေကြကြောင်း သိရသည်။

တချို့ ဝေဖန်သုံးသပ်သူများအနေဖြင့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာအတွက် မြန်မာအစိုးရက တာဝန်ယူရန် စိတ်ပိုင်းဖြတ်ထားပြီး အာဆီယံ စံများကိုက်ညီရန်အတွက် ယခုကဲ့သို့ အတိုက်အခံ ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမှုမျိုး လုပ်ပြခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုသည်။

“အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် အခုလိုတွေ့ဆုံတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ တကယ်ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးသင့်တယ်။ အကောင်းဖြစ်ချင်လို့ အကောင်းတော့ မျှော်လင့်တာပေါ့။သိပ်ပြီး မျှော်လင့်တာမျိုးလည်း မဖြစ်သင့်ဘူး” ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။
Read more »

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ


ရန်ပိုင် Friday, 19 August 2011 17:58


 
နေပြည်တော်တွင် ရောက်ရှိနေသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ ယနေ့ တွေ့ဆုံခဲ့ကြောင်း သတင်းရ ရှိသည်။

286415_10150260697139094_769844093_7663316_713778_o
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် တွေ့ဆုံမှုကို မြန်မာ့ရုပ်မြင်သံကြားက ယနေ့ည ၈း၀၀ နာရီတွင် ထုတ်လွှင့်သွားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)

ယနေ့ နေ့လယ်က နေပြည်တော်သို့ ဆိုက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဦးသိန်းစိန်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲ မတက်ရောက်ခင် ခေတ္တ တွေ့ဆုံပြီးနောက်တွင် သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အတွင်း လှည့်လည် ကြည်ရှုရန် တိုက်တွန်းကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ မတက်ရောက်ဘဲ နေပြည်တော်တွင် အစိုးရ၏ လုံခြုံရေး စောင့်ရှောက်မှုဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ညနေ ၄ နာရီတွင် သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်တွင် ထပ်မံ လက်ခံတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲမှာ ညနေ ၅ နာရီတွင် ပြီးဆုံးခဲ့ပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးကြသည်ကိုမူ မသိရှိရသေးပေ။ အဆိုပါ ဆွေးနွေးပွဲပြီးနောက် သမ္မတကတော်နှင့် အစိုးရတာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ရုံးအဖွဲ့ကို ၁၅ မိနစ်ခန့် တွေ့ဆုံခဲ့သည်။

သမ္မတဦးသိန်းစိန်က ယနေ့ည တည်ခင်းဧည့်ခံမည့် ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ ခန့်ကမှ နေပြည်တော်သို့ ရုတ်တရက် သွားရောက်ခြင်းဖြစ်သည်။ မနက်ဖြန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် သွားရောက်ရခြင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တွေ့ထိုက် သူများနှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ပြောသည်။

“ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်နေသည့်  Myanmar Egress ၏ အမှုဆောင် တဦးဖြစ်သူ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင် ဦးလှမောင်ရွှေကမူ မြန်မာနိုင်ငံရေးတွင် အဓိက အခန်းကဏ္ဍ၌ ပါဝင်နေသည့် လူများအနေဖြင့် မတူသည်ကို ဘေးဖယ်၊ တူသည်ကို ဝိုင်းဝန်းလုပ်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်း ပြောသည်။

သမ္မတဦးသိန်းစိန် အနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်မှုကို လိုလားကြောင်း၊ တိုင်းပြည်စီးပွားရေး ကဏ္ဍတွင်ပါဝင်နေသည့် လုပ်ငန်းရှင်ကြီးများနှင့် အပြန်အလှန် ဆွေးနွေးမှုများလည်း ပြီးခဲ့သည့် အင်္ဂါနေ့ညက ပြောဆိုခဲ့သေးကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး နယ်ပယ်မှ အသင်းအဖွဲ့အသီးသီးနှင့် တွေ့ဆုံရာတွင် သမ္မတဦးသိန်းစိန်က သဘောထား အမြင်မတူသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ မတူကွဲပြားမှုများကို ဘေးဖယ်ကာ တိုင်းပြည် အတွက် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများကို ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း  ဒေါ်အောင်ဆန်းစုကြည်မှာ အမျိုးသား ခေါင်းဆောင်၊ ပါတီတရပ်၏ ခေါင်းဆောင် ဖြစ်သည့်အတွက် သမ္မတ ဦးသိန်းစိန် အနေဖြင့် စီးပွားရေး ဆွေးနွေးပွဲ ဖိတ်ကြားခြင်းထက် နိုင်ငံရေး စားပွဲဝိုင်းသို့သာ ပိုမိုဖိတ်ကြားသင့်ကြောင်း ထောက်ပြဝေဖန်သည်။

“အခုဆွေးနွေးပွဲက စီးပွားရေး ဆွေးနွေးပွဲလေ။ တတ်သိနားလည်တဲ့ စီးပွားရေး ပညာရှင်တွေ၊ စီးပွားရေး သမားတွေနဲ့ ပိုသင့် တော်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံရေးအရ ဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖြေရှင်းစေချင်ကြောင်း ဦးအေးသာအောင်က ပြောသည်။
Read more »

Wednesday 17 August 2011

ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော

   ရန်ကုန် (မဇ္ဈိမ) ။      ။ ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည် လက်ခံမည် ဖြစ်ကြောင်း
နှင့် တောတွင်း လက်နက်ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသူများကို
ပြန်လာခွင့် ပြုသည်ဟု ပါရှိသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု ပြောကြားသည်။
theinseinecometinnpdပြစ်မှု ကျူးလွန်ခဲ့သူများ ပြန်လာလိုလျှင်တော့ ခွင့်လွှတ်လောက်သော ပြစ်ဒဏ်များကို လျော့ပေးပေးမည်။ ဆိုးဆိုးရွားရွား ပြစ်ဒဏ်များကိုတော့ ကျခံရမည်ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

မိနစ် ၂ဝ ခန့်ကြာသည့် သမ္မတ၏ တွေ့ဆုံမှုသို့ အသင်းပေါင်း ၄၀ ကျော်ကို ဖိတ်ကြားခဲ့သည်။

အစိုးရ၏ ပြန်လာခွင့်ပြုချက်ကို ပြည်ပရောက် နိုင်ငံရေး အဖွဲ့များအကြား အားတက်သရော မရှိဘဲ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သည့် အတွက် “အဓိပ္ဗါယ်မရှိ” သော ဖိတ်ခေါ်မှုဟုသာ တုံ့ပြန်ကြသည်။

“ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့် ငြိမ်းချမ်းရေးတွေ ရသွားအောင် ဆောင်
ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်း
အောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာမျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ် ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းက
ပြောသည်။

“ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့ အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး ” ဟု သူက ထပ်ပြောသည်။

ထိုသို့ ဖြစ်ထွန်းနေချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မှတ်ပုံတင်ခွင့် ပြုတော့ မည်ဟု သိရသည်။

“ အရမ်းကောင်းတဲ့ မင်္ဂလာရှိတဲ့ စကားပဲ။ ပရဟိတ လုပ်နေသူတွေ အများပြည်သူအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်
တယ်။ အားရှိစေတဲ့ စကားဖြစ်တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။
Read more »

စစ်ရှောင်နည်း နယ်စပ်တွင် လေ့ကျင့်



 
နယ်စပ်တွင် တိုက်ပွဲကြီးများ ဖြစ်ပွားနိုင်သည့် အတွက် ကရင်ပြည်နယ် တဘက်ခြမ်းရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ဒေသခံများက စစ်ဘေးအန္တရာယ် အရေးပေါ် ရှောင်ရှားနည်းများကို ယနေ့ လေ့ကျင့် ခဲ့ကြသည်။

Maesot_news_aug_17_11_02
ဒဏ်ရာရသူများအား ကယ်ဆယ်ပုံကိုလည်း လေ့ကျင့်ခန်းတွင် တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

မဲဆောက်မြို့ နရေးစွမ် အားအစားကွင်းအတွင်း ထိုင်းနိုင်ငံ ပြည်တွင်း လုံခြုံရေးဌာနက စီစဉ်သည့် လေ့ကျင့်မှုတွင် ထိုင်းနှင့် မြန်မာနိုင်ငံသား  ၅၀၀ ခန့်ကို မဲဆောက်အခြေစိုက် လူမှုကူညီရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့်အတူ တွေ့ရသည်။

"မြန်မာဘက်မှာ လာမယ့် ပွင့်လင်းရာသီအတွင်း အစိုးရတပ်နဲ့ လူမျိုးစုတပ်တွေ တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားတွေ ရှိတယ်။ မနှစ်က ဆိုရင် မြ၀တီတိုက်ပွဲကြောင့် မြန်မာဘက်က စစ်ပြေးဒုက္ခသည် နှစ်သောင်းကျော် ထိုင်းဘက်ကို ရောက်လာတာတွေ ရှိတယ်။ အန္တရာယ်တွေကို ကြိုတင် ကာကွယ်နိုင်ဖို့ ဒီလေ့ကျင့်မှုကို လုပ်ရတာပါ" ဟု ပြည်တွင်း လုံခြုံရေးဌာန၏ တာ့ခ်ခရိုင် ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ပတင်ယန်လီလာ့ကျရိန်က သတင်းထောက်များကို ပြောသည်။

လေ့ကျင့်မှုတွင် မြ၀တီမြို့ဘက်မှ ဒေသခံများ ထွက်ပြေးလာပုံကို ပြန်လည်သရုပ်ဖော်မှုလည်း ပါဝင်သည်။

ဤလေ့ကျင့်မှုများက အကျိုးရှိမည်ဟု ဒေသခံတဦးဖြစ်သူ မဲဆောက်၊ မဟာဝမ်ရွာမှ ထိုင်းအမျိုးသမီး ပကျန်ပီက ပြောသည်။

"ဒီပွဲမှာက စစ်ဖြစ်ရင် သိထားရမယ် အခြေအနေတွေကို သိရတော့ ဗဟုသုတတွေရတယ်။ ဒီလို လုပ်ရကောင်းမှန်း မသိလို့ မနှစ်က တိုက်ပွဲဖြစ်တုန်းက အဒေါ်တို့ဆီက လူတယောက် လက်နက်ကြီး ထိလို့ ခြေထောက်တဖက် ဖြတ်လိုက်ရတယ်" ဟု သူက ဧရာဝတီကို ရှင်းပြသည်။

ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲငယ်များ အဆက်မပြတ် ဖြစ်ပွားနေပြီး လာမည့် ပွင့်လင်းရာသီတွင် မြို့တွင်းတိုက်ပွဲများ ပေါ်ပေါက်လာမည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုက ယနေ့ ပြောလိုက်သည်။

Maesot_news_aug_17_11_02
စစ်ဘေးအန္တရာယ် အရေးပေါ် ရှောင်ရှားနည်းလေ့ကျင့်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလည်း ပါဝင်သည် (ဓာတ်ပုံ - ဧရာဝတီ)

"ဒီလ ၁၄ ရက်ရက်နေ့မှာ DKBA တပ်မဟာ ၅ က တပ်မှူး အစည်းအဝေး လုပ်တယ်။ အဓိက ဆုံးဖြတ်တာက လာမယ့် နွေရာသီမှာ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စတဲ့မြို့တွေမှာ မြို့တွင်းတိုက်ပွဲ စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ ရှိတယ်" ဟု တိုးတက်သော ဗုဒ္ဓသာသာ ကရင် အမျိုးသား တပ်မတော် DKBA တပ်မဟာ ၅ ၏ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က  ဧရာဝတီကို ပြောသည်။

ယမန်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပနေစဉ် DKBA က မြ၀တီ၊ ဘုရားသုံးဆူ မြို့နယ်တို့ကို  ၀င်ရောက် တိုက်ခိုက်ခဲ့သည်။
Read more »

မစ္စတာ ကင်တားနား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်

(ဧရာဝတီ)


 
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်အိုဟေး ကင်တားနားသည် သြဂုတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

0221-Myanmar-Human-Rights-Toma-Ojea-Quintana-600_full_600
၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ အတွင်းက ဦးဝင်းတင်၊ ဦးတင်ဦးနှင့် မစ္စတာ ကင်တားနားတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)
“မစ္စတာ ကင်တားနားလာရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့တော့ရှိတယ်။ ဒါပေမယ့် ဘယ်နေ့တွေ့မယ်ဆိုတာ ကျနော်တို့ မသိရသေးဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဧရာဝတီကို ပြောသည်။

မစ္စတာ ကင်တာနား၏ ယခုခရီးစဉ်သည် ၄ မြောက် မြန်မာပြည်ခရီးစဉ်ဖြစ်ပြီး ၅ ရက်ကြာ လာရောက်မည် ဖြစ်သည်။

NLD ပါတီအပါအ၀င် နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ တခြားသော အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များနှင့် တွေ့ဆုံးပြီး အကျဉ်းထောင်တချို့သို့လည်း သွားရောက်ကြည့်ရှုမည်ဟု သိရသည်။

ယခုခရီးစဉ်အတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ လွတ်မြောက်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းအချက်အလက် စုဆောင်းသွားမည်ဟု သိရှိရသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသူများ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုဇာဂနာ စသည့် ထင်ရှားသည့် အနုပညာရှင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ကျော် ပြန်လွတ်ရေးအတွက် မစ္စတာ ကင်တားနားအနေဖြင့် ယခုခရီးစဉ်တွင် အလေးပေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

မစ္စတာ ကင်တားနား မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စအပေါ် NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ၀မ်းမြောက်စွာ ကြိုဆိုလိုက်ပြီး ယခုခရီးစဉ်အတွင်း ၄င်း၏လုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောသည်။

“ကျနော်ဆက်ဆံဖူးတဲ့ လူတွေထဲမှာ သူက ရိုးသားတယ်။ အလွန် အလေးအနက်ထားတယ်။ သူ့လုပ်ငန်းဖြစ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးကိစ္စအပေါ် သတိရှိတဲ့သူ ဖြစ်တယ်။ ဒီတခေါက် သူ့ခရီးစဉ်မှာ အရင်လို အခြေအနေ မဟုတ်တော့ဘူး။ အခု အစိုးရသစ်တက်လာပြီး ဒီလိုခွင့်ပြုတာဟာ လွတ်လပ်ခွင့်တွေ ရမယ်လို့ သူယုံကြည်တယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ယခင်စစ်အစိုးရလက်ထက် ခရီးစဉ်များတွင် မစ္စတာ ကင်တားနားကို ချုပ်ချယ်ကန့်သတ်မှုများပြုလုပ်ခဲ့သော်လည်း ယခု အစိုးရအနေဖြင့် လွတ်လပ်ခွင့် အပြည့်အ၀ပေးမည်ဟု ယုံကြည်ကြောင်း၊ အဆိုပါ လွတ်လပ်ခွင့်များကို မှန်ကန်စွာ အသုံးစွဲပြီး အချက်အလက်များကို မှန်ကန်စွာ စုဆောင်းနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း၊ ထို့အပြင် လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍လည်း ခရီးစဉ် ရည်ရွယ်ချက်များ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါစေဟု ဆုတောင်းကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

မစ္စတာ ကင်တားနားသည် ယခင် စစ်အစိုးရလက်ထက် ကျူးလွန်ခဲ့သည်ဟု အဖွဲ့အစည်းအသီးသီးက စွပ်စွဲထားသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားထုအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုများ ရှိ မရှိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် (CoI) ဖွဲ့ရန် တောင်းဆိုထားသည်။

နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးကလည်း မစ္စတာကင်တားနား အဆိုပြုထားသည့် CoI ဖွဲ့ရေကို အမြန်ဆုံး အကောင်အထည်ပေါ်ရေး တိုက်တွန်းနေကြသည်။

အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံပေါင်း ၁၆ နိုင်ငံကျော်ကလည်း COI အမြန်ဆုံး ဖွဲ့ရေးအတွက် ထောက်ခံထားသည်။

NLD ပါတီက တရားဝင် ရပ်တည်မှုဆိုင်ရာ ကိစ္စအပါအ၀င် NLD ပါတီ အနေဖြင့် တလျှောက်လုံး လူ့အခွင့်အရေးစာတမ်းပါ အချက်များ ချိုးဖောက်ခံနေရမှု၊ ဒီပဲယင်းလုပ်ကြံမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ကို အသက်အန္တရာယ် ခြိမ်းခြောက် တိုက်ခိုက်ခံရမှုနှင့် ဒီမိုကရေစီ လိုလားသူများကို သတ်ဖြတ်တိုက်ခိုက်မှု၊ ပါတီဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု စသည်တို့ ပါဝင်သော တိုင်ကြားစာကို ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ ရေးပို့ရန် အဆင်သင့်ဖြစ်နေကြောင်း NLD ပါတီမှ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် သီတင်း ၂ ပတ်အတွင်း ၂ ကြိမ်တိုင်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့၏ တွေ့ဆုံမှုတွင် မြန်မာအစိုးရဘက်က CoI ဖွဲ့ရေးကိစ္စအပေါ် စိုးရိမ်ပူပန်မှုရှိသည်ကို ထင်ဟပ်ကြောင်းနှင့် NLD ပါတီ တရားဝင်ရပ်တည်ရေးဆိုင်ရာ ဆက်လက်ဆွေးနွေးသွားကြရန် ရှိကြောင်း NLD နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် CoI ဖွဲ့ခြင်းသည် အပြစ်ပေး အရေးယူသည့် ခုံရုံးမဟုတ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်သာဖြစ်ကြောင်း သဘောထားအကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုကာ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် ယခင် စစ်ဗိုလ်ချုပ်များကို သိစေခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်များကြား ဖြစ်ပွားနေသော စစ်ပွဲများအတွက် အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းလုပ်ဆောင်ချက်များ၊ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်ပြခြင်းများသည် ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးအတွက် ဖြစ်ကြောင်း လေ့လာအကဲခတ်သူများက ပြောဆိုကြသည်။  

မစ္စတာ ကင်တာနား၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရ ဖွဲ့ပြီးနောက်ပိုင်း ပထမဆုံး လာရောက်ခွင့်ရခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုများ လုပ်နေချိန်၊ တိုင်းရင်းသားဒေသများတွင် စစ်ပွဲများကြောင့် ဒုက္ခသည်များ တိုးပွားလာနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် သတင်းစားရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မစ္စတာ ကင်တားနား မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်အနေဖြင့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည်ဟု ကြွေးကြော်တက်လာပြီးနောက်ပိုင်း အပြုသဘောဆောင်သည့် ဖြစ်ထွန်းမှုတချို့ကို မြင်တွေ့ရကြောင်း အကောင်းဘက်မှ ရှုမြင်သူများက ပြောသည်။

အပြုသဘော လက္ခဏာများမှာ အငြိမ်းစား ပင်စင်လစာများ တိုးပေးခြင်း၊ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပါသည့် အကျဉ်းသားများလွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံပြီး ၂ ဖက် ပူးပေါင်းဆောင်ရွက်ရေး ရှေးရှုသွားမည်ဟု ပြောဆိုလာခြင်းနှင့် မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုခြင်းတို့ ဖြစ်သည်ဟု ဆိုသည်။
Read more »