Friday 24 June 2011

နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဗုံးဆက်တိုက်ကွဲ

 

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ယနေ့ နေ့လယ်၌ ဆက်တိုက် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံးပေါက်ကွဲကြောင်း သိရသည်။

bomb-mdy-naypyitaw
မန္တလေးတွင် ကားဗုံးကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / Facebook)

သပြေကုန်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက “အရမ်းပြင်းတော့ အိမ်အမိုးလန်သွားတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြေးကြလွှားကြနဲ့” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့်  ထိခိုက်သေကျေမှု သတင်းအတိအကျ မသိရသေးကြောင်း၊ လုံထိန်းများနှင့် ရဲများရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားကြောင်း ၎င်းဒေသခံက ပြောသည်။

တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင်လည်း နေလယ် ၁၂ နာရီခန့်က ကားဗုံးတလုံး ပေါက်ကွဲသည်။

ဂျစ်ကားပေါ်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး နှစ်ဦး ဒဏ်ရာရကြောင်း၊ မြို့နယ်အာဏာပိုင်များနှင့် ရဲများ၊ လုံခြုံရေး တာဝန်ရှိသူများ၊ မီးသတ်များက ပေါက်ကွဲမှု ဖြစ်သည့် အနီးတ၀ိုက်ကို ပိတ်ဆို့ထားကြောင်း မန္တလေး ဒေသခံတဦးက ပြောသည်။

“အသံကြီးက ကျယ်တယ်။ ထရန်စဖော်မာ ပေါက်တယ်ထင်တာ။ ဈေးချိုက ဥပုသ်နေ့ဆိုတော့ ပိတ်ထားလို့။ ဖွင့်ရင်တော့ မလွယ်ဘူး” ဟု ဆိုသည်။

ယင်းကားဗုံးပေါက်ကွဲမှုအားသည် ကြီးမားကြောင်း၊ အနီးနား အဆောက်အဦးမှ ပြတင်းပေါက် မှန်များလည်း ကွဲကုန်ကြောင်း သိရသည်။

ထို့နောက် နေ့လယ် ၂ နာရီခန့် တွင် မန္တလေးမြို့ ၃၁ လမ်းနှင့် ၃၂လမ်းကြား၊ ၈၄ လမ်းမကြီးပေါ်ရှိ စိန်စပယ်ဖူး ရွှေဆိုင်အနီးတွင် ဗုံးတလုံးထပ်မံ ရှာဖွေတွေ့ရှိခဲ့ရာ ၃ နာရီကျော်ကျော်တွင် ဗုံးရှင်းလင်းရေးအဖွဲ့များက ဖောက်ခွဲ ဖျက်ဆီး ရှင်းလင်းလိုက်ကြောင်း သိရသည်။

ယင်းဗုံးပေါက်ကွဲမှုများ ဖြစ်ပြီး မကြာမီတွင်ပင် ပြင်ဦးလွင်မြို့၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၃၊ အကွက် ၄ ရှိ လူမနေသည့် အိမ်တလုံးတွင် ပေါက်ကွဲခြင်းဖြစ်ပြီး အိမ်ပြိုကျသွားသည်ဟု သိရှိရသည်။

မြို့ ၃ မြို့တွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲနေသည့်အတွက် ပြည်သူများအကြား ထိပ်လန့်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

မန္တလေးမြို့ခံတဦးက “ဗုံးတွေက ဟိုနားဒီနားမှာ တွေ့နေရတော့ လူတွေကတော့ လန့်နေကြတယ်။ ဒါပေမယ်လည်း သွားစရာလာ စရာရှိတော့လည်း သွားနေရတာပေါ့” ဟု ဆိုသည်။


တခြား မန္တလေးမြို့ခံတဦးကလည်း “လူသွားလူလာများတဲ့ ကျောင်းဆင်ချိန်မှာ နောက်ထပ်ဗုံးဆိုတော့ လန့်နေကြတာပေါ့” ဟု ပြောသည်။

ဗုံးပေါက်ကွဲသည့် နေရာများသည် မန္တလေးမြို့ အချက်အချာကျသည့် ဈေးချိုတော်နှင့် စာသင်ကျောင်းများ ရှိသည့် နေရာဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော် မြို့မဈေးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရေနီမြို့ အမှတ် ၅ လေ့ကျင်ရေးတပ်နေ အသက် ၃၅နှစ် အရွယ်ရှိ ကိုအောင်ကိုလတ်ကို ဖမ်းဆီးခဲ့သည်။

ထိုသို့ဗုံးပေါက်ကွဲမှုများတွင် မည်သည့် အဖွဲ့အစည်းကမှ မိမိတို့လက်ချက်ဖြစ်ကြောင်း ၀န်ခံခြင်းမရှိသော်လည်း အစိုးရကမူ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အခြားလက်နက်ကိုင်အဖွဲ့များကို စွပ်စွဲရေးသားသည်
Read more »

Tuesday 14 June 2011

ပလောင်ဒေသ လူကုန်ကူးမှု ဆက်လက် ကြီးထွား



 
ရှမ်းပြည်နယ်၊ ပလောင်ဒေသတွင် လူကုန်ကူးမှု ကြီးထွားနေရခြင်းမှာ အာဏာပိုင်တို့ ဖိနှိပ်ခြင်း၊  စီးပွားရေး ကျပ်တည်းခြင်း တို့ကြောင့် ဖြစ်ကြောင်း ထိုင်းမြန်မာနယ်စပ် အခြေစိုက် အမျိုးသမီးအဖွဲ့တခုက ယနေ့ ပြောကြားလိုက်သည်။

Stolen_Lives_Burmese_For_Web2-1
ပလောင်အမျိုးသမီး အစည်းအရုံး၏ ယနေ့ ထုတ်ပြန်သော အစီရင်ခံစာ မျက်နှာဖုံး
၂၀၀၅ ခုနှစ်နောက်ပိုင်း စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေး အခွန် မြင့်မားလာခြင်း၊ စားဝတ်နေရေး ခက်ခဲလာခြင်းတို့က ဒေသခံများကို  လူကုန်ကူးခံရသည့် ဘ၀သို့ တွန်းပို့နေကြောင်း ပလောင်အမျိုးသမီး အစည်းအရုံး၏ ယနေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

လူကုန်ကူးခံရသူ အများစုမှာ တရုတ်နိုင်ငံရှိ စက်ရုံများတွင် ၀င်ငွေကောင်းသည့် အလုပ်အကိုင် ရမည် ဟူသော မက်လုံးဖြင့် လှည့်ဖြားခံရသူများ ဖြစ်သည်ဟု ဆိုသည်။

“တရုတ်ပြည် ရောက်တဲ့အချိန်မှာ တရုတ် အမျိုးသားရဲ့ ဇနီးမယားအဖြစ် အတင်းအဓမ္မ လက်ထပ်ခံရတယ်၊ ဒါမှမဟုတ် ပြည့်တန်ဆာ အဖြစ် ရောင်းစားခံရတယ်” ဟု  အစီရင်ခံစာ ပြုစု ရေးသားသူ တဦး ဖြစ်သည့်
လွေးမိုးခမ်းက ပြောသည်။

အမျိုးသမီးများ အတင်းအကျပ် လက်ထပ်ခံရမှုကို  ဖြစ်စဉ်၏ ၂၅ ရာခိုင်နှုန်းကျော်တွင် တွေ့ရပြီး   လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် ရောင်းစားခံကြရမှုကို ၁၀  ရာခိုင်နှုန်းတွင် တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အသက် ၁၀ နှစ်အောက် ကလေးငယ် ရောင်းဝယ်သည့် ဖြစ်ရပ် ၁၁ ခုလည်း တွေ့ရှိချက်များတွင် ပါဝင်သည်။

"သိမ်းပိုက်ခံဘ၀များ" အမည်ရှိ ထိုအစီရင်ခံစာသည် ပြီးခဲ့သည့် ၆ နှစ်အတွင်း ပလောင်ဒေသရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ စသည့် မြို့နယ်တို့မှ လူကုန်ကူးမှု ဖြစ်စဉ် ၇၂ ခုကို သုတေသနပြုပြီး ရေးသား ထုတ်ပြန်ခြင်း ဖြစ်သည်ဟု သိရသည်။

ရှမ်းပြည်မြောက်ပိုင်း လူကုန်ကူးမှု ဖြစ်ပေါ်စေသော အရင်းအမြစ်များကို စနစ်တကျ ကိုင်တွယ် ဖြေရှင်းရန် လိုအပ်နေသည် ဟုလည်း အစီရင်ခံစာက ထောက်ပြထားသည်။

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အစိုးရကလည်း ဆောင်ရွက်နေကြောင်း ယခုတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဖော်ပြထားသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးသည် "အမျိုးသားရေးလုပ်ငန်း" တရပ် ဖြစ်သည်ဟု အစိုးရ၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် ခင်မောင်စီက ယခုလ ၄ ရက်နေ့တွင် ပြောကြားကြောင်း ဂျာနယ်က ဆိုသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်ပြီး ထိုအဖွဲ့က လူကုန်ကူးမှု အဖြစ်များသည့် ဒေသများတွင် အသိပညာပေး ဆိုင်းဘုတ်များ၊ ပိုစတာများ စိုက်ထူထားသည်ဟု သိရသည်
Read more »

ချောင်းကူးတံတား KIA ချိုး၊ စစ်တပ် ထောက်ပံ့ရေး လမ်းကြောင်းပျက်

 သန်းထိုက်ဦး Tuesday, 14 June 2011 16:44

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ နမ်ဖတ်ခချောင်း ကူးတံတားကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ ၀င်များက ယနေ့နံနက် ၃ နာရီခွဲခန့်က ဗုံးခွဲဖျက်ဆီးလိုက်သည်။  “အစိုးရ စစ်ကူတွေ ဘာတွေ မလာနိုင်အောင် ဆိုပြီးတော့ တာပိန်ကိုသွားတဲ့ လမ်းမှာ နမ်ဖတ်ခ ဆိုတာ ရှိတယ်၊ အဲဒါ ကြိုးတံ တားလေ ဒါပေမယ့် အဲဒီ ကြိုးတံတားက ကားတွေ ဘာတွေ ဖြတ်လို့ရတယ်၊ အဲဒါ ကျနော်တို့ ဖျက်လိုက်တယ်”ဟု ကချင်လွတ် မြောက်ရေး အဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောဆိုသည်။  ယင်း တံတားကို ဗုံးခွဲ ဖျက်ဆီးလိုက်သောကြောင့် အစိုးရစစ်တပ်က လက်နက်ကြီးများ သယ်ဆောင်လာသည့် ကားများ အခက်အခဲ ဖြစ်သွားကြောင်း ၎င်းက ဆိုသည်။  စစ်ရေး အရ နှစ်ဘက် တင်းမာနေသော်လည်း တိုက်ပွဲများ ထပ်မံ ဖြစ်ပွားမှုကို မကြားသိရသေးပေ။ မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်မှ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။  မြန်မာ အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားသည့် နေ့မှ စတင်၍ ယမန်နေ့ အထိ KIA တပ်သား ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း KIAက ဆိုသည်။  အစိုးရစစ်သားများ၏ သေဆုံးမှု စာရင်း အတိအကျကို မသိရသော်လည်း ရာနှင့်ချီ ထိခိုက် ဒဏ်ရာရရှိကြောင်း ဗန်းမော်မြို့ ဒေသခံများကို ကိုးကား၍ ဦးလနန်က ပြောသည်။  စစ်အစိုးရသည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံ ရေးအရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ မြန်မာ အစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆို ညှိနှိုင်းကြရာမှ မပြေလည်ဘဲ တင်းမာမှုများ စတင်ခဲ့ကြောင်း သိရသည်။  ယခုအခါ KIA ဗဟိုဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နယ်နှင့် ဗန်းမော် - မြစ်ကြီးနား ကားလမ်း တလျှောက်တွင် မြန်မာအစိုးရ က တပ်အင်အား ထပ်မံတိုးချဲ့ထားသောကြောင့် တိုက်ပွဲများ နေရာအနှံ့ ဖြစ်ပွားလာနိုင်ကြောင်း ဦးလနန်က ဆက်ပြောသည်။  “တိုက်ပွဲဖြစ်ဖို့ အခြေအနေကတော့ ခန့်မှန်းလို့ မရတော့ဘူး၊ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားပြီ၊ စိုးရိမ် ရေမှတ်ထက် ကျော်သွားပြီလို့ ပြောရမှာပဲ”ဟု ၎င်းက ဆိုသည်။  တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူများ ရာနှင့်ချီ၍ တရုတ်နယ်စပ်နှင့် KIA ထိန်းချုပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်။  တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ် အနီးတ၀ိုက်တွင် ကျေးရွာ ၁၀ ရွာခန့်ရှိပြီး အိမ်ခြေ ၃၀ မှ ၅၀ ခန့်ရှိ ရာ အနည်းဆုံး စစ်ပြေး ဒေသခံပြည်သူ ဦးရေ ၅၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။  ထို့အပြင် ယခုရက်ပိုင်း လွယ်ဂျယ်မြို့နယ်အတွင်းရှိ ဘုရားကုန်းတွင် အစိုးရအမြောက်တပ်များ စစ်အင်အား တိုးချဲ့ထားသည့် အတွက် ဒေသခံတချို့က စစ်ဖြစ်မည်ဟု ထင်မြင်ချက်များရှိနေသောကြောင့် တရုတ်နိုင်ငံဘက်သို့ ထွက်ပြေး တိမ်ရှောင်နေ ကြောင်းလည်း ဦးလနန်က ပြောသည်။  ၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြားခဲ့သည်။
Read more »