Tuesday 23 November 2010

ကမ္ဘောဒီးယားပွဲတော် လူအုပ်ပိသေသူ ၃၀၀ ကျော်

လူပြိုကျမှုအတွင်း ဒဏ်ရာရသွားသူတဦးအား ကယ်ထုတ်လာစဉ်။
ဓာတ်ပုံ AP
လူပြိုကျမှုအတွင်း ဒဏ်ရာရသွားသူတဦးအား ကယ်ထုတ်လာစဉ်။ နိုဝင်ဘာ ၂၂၊ ၂၀၁၀။
မနေ့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ပွဲတော်တခုဖြစ်တဲ့ မြို့တော် ဖနွမ်းပင် ဘုရင့်နန်းတော်အနီး ကျွန်းငယ်လေးတခုပေါ်က ရေကစားပွဲတော် အချိန်အတွင်းမှာ လူတွေ များလွန်းတဲ့အတွက် လူအုပ်ကြီး လဲပြိုပိကျပြီး သေဆုံးခဲ့ရသူပေါင်း ၃၃၉ ယောက် ရှိသွားခဲ့တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခီယူ ခန်ဟာရစ်သ် (Khieu Kanharith) နဲ့ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) တို့က ကြေညာ ပြောဆိုခဲ့ပါတယ်။
လူ ရာပေါင်းများစွာလည်း ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။ ဒီလဲပြိုမှုဟာ ညပိုင်း ၁၀ နာရီလောက်က ကျွန်းပေါ်က တံတားတခုပေါ်မှာ ဖြစ်ခဲ့တာပါ။
လူပေါင်း ၄,၀၀၀,၀၀၀ လောက် လာကြတဲ့ ဒီပွဲတော်မှာ Tonale Sap  ဆိုတဲ့ မြစ်ကူးတံတားပေါ်က လူအုပ်တွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ရေဖျန်းပြီး လူစုခွဲခဲ့တာမှာ ကြောက်လန့်တကြားနဲ့ လူတွေ ပြေးလွှားကြရာက လူအုပ်တွေ လဲပြိုပိကျကုန်တာလို့ ဖနွမ်းပင် ပို့စ် (Phnom Penh Post) သတင်းထောက်က ပြောပါတယ်။
တချို့လူတွေကလည်း လူလူချင်း အနင်းခံရမှာစိုးလို့ မြစ်ထဲကို ခုန်ချကြရာက ရေနစ်သေဆုံးကုန်ကြတယ်လို့ ဆိုပါတယ်။
တံတားမှာ အလှတပ်ဆင် ထွန်းညှိထားတဲ့ လျှပ်စစ်မီးလုံးပေါင်း များစွာကနေ ရေစိုနေတဲ့ လူအုပ်တွေ ဓာတ်လိုက်ကုန်ကြတာတွေလည်း ရှိခဲ့တယ်လို့ ပွဲတော်ထဲမှာ ရောက်ရှိနေတဲ့ ဖနွမ်းပင် ပို့စ် သတင်းထောက် စတီဖင် ဖင့်ခ်ျ (Steve Finch) က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယား အစိုးရကတော့ လျှပ်စစ်ဓာတ်ကြောင့် သေဆုံး ဒဏ်ရာရမှုတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အခုဖြစ်ရပ်ဟာ ၁၉၇၀ ခုနှစ်တွေအတွင်း ခမာနီတွေရဲ့ ရက်စက်စွာ အုပ်ချုပ်မှုကာလက အဖြစ်အပျက်တွေပြီးရင် နောက်ထပ် ၀မ်းနည်းစရာ အကောင်းဆုံး မတော်တဆ ဖြစ်ပွားရမှုကြီး ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဟွန်ဆန်က ပြောဆိုလိုက်ပြီးတော့ လာမယ့် ကြာသပတေးနေ့ကို ကွယ်လွန်သူတွေအတွက် အောက်မေ့ သတိရသောအားဖြင့် နိုင်ငံရဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်မယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။
Read more »

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် တွေ့ဆုံခွင့်ရ

ဖနိဒါ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၂ မိနစ်
ချင်းမိုင် (မဇ္စျိမ)။        ။ ဒေါ်အောင်ဆန်းစုကြည်က ၁ဝ နှစ်ကျော် ကွဲကွာခဲ့သော သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကို ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်၌ ယနေ့ နံနက် သွားရောက်ကြိုဆိုခဲ့သည်။

၃၃ နှစ်အရွယ် ကိုထိန်လင်းသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ယခုလ ၈ ရက်နေ့တွင် ပြည်ဝင်ခွင့် ဗီဇာ တောင်းဆိုခဲ့ပြီးနောက် ယမန်နေ့က မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာရရှိခဲ့ခြင်း ဖြစ်သည်။

သားနှင့် တွေ့ဆုံခွင့်ရသည့်အပေါ် မည်သို့ ခံစားရပါသလဲဟု
သတင်းထောက် တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က “ပျော်ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

ကိုထိန်လင်းက သူ၏ ဘယ်ဘက်လက်မောင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံပုံကို ဆေးမင်ကြောင် ထိုးထားကြောင်း မိခင်ကို ပြသရာ ဒေါ်အောင်ဆန်းစုကြည်က ပြုံး၍ ကြည့်ခဲ့သည်။

အာဏာပိုင်များက လေဆိပ် အထူးလုံခြုံရေး နေရာမှနေ၍ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းစေခဲ့သည်။ သူမကို အန်အယ်ဒီ လုံခြုံရေးလူငယ် ၂ဝ ခန့်က လေဆိပ်သို့ လိုက်ပါပို့ဆောင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ကို မင်္ဂလာဒုံလေဆိပ်၌ တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်ကို မင်္ဂလာဒုံလေဆိပ်၌ တွေ့ရစဉ်
ကိုထိန်လင်းသည် မိခင်နှင့်အတူ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ နေထိုင်သွားမည် ဖြစ်သည်။  ရွှေတိဂုံဘုရားသို့ သားအမိနှစ်ဦး ဘုရားဖူးသွားရန် စီစဉ်ထားသော်လည်း မည်သည့်နေ့တွင် သွားရောက်မည်ကို မသိရသေးကြောင်း အန်အယ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသား မိုက်ကယ်လ် အဲရစ္စနှင့် ၁၉၇၂ ခုနှစ်တွင် လက်ထပ်ခဲ့ရာ သား ၂ ဦး မွေးဖွားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နာမကျန်းဖြစ်နေသော မိခင် ဒေါ်ခင်ကြည်ကို ပြုစုရန် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သို့ ပြန်လာခဲ့ရာ နိုင်ငံတဝှန်း လူထုအုံကြွမှုကြီးနှင့် ကြုံပြီး လူထုခေါင်းဆောင် ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ် ကင်ဆာဝေဒနာ ခံစားနေရသော  ခင်ပွန်းသည် မစ္စတာ မိုက်ကယ်လ်အဲရစ်က မကွယ်လွန်မီ ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြည်ဝင်ခွင့် ဗီဇာတောင်းဆိုခဲ့သော်လည်း စစ်အစိုးရက ငြင်းဆန်ခဲ့သည်။
Read more »

ဂီရိလေဘေး ဒေသတွင်သောက်သုံးရေပြတ်လပ်

ခင်ဦးသာ Tuesday, 23 November 2010 17:35(ဧရာဝတိ)
ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရသောကျေးရွာ တချို့တွင် သောက်သုံးရေ အခက်အခဲ ပြဿနာများနှင့် ရင်ဆိုင် ကြုံတွေ့နေ ကြရကြောင်း သိရသည်။

“သောက်ရေရော သုံးရေပါ အတော်ရှားပါး နေပါတယ်။ ဆားငန်ရေ မ၀င်ဘဲ ကျန်ခဲ့တဲ့၊ ဝေးလံတဲ့ ရွာတွေမှာ စက်လှေ တွေနဲ့ သွား သယ်ယူပြီး မျှသုံး နေကြရပါတယ်။ အဲဒီရွာတွေက ရေကန်တွေလည်း ရက်ပိုင်းအတွင်း ရေခန်းခြောက်သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ရှေ့လထဲမှာ အတော်ကြီးကို ရေရှားမှုနဲ့ ရင်ဆိုင်ရမှာပါ” ဟု လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံ မြို့နယ် စိတ္တရ ရွာသား တဦးက ဧရာဝတီကို ပြောသည်။

မြေပုံမြို့နယ်၌ ကျေးရွာပေါင်း ၁၃၀ ကျော်ခန့်မှာ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ကျေးရွာများရှိ ရေတွင်း၊ ရေကန်အားလုံး နီးပါးမှာလည်း ဆားငန်ရေးများ ဖုံးလွှမ်း ခံခဲ့ရသည်။

ရေးရှားပါးမှု အများဆုံးကြုံတွေ့နေကြရသည့် ကျေးရွာများမှာ ရနီကြီး၊ ၀ပေါ်ကြီး၊ စိတ္တရ၊ သင်ပေါင်ချောင်း၊ သရက်တောင် စသည့် ကျေးရွာ အုပ်စုများဖြစ်ပြီး ထိုဒေသများတွင် သောက်သုံးရေ လုံးဝ မရှိတော့ကြောင်း သိရသည်။ ကျွန်းသာယာ ရွာတွင်လည်း ရေရှားပါးမှု ရှိနေကြောင်း သတင်းရရှိသည်။

“လူတွေက ရေငတ်တဲ့ပြဿနာနဲ့ ကြုံနေရသလို တချို့ရွာတွေမှာဆို ကျွဲ၊ နွား တိရစ္ဆာန်တွေ ရေငတ်ပြီး သေဆုံးတာတွေလည်း ရှိပါတယ်” ဟု မြေပုံ မြို့နယ် ကျွန်းသာယာ ဒေသခံ တဦးက ပြောသည်။ ဒေသခံ အများစုမှာ ထမင်းပုံမှန် စားသောက်နိုင်မှု မရှိသေးသော အချိန်တွင် ရေပြဿနာ ဖြစ်ပေါ်လာခြင်းကြောင့် ကျန်းမာရေး ပြဿနာ နောက်ဆက်တွဲကို စိုးရိမ်ပူပန် နေကြကြောင်းလည်း သိရသည်။

လေဘေး ဒုက္ခသည်များသည် သောက်သုံးရေ ရှားပါးခြင်း၊ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းများ ကြုံတွေ့နေရ သော်လည်း မြန်မာ စစ်အစိုးရ အာဏာပိုင်များက ထိရောက်သော ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီကျော် ခန့်တွင် စစ်အစိုးရ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးအများအပြားသည် မြေပုံမြို့ပေါ်သို့ ရောက်ရှိ လာပြီး လေဘေးသင့် ဒေသ၏ ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကိုသာ ဦးစားပေး ပြောဆိုသွားကြောင်း သိရသည်။

“ဒေသခံတွေကို ခေါ်ပြီးတော့ ပြန်လည်ထူထောင်ရေးတွေကို လုပ်မပေးနိုင်သေးဘူး၊ ကယ်ဆယ်ရေးတွေ ကိုတော့ ဖြည်းဖြည်း လုပ်ဆောင် ပေးသွားမယ်ဆိုပြီး ပြောသွားတယ်။ ဂီရိလေဘေးထက် အရေးကြီးတဲ့ ကိစ္စတွေ ရခိုင်ပြည်မှာ ရှိသေးတယ်လို့လည်း ပြောသွားသေးတယ်” ဟု ဦးသိန်းစိန်၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်ပြောဆိုသွားသည့် အရေးကြီး ကိစ္စဆိုသည်ကိုမူ သေချာ မသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်တွင်း ပြည်ပ NGO အဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများက လုပ်ဆောင်ပေးနေ ကြသော်လည်း လုံလောက်မှု လုံးဝ မရှိသေးကြောင်း၊ ၎င်း အဖွဲ့အစည်းများ၏ ထောက်ပံ့မှုသည် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း အောက်သာ ရှိသေးကြောင်း ပြည်တွင်း NGO အဖွဲ့တခု၏ တာဝန်ရှိသူ တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဂီရိလေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင် သွားမည်ဟု သိရသည်။

“လက်ရှိလည်း ကူညီပေးနေပါတယ်။ ဒီရက်ပိုင်းမှာပဲ အရှိန်မြှင့် လုပ်ဆောင်ပေးသွားဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းညွန်ထားပါတယ်။ လတ်တလော လိုအပ်တာတွေကို  သက်ဆိုင်ရာ ဒေသခံ အဖွဲ့ဝင်တွေကို အရင်သွားပေးဖို့ ဆောင်ရွက် သွားမှာပါ” ဟု NLD ပါတီမှ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောသည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ၎င်းအနေဖြင့် နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများထံ အကူအညီ တောင်းခံ နေကြောင်း ပြောသည်။

ဦးအေးသာအောင်သည် နိုဝင်ဘာလ ၂၂ နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး လေဘေး အကူအညီပေးရန် ဆွေးနွေးရာ ချက်ချင်းလက်ခံ သဘောတူခဲ့ကြောင်း၊ ယနေ့တွင်လည်း အမေရိကန် လက်ထောက်သံမှူး အပါအ၀င် ဂျာမနီ၊ သြစတြေးလျ စသည့် သံတမန် များနှင့် တွေ့ဆုံ၍ အကူအညီ တောင်းခံရာ လိုလိုလားလား သဘောတူညီခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“အရေးပေါ် လိုနေတာက ဆန်နဲ့အမိုးအကာပါ။ ဆန်က ထမင်း နပ်မှန်အောင် မစားကြရသေးပါဘူး။ အခုတခါ အရေး ပေါ်လာတာက ရေ ပြဿနာပါ။ ရေပြဿနာက အရမ်း အရေးကြီးပါတယ်” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

ဆုံးရှုံးပျက်စီးမှု ပမာဏ ကြီးမား၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အများအပြား လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့များ၊ အစိုးရများ၏ အကူအညီများ ရရှိရန် တောင်းခံသွားမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ရေလုပ်ငန်းတွေ ပြန်စဖို့၊ စပါးခင်းတွေ ပြန်လုပ်ဖို့ အတွက် တာတမံတွေ ပြန်ပြုပြင်ဖို့၊ ငါးကန်တွေ၊ ပုစွန်ကန်တွေ ပြန်လုပ်ဖို့ အတွက် အစအဆုံး လိုအပ်နေပါတယ်။ ဒီကိစ္စတွေကို ပြန်မစနိုင်သရွေ့ စားဝတ်နေရေး ခက်ခဲနေကြဦးမှာပါ၊ ဒီဟာတွေက အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေပါ” ဟု သူက ဆိုသည်။

UN OCHA (ကမ္ဘာ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး) ၏ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် လေဘေး ဒေသများရှိ စပါးခင်းများ၏ ၅၀ ရာခိုင်နှုန်းနှင့် ငါးကန်၊ ပုစွန်ကန် ဧက ၅ သောင်းကျော်မှာ လုံးဝ ပျက်စီးသွားကြောင်း၊ ထိုဒေသများ၌ လာမည့် ၃ လ တွင် အလုပ်လက်မဲ့ လူဦးရေ များပြား လာနိုင်ကြောင်း၊ ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာလည်း အစာ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့ လာရနိုင်ကြောင်း ရေးသားထားသည်။
Read more »

Wednesday 17 November 2010

ရန်ကုန်

(ဆုံဆည်းရာ)
- ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမအနောက်လမ်းရှိ Sky Net အင်တာနက်ဆိုင်တွင် ယနေ့ မနက်ပိုင်းတွင် ဗုံးများတွေ့ရှိသောကြောင့် ရန်ကုန်ရှိ internet ဆိုင်များ ချက်ချင်း ပိတ်ရန် အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ ပြည်တွင်း အင်တာနက်လိုင်းတချို့ ဖြတ်ထားခံထားရပြီး ရတနာပုံ http://yatanarpon.com.mm/ ၀က်ဆိုဒ်များလည်း ဖွင့်မရကြောင်း သိရှိရသည်။
Read more »

Sunday 14 November 2010


Read more »

ကြံ့ဖွံ့ ပါတီကို မဲမပေးသဖြင့် တာတမံကို ဖေါက်ချရာ လယ်ဧက ထောင်ချီ၍ ပျက်စီး

11/12/2010 ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကံချောင်းကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ဆည်ထားသော တာတမံ တစ်ခုကို ဆည်မြောင်း အရာရှိများက ဖေါက်ချလိုက်သဖြင့် လယ်ဧက ထောင်ချီ၍ ပျက်စီး သွားကြောင်း သတင်း ရရှိသည်။ “ သူတို့က ရွေးကောက်ပွဲပီးတဲ့ နောက်တစ်နေ့မှာ မော်တော်ဘုတ် တစီးနဲ့ လာပြီး တမံ တုတ်ထားတဲ့ ဆည်ကို ဖေါက်ချလိုက်တဲ့ အတွက် ဆားငံရေတွေ ၀င်ပီး လယ်ဧက တထောင်နီးပါး ပျက်စီးသွားခဲ့ပါတယ်” ဟု ရွာသား တစ်ဦးက ပြောသည်။ ထိုကဲ့သို့ ဆည်ကို ဖေါက်ချရသည့် အကြောင်းအရင်းကို သူက ယခုကဲ့သို့ ဆက်ပြောသည်။ “ ရွေးကောက်ပွဲ မတိုင်မှီက ရယက ဥက္ကဌရယ်။ ကြံ့ခိုင်ရေး တာဝန်ရှိသူတွေရယ်။ နောက်ပီး ဆည်မြောင်းက တာဝန်ရှိသူတွေရယ် ကျွန်တော်တို့ ရွာကို ရောက်လာပြီး ကြံ့ခိုင်ရေးကို မဲထည့်ဖို့ ပြောပါတယ်။ မဲမထည့်ရင် ဒုက္ခတွေ့မယ်ဆိုပီးလည်း သူတို့က ပြောပါတယ်။ ရွေးကောက်ပွဲနေ့မှာ ရွာသားတွေက ကြံ့ခိုင်ရေး ပါတီကို မဲမထည့်ဘဲ ရခိုင်ပါတီကို မဲထည့်လိုက်တော့ သူတို့က လုံးဝ မကျေနပ် ဖြစ်သွားပါတယ်။ ဒါကို လက်စားချေတဲ့ အနေနဲ့ နောက်တစ်နေ့ နံနက်ပိုင်းမှာ တမံတုတ်ထားတာကို လာပြီး ဖေါက်ချလိုက်ပါတယ်။” စပါးပင်များမှာ အသီး သီးစ ပြုနေချိန်တွင် ဆားငံရေများ ၀င်ရောက်သွားသဖြင့် အားလုံး ပျက်စီးသွားခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ ဆည်မြောင်းဌာနမှ ဆည်ကို ဖေါက်ချလိုက်သဖြင့် လယ်မြေဧက အများအပြား ပျက်စီးသွားကြောင်းကို ကျေးရွာ လူကြီးများက ပေါက်တောမြို့နယ် မယက ဥက္ကဌအား သွားရောက်တိုင်ကြားရာ မယက ဥက္ကဌ ခင်မောင်လွှင်မှ “ ခင်ဗျားတို့ ရခိုင်ပါတီ ရတပကို မဲထည့်တဲ့ အတွက် ရခိုင်ပါတီကိုဘဲ သွားတိုင်ပါ” ဟု ဆိုကာ ငေါက်ငမ်းပြီး ကျေးရွာ လူကြီးများကို ရုံးခန်းထဲမှ မောင်းထုတ်လိုက်ကြောင်း သိရသည်။ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်နစ်နာနေရသော လယ်သမားများ အနေဖြင့် အာဏာပိုင်များမှ တာတမံကို ဖေါက်ချရာမှ လယ်မြေဧကများစွာ ထပ်မံ ပျက်စီးသွားသဖြင့် တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြရကြောင်း သိရသည်။ : ----------------------------------- ----------------------------------- ----------------------------------- : (နိရဉ္စရာ
Read more »

Thursday 11 November 2010

ဒေါ်အောင်ဆန်းစုကြည်သားငယ် ပြည်ဝင်ခွင့်ဗီဇာရ

(rfa) 2010-11-11 မိခင်ဖြစ်သူကို တွေ့ဆုံနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်းခေါ် ကင်အဲရစ်ကို မြန်မာသံရုံးက ပြည်ဝင် ခွင့်ဗီဇာ ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ကိုထိန်လင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လ၃ရက်နေ့က ဗီဆာလျောက်ထားခဲ့တာဖြစ်ပြီး ဒီကနေ့ မြန်မာသံရုံးမှာ ဗီဆာလာရောက်ထုတ်ယူရမှာဖြစ်ပါတယ်။ မနေ့က မြန်မာသံရုံးကို ကိုထိန်လင်းကို ဗီဇာပေးမပေးမေးမြန်းခဲ့ရာမှာ နေပြည်တော်က အကြောင်းပြန်ကြားချက်မရသေးဘူးလို့ သံရုံးက ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ကလာတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ကိုထိန်လင်း ကို မြန်မာနိုင်ငံဗီဇာပေးလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ ကိုထိန်လင်းအနေနဲ့ ဒီကနေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့ မြန်မာသံရုံးမှာ ဗီဇာလာ ရောက်ထုတ် ယူနိုင်ကြောင်း သတင်းရရှိထားတာကြောင့် RFA အပါအ၀င် ထိုင်းနိုင်ငံမှာ ရှိတဲ့ သတင်းထောက်တွေ သံရုံးရှေ့ဗီဇာဌာနအနီးမှာ တနေကုန်စောင့်နေပေမဲ့ ကိုထိန်လင်း လာရောက်တာ မတွေ့ရပါဘူး။ တချို့ကတော့ ကိုထိန်းလင်းအနေနဲ့ ဗီဇာကို ကိုယ်တိုင် လာရောက် ထုတ်ယူသွားတာမဟုတ်ဘဲ သူ့ကိုယ်စားလှယ် တယောက်ယောက်က လာရောက်ထုတ် ယူသွား တာဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဒီကနေ့မှာ မြန်မာသံရုံးဆီက သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။
Read more »

မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ကိုစတိုက်ပြီ

Thursday, 11 November 2010 19:52 သျှမ်းသံတော်ဆင့် ယနေ့ ညနေ ၅ နာရီ တပ်မဟာ ၁ ၀မ့်ဟိုင်းဌာနချုပ်တောင်ဘက် ကျေးသီး- မိုင်းရှူး ကားလမ်းရှိ ၀မ့်ဆော့မှာ အခြေစိုက်တဲ့ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ လောက်ရှိတဲ့ နအဖတပ်က ကားလမ်းအနောက်ဘက်မှာရှိတဲ့ အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဦးစွာဝင်ရောက် တိုက် ခိုက်ခဲ့ပါတယ်။ ည ၇ နာရီအထိတိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွါးတဲ့ ကွန်ကျိုင်းရွာ ကတော့ ကျေးသီး-မိုင်းနောင်-မိုင်းရှူးလမ်းခွဲရဲ့တောင်ဘက် ၀မ့်ဆော့ရွာ အနောက်ဘက် ၃ မိုင်လောက်အကွာမှာ ဖြစ်ပါတယ်။ ပြည်သူ့စစ်အသွင်ပြောင်းရေးငြင်းဆန်တဲ့ တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း အမှတ် ၂၄ ကို ဗိုလ်ကြီး လောဝ်တိုင်းက ဦးဆောင်နေပြီးခုခံတိုက်ခိုက်တာပါ။ အခုချိန်မှာ သျှမ်းတပ်ကို နအဖ တပ်က၀ိုင်းရံ ပစ်ခတ်နေပြီး အဲ့ဒီတ၀ိုက်မှာရှိတဲ့ သျှမ်းတပ်ဖွဲ့ကလည်း နအဖတပ် အပြင် ဘက်ကနေ ထပ်မံဝိုင်းရံနေတယ်လို့ဆိုပါတယ်။ နအဖဘက်ကလည်း မိုင်းရှူး ဘက်က စစ်အင်အားတွေ ပို့ဆောင်နေဆဲဖြစ်တယ်။ နှစ်ဘက်စလုံးတပ်ကူတွေ ပို့နေကြလို့ ဒီတိုက်ပွဲဟာ ကြာမြင့်နိုင်တယ်လို့ တပ်မဟာ ၁ က အရာရှိတဦးက သျှမ်းသံတော်ဆင့်ကိုသတင်းပေးပို့ပါတယ်။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်မှာစိုးလို့ သျှမ်းတပ်ဘက်က တရှောင်ရှောင် ဝေ့ပတ်နေ တဲ့ကြားက နအဖတပ်က အရင်သွားပစ် ဖြစ်တယ်လို့ SSA-N တပ်မှူးတယောက်က မကျေမချမ်းပြောပြပါတယ်။
Read more »

Tuesday 9 November 2010

မြ၀တိပြည်သူများနေရပ်ပြန်နေကြပြီ

မိုးမိုးကျော် (Arakan Review) နိုဝင်ဘာလ (၁၁)၊ ၂၀၁၀။ နေ့လည် (၃) နာရီ။ ယနေ့ နံနက် (၄) နာရီတွင် နအဖလေတပ်မှ စစ်ရဟတ်ယဉ် နှစ်စင်း မြ၀တီ စစ်တပ်ဝင်းထဲကို ဆင်းသက် ခဲ့သည်ဟု သိရသည်။ မြ၀တီရဲစခန်းကို မနေ့ ညပိုင်းခန့်က ဒီကေဘီက လက်လွတ် လိုက်ရပြီဟု သိရသည်။ နိုဝင်ဘာ (၈) ရက်နေ့ ညသန်းခေါင်ကျော် (၂) နာရီခန့်အထိ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အပြင် လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြကြောင်း မြ၀တီမြို့၊ (၁၄) ဂိတ် အနီးတ၀ိုက်တွင် နေသူ တစ်ဦးက ပြောပြသည်။ ယခုအချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ မကြားရတော့ဘဲ တိတ်ဆိတ်သွားပြီ ဖြစ်သည်။ မနေ့ ညနေက နအဖစစ်တပ်မှ လက်နက်ကြီး ပစ်ကူများကို ပစ်ခတ်ခဲ့ကြသည့် အပြင် ကောကရိတ်မှ စစ်ကူတပ်များ စစ်ထရပ်ကား (၅) စီးဖြင့် မြ၀တီသို့ ရောက်ရှိ အားဖြည့်ခဲ့ကြောင်း သိရှိရသည်။ ယခုကဲ့သို့ ဒီကေဘီအေနှင့် နအဖအကြား ဖြစ်ပွားသော တိုက်ပွဲကြောင့် မြ၀တီမြို့နှင့် တခြားအနီး အနားရှိ ကျေးရွာများက ရှောင်းတိမ်း ခဲ့ကြရသော ပြည်သူများကို ထိုင်း စစ်တပ်က ယာယီ ခိုလှုံခွင့် ပေးထားသည့် အပြင် မဲဆောက် လေယာဉ် ကွင်းထဲ တွင်လည်း ယာယီတဲများ ပြုလုပ် ပေးထားခဲ့သည်။ ထို့အပြင် မဲဆောက် အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းများကလည်း စစ်ဘေး တိမ်ရှောင် လူသူများကို အကူအညီများ ပေးနေကြသည်။ ထိုင်းစစ်တပ်က နောက်ထပ် လက်နက်ကြီး ကျည်များ မဲဆောက်ကို လာထိ မှန်ပါက ပြန်လည်ပစ်ခတ်မည်ဟု ထိုင်းဖက် သတင်းရပ်ကွက်များတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ယနေ့ နေ့လည်က မဲဆောက်အခြေစိုက် နယ်စပ် ကူညီ ကယ်ဆယ်ရေး အန်ဂျီအိုအဖွဲ့မှ ရုံးတာဝန်ခံ၏ ပြောပြချက်အရ မဲဆောက် လေယာဉ်ကွင်းတွင် စစ်ဘေး တိမ်းရှောင်လာသော ဒုက္ခသည် (၂) သောင်းမှ (၃) သောင်းခန့် ရှိသည်ဟု ဆိုသည်။ လူအင်အား မလိုက်နိုင်ခြင်း၊ ဒုက္ခသည်များ ၀င်လိုက် ထွက်လိုက် ဖြစ်နေကြခြင်းကြောင့် စာရင်းအတိအကျ မပြုစုနိုင်သေးကြောင်း သိရှိရသည်။ ယခုအခါ ထိုင်းအစိုးရက မြ၀တီ တိုက်ပွဲ အခြေအနေ ငြိမ်သက်သွားပြီဖြစ်၍ စစ်ဘေး တိမ်းရှောင် ဒုက္ခသည်များကို နေရပ်ရင်း မြ၀တီသို့ ပြန်ပို့နေပြီ ဖြစ်ကြောင်း သိရှိရပြီး အတင်းအကျပ် ပြန်ခိုင်းခြင်းမျိုး မဟုတ်ဟု သိရှိရသည်။ ပြန်ချင်စိတ်ရှိသော သူများကို ပြန်ခွင့် ပေးထားသော်လည်း တဖက်မှ ခိုလှုံလာသူများလည်း အဆမတန် များလာသည်ဟု သိရသည်။ ယခုအခါ မြ၀တီမြို့အား ဒီကေဘီအေတပ်များ ဆုတ်ခွာနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ဘုရားသုံး ဆူနယ်စပ်မှာလည်း နိုဝင်ဘာလ (၈) ရက်နေ့မှ စပြီး ယနေ့အထိ ဒီကေဘီအေတချို့က အစိုးရ ဌာနဆိုင်ရာ ရုံးများကို မီးရှို့ ဖျက်စီး လိုက်ပြီး တိုက်ပွဲများ ပြင်းထန် နေသည်ဟု သတင်း ရရှိသည်။
Read more »

မြ၀တိမြို့ကိုစစ်အစိုးရ ပြန်လည်ထိန်းချူပ်

ဧရာဝတီ Tuesday, 09 November 2010 Share/Save/Bookmark ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယနေ့ ပြန်လည် ရယူထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။
ယနေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ မဲဆောက်ဘက် ထွက်ပြေး ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ပြန်ပို့သောကြောင့် ဒုက္ခသည်များ လှေဖြင့် မြ၀တီ ဘက်သို့ပြန်နေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ) နှစ်ဘက် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံသို့ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိခိုက်မှုကြောင့် စစ်အစိုးရတပ်များက မြ၀တီမြို့ပေါ်ရှိ DKBA တပ်များ၏ လက်ထဲမှ ပြန်လည် သိမ်းယူထားခြင်း ဖြစ်ကြောင်း ဧရာဝတီ သတင်း ထောက်က ပြောဆိုသည်။ ဗိုလ်မှူးကြီး စောလားပွယ် ခေါ် (နှုတ်ခမ်းမွေး) ကလည်း မြ၀တီမြို့ထဲတွင် ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန် ကြားထားကြောင်း သိရှိရသည်။ သို့သော် စစ်အစိုးရနှင့် DKBA တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များ ယနေ့ လှေဖြင့် ပြန်ပို့နေကြောင်း၊ ကျန်ရှိနေသေးသော ဒုက္ခ သည်များကိုမှု ထိုင်း-မြန်မာ နယ်စပ် မဲဆောက် မြို့နယ်အတွင်း ဆက်လက် လက်ခံထားဆဲ ဖြစ်ကြောင်း သိရသည်။ မြန်မာ အာဏာပိုင်များက မြ၀တီမြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောကြားခဲ့သော်လည်း ယနေ့ နံနက် အထိ သောင်ရင်းမြစ် (Moei River)ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာနေဆဲ ဖြစ်သည်။ ထွက်ပြေးတိမ်းရှောင်လာသူတဦးက“ဒီကနေ့ မနက်ပိုင်းအထိ အခြေအနေကတော့ ကျနော်တို့အတွက် လုံခြုံမှု မရှိသေးဘူး၊ ထိုင်းလုံခြုံရေး တပ်တွေကလည်း မြန်မာဘက်ကနေ နောက်ထပ် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထပ်ပြီး လက်မခံတော့ ဘူး”ဟု ဆိုသည်။ အလားတူ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း စစ်အစိုးရတပ်နှင့်DKBAတပ်ဖွဲ့ဝင်များ ယနေ့ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသူ လူဦးရေ သောင်းနှင့်ချီရှိကြောင်း သိရသည်။ “စစ်အစိုးရက မြို့ထဲကို ပစ်တာ လက်နက်ကြီး အလုံး ၄၀ ကျော်ရှိပြီ၊ ကွဲတာရှိ မကွဲတာလဲရှိ၊ ဖြစ်တာကတော့ အရပ်သား တွေပဲ ထိတယ်၊ အရပ်သားတွေ ဒဏ်ရာရတာကတော့ ၁၀ ယောက်လောက်ရှိပြီ”ဟု မြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။ ဒဏ်ရာရရှိသူများသည် တိုင်တရာ ဘုန်းကြီးကျောင်း အနီးပတ်ဝန်ကျင်နှင့် တောင်ဝိုင်းအရပ်မှ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပနေစဉ် မြ၀တီမြို့နယ် ရဲစခန်းနှင့်နယ်စပ်ဂိတ်တချို့ကို DKBAတပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့နယ်တွင်လည်း ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။ ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ်သည်။ DKBA သည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီးမားလာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။
Read more »

Monday 8 November 2010

မြ၀တီမြို့ ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲနောက်ဆုံးအခြေအနေ

By မအေးအေးမာ တနင်္လာ, 08 နိုဝင်ဘာ 2010 မြ၀တီမြို့ရဲ့ နောက်ဆုံးအခြေအနေကတော့ လက်နက်ကြီးသံတွေ စဲသွားခဲ့ပေမဲ့ လက်နက်ငယ်တွေ ကတော့ ပစ်ခတ်နေဆဲပဲလို့ ဆိုပါတယ်။ တိုက်ပွဲသံ - မီးလောင်တဲ့နေရာတွေ ရှိနေကြသလို လူတွေကလည်း ပုန်းအောင်နေဆဲပဲလို့ ပြောကြပါတယ်။ ဒီကေ ဘီအေ တပ်မှူးတဦး ပြောပြတာ ကတော့ - “အခုလေ ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာတော့ သူတို့ ထွက်ပြေးဖို့ မလွယ်တဲ့အတွက်ကြောင့် ကျနော်တို့နေတဲ့ အနီးတ၀ိုက်မှာ အကုန်လုံး ရှိတယ်နော်။ ကျနော်တို့နေတဲ့ အနီးတ၀ိုက်က ပစ်ကွင်းတွေဆိုတော့ အဲဒီအိမ်တွေမှာ ပြေးဖို့မလွယ်ဘူး။” အခုဆိုရင် ကလိုထူးဖောဗျူဟာက ၀လေစခန်းကို လာတဲ့ စစ်အစိုးရဘက်က စကခ (၈) ဗျူဟာ (၃) က ဗိုလ်ကြီးသက်နိုင်ကို ဒီကေဘီအေ ဘက်က စစ်ဆေးဖို့ရှိတာကြောင့် ဖမ်းဆီးထားပြီး ဒီကေဘီအေ တပ်ထဲမှာပဲ ထိန်းချုပ်ထားခဲ့ပါတယ်။ ဒါ့အပြင် တပ်ခွဲမှူးအဆင့် ရှိသူတွေ အပါအ၀င် မြန်မာစစ်တပ်ရဲ့ ရဲဘော်တချို့ကိုလည်း ထိန်းသိမ်းထားမှုတွေ ရှိနေပါ တယ်။ ခ.လ.ရ (၃၅၆) စစ်တပ်အတွက် ရိက္ခာ လာပို့တဲ့ ကားတစီးကိုလည်း ဒီကေဘီအေဘက်က ဖမ်းဆီးထားတယ်ဆိုပြီး အခုလို ပြောပြပါတယ်။ “ရိက္ခာပို့တဲ့ကားလေ တံတားကို ဒီနေ့ဖြတ်လို့ ကျနော်တို့ ဖမ်းထားတယ်။ သူတို့က ရန်သူကို ထောက်ပံ့ တာဆိုတော့ ကျနော်တို့ရဲ့ ရန်သူလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ သူတို့ကို ရန်သူလို့ မသတ်မှတ်ပါ ဘူးနော်။ ကျနော်တို့ အေးအေးဆေးဆေး ခေါ်သွားပါတယ်။ သူတို့က ရန်သူကို ရိက္ခာသွားပို့တော့ သူတို့က ရန်သူကို သတင်းပေးမှာစိုးလို့ ကျနော်တို့ ဖမ်းထားတယ်နော်” ဒီနေ့မနက် ၃ နာရီအချိန်လောက်မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးမဲရုံး၊ မွန်ကျောင်းမဲရုံး၊ ရပ်ကွက် ၄ မဲရုံးတွေ နေရာမှာ မဲရုံစောင့်တဲ့ ဆရာ၊ ဆရာမတွေကို မြန်မာစစ်တပ်ဘက်ကနေ လာရောက် ခေါ်ဆောင်သွားခဲ့ တာကြောင့် ဒီနေ့နေ့ခင်းမှာ တိုက်ပွဲတွေဖြစ်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေအနေနဲ့ တကွဲတပြားစီ ဖြစ်နေကြပြီး တဦးနဲ့တဦး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေကြပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်အခြမ်းက နယ်ခြားစောင့်တပ်ဘက်ကို လာတဲ့ ဒုက္ခသည်တွေကတော့ ည မိုးချုပ်တဲ့ အထိကို လာနေဆဲပဲဖြစ်ပါတယ်။ ဒုက္ခသည်အရေအတွက်ဟာ အခုဆိုရင် ၄ သောင်းကျော်သွားပြီလို့ သိရပါတယ်။
Read more »

Battle in Myawaddy

Read more »

Sunday 7 November 2010

မြ၀တီမှာ လူကုန်သွားပြီ

မြ၀တီမှာ လူကုန်သွားပြီ။ လူတွေ အကုန် ထိုင်းဖက်ကိုရောက်လာပြီ။ ထိုင်း တောချတောရုံးမှာ အကုန်စုထားတယ်။ ပထမဆုံးအသုတ်ရောက်လာသော မြန်မာ ပြည်သားများ ထိုင်းစစ်သားများက ဖျာများခင်းပြီး ထားသည် ကိုတွေ့ ရစဉ်။ ( ဓါတ်ပုံ ဆုံဆည်းရာ)
Read more »

ဒီကေဘီအေ ခေါင်းဆောင်စောလှဘွယ် ပန်ကြားချက်

(မိုးသီးဇွန်) ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကိုလက်ခံဘူး။ ဘောဒါဂတ်မလုပ်နိင်ဘူး။ ပြည်သူလူထုတွေငတ်ကုန်တာကိုလက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက်မရမချင်းဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။
Read more »

ဒီကေဘီအေနှင့် ကေအင်ယူ ပူးပေါင်းသွားပြီ

(မိုးသီးဇွန်)

ဒီကေဘီအေ ကို ကေအင်ယူ က စစ်ကူ ပေး နေပြီ။ ဗိုလ်နန္ဒမြ ၂၀၁။ တပ်မဟာ ၇ ဗိုလ်မှုးကြီးအောင်ဦးဆောင်ပြီး ဝေါခွေင်မှ့ ကနဲလေး ရှိ နအဖ တပ်ကို အလှစ်ဝင်တိုက်ခိုက်လိုက်ပါတယ်။
ဒီကေဘီအေနဲ့ ကေအင်ယူ ပူးပေါင်းမိနေကြပါတယ်။
Read more »

ဒီကေဘီအေိတိုက်ပွဲသတင်း

(မိုးသီးဇွန်)
မြ၀တီ ဗျူဟာကုန်းကို ဒီကေဘီအေ သိမ်းလိုက်ပြီ၊ နအဖ တပ်က ဂျီ - တူး အဆင့်ရှိ သူကိုအရှင်မိထားပြီလို ကသတင်းပို့ ပါတယ်။ နအဖ ဗျူဟာ မှုး ခွေးပြေးဝက်ပြေးပြေး။ ထိုင်းစစ်သားများလည်း ဒီဖက်ကမ်းကနေ ကြတယ်။ ကုန်းကုန်းကွကွ နဲ့  သေနပ်သံကြားရင် ထုံးစံအတိုင်း ပြားပြားမှောက် ဖြစ်နေကြတယ်။
Read more »

မြ၀တီမြို့ကို ဒီကေဘီအေ ၀င်ရောက်စီးနင်းထား

Submitted by Karen Information Center on Sunday, 7 November 2010No Comment
နိုဝင်ဘာလ ၇ရက်။ ကေအိုင်စီ

နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များသည် ယနေ့နေ့ခင်းပိုင်းတွင် မြ၀တီမြို့ကို ၀င်ရောက်စီးနင်း ကာ နအဖ စစ်တပ်နေရာများနှင့် အရေးပါသည့်နေရာများ၌ နေရာဝင်ယူထားလိုက်သည်ဟု သိရသည်။

အဆိုပါစီးနင်းမှုအပေါ် ဒီကေဘီအေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)က ယခုလို ကေအိုင်စီကို အတည်ပြု ပြောဆိုသည်။

“နအဖရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး။ ပြည်သူလူထုတရပ်လုံးအတွက်လည်း တရားမျှတမှု မရှိဘူး။ နောက်ပြီး ဒီရွေးကောက်ပွဲဟာ ကရင်တပ်ဖွဲ့တွေကိုလည်း ဖျက်လိုဖျက်ဆီးဖြစ်အောင် နည်းလမ်းရှာလုပ်နေတာပဲ။ ပြီးတော့ ကရင်လူမျိုး တွေကို မတိုးတက်စေချင်ဘူးလေ။ ဒါကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် ကျနော်တို့ အဆင်သင့် စပါယ်ရှယ်ရှိနေပါတယ်။”ဟု ဗိုလ်မှူးချုပ်စောလားပွယ်က ပြောသည်။

ယင်းသို့ နေရာယူထားသည့် ဒီကေဘီအေ တပ်ဖွဲ့မှာ တပ်ရင်း(၉၀၂)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် များဖြစ်ပြီး ဦးစွာ မြို့ပြင်နားရှိ နအဖ တပ်နေရာများမှ တပ်သားများကို အလစ်ဖမ်းဆီးကာ လက်နက်အချို့ကို သိမ်းဆည်းထား လိုက်ကြောင်း ဒီကေဘီအေ တပ်မှူးတစ်ဦးက ပြောသည်။

သူက “ကိုယ့်နဲ့အနီးဆုံး စစ်တပ်နေရာကို အရင်လုပ်လိုက်တော့ သူတို့ရဲဘော်အချို့နဲ့ လက်နက်အချို့ကို သိမ်းလို့ရတယ်။ အခု လောလောဆယ် ဆက်သွယ်ရေး၊ ခရကရုံး၊ ချစ်ကြည်ရေးတံတားအနီးနဲ့ အချို့နေရာတွေကို နေရာဝင်ယူထားပါတယ်။”ဟု ဆို သည်။

မွန်းလွဲပိုင်းအချိန်ထိ ဆက်သွယ်ရေးရုံး၊ မရက၊ ရဲစခန်း အပါအ၀င် အချက်အချာကျသည့် နေရာအတော်များများတွင် ဒီကေဘီ အေတပ်များ ၀င်ရောက်ထားလျှက်ရှိပြီး နအဖ စစ်တပ်ဘက်မှ တစုံတရာ တုန့်ပြန်မှုမရှိသေးကြောင်း ဒီကေဘီအေတပ်ဖွဲ့ဝင် များက ပြောသည်။

ယနေ့မနက်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ၎င်းတို့၏ နယ်ခြားစောင့်ဘက်တံဆိပ်များကို မီးရှို့ဖျက်ဆီးကာ မြ၀တီမြို့နယ်ရှိ ဒုဗိုလ်မှူးကြီး စောကျော်သက် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့နှင့် ပူးပေါင်းခဲ့သည်။

တပ်မဟာ(၅) ဒီကေဘီ တပ်ဖွဲ့ဝင်အချို့

ယနေ့ညဦးပိုင်းအထိ အင်အား ၃၀ခန့်စီရှိသည့် နအဖနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များသည် လက်နက်ကြီးငယ်များဖြင့် ချစ် ကြည်ရေးတံတားအောက်တွင် ရှိနေကြောင်း ကိုယ်တိုင်မြင်တွေ့သူ မြို့ခံတစ်ဦးက ကေအိုင်စီကို ပြောသည်။

“ဒီညပိုင်းအထိ တံတားအောက်မှာ စစ်တပ်ကလည်း အင်အား ၃၀လောက်ရှိတယ်။ နောက်ပြီး ဗိုလ်ကျော်သက်ရဲ့ကားကို လည်း တွေ့တယ်။ ကာယကံရှင် ပါမပါတော့ မသိဘူး။ သူ့လူတွေစီးလာတာဖြစ်မယ်။ ဒီကေဘီအေတွေက 79 သေနတ်တွေနဲ့ အာရ်ပီဂျီသီးတွေကိုင်ပြီး ထိုင်းဘက်ခြမ်းကို ကျောပေးပြီး မြို့ထဲဘက်ကို ချိန်ထားတယ်။”ဟု ဆိုသည်။

ယနေ့မနက် ၁၀နာရီကျော်တွင် ဂျပန်သတင်းထောက်တစ်ဦးကို မြန်မာအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရပြီးး ကေ အိုင်စီက စုံစမ်းရာ ထိုအခြေအနေကို ရဲတပ်ဖွဲ့က အတည်ပြုပြောဆိုသော်လည်း မည်သည့်အဖွဲ့က ဖမ်းဆီးသည်ကို ၎င်းတို့ မသိရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
Read more »

စစ်တွေတွင် ရတပမှ ကြံ့ခိုင်ရေးကို မဲအသာစီးဖြင့် အနိုင်ရနေ

11/7/2010
(နိရဉ္စရာ သတင်း)
ရခိုင်ပြည်နယ် စစ်တွေ မြို့ပေါ် ရပ်ကွက်များတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ)မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲအသာစီးဖြင့် အနိုင်ရရှိနေကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ရပ်ကွက် တချို့တွင် ရေတွက်ပြီးစီးသွားသော မဲအရေအတွက်အရ ရတပပါတီ အနိုင်ရရှိသော ရပ်ကွက်များမှာ ကျေးပင်ကြီး၊ ပြည်တော်သာ၊ ရူပတောင်၊ ကျောင်းတက်လမ်း၊ ဘောင်ဒွတ်သားစု၊ ဓည၀တီ၊ ရွာကြီးမြောက်၊ ဆတ်ရိုးကျနှင့် အနောက်စံပြ ရပ်ကွက်များ ဖြစ်ကြသည်။

အမည်မဖေါ်လိုသူ မဲကော်မရှင် တစ်ဦးက ရတပ ပါတီနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ရရှိသော မဲအရေအတွက်ကို ယခုကဲ့သို့ ပြောသည်။

“ ဘောင်းဒွတ်သားစု ရပ်ကွက်မှာ လွှတ်တော် အမတ် နေရာ သုံးခုစလုံးမှာ ရတပပါတီက တစ်နေရာစီမှာ မဲ ၈၃၅ မဲစီ ရရှိပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၁၃၄ မဲသာ ရရှိပါတယ်။ ကုန်တန်း ရပ်ကွက်မှာ ရတပ ပါတီက ၆၆၁ မဲ ရရှိပြီး ကြံ့ဖွံ့ပါတီက ၅၁ မဲသာ ရရှိပါတယ်။ ရွာကြီးမြောက်တွင် ရတပက ၄၂၇ မဲရရှိပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၇၀ ရပါတယ်။ ရူပ မြောက်မှာဆိုရင် ရတပ ပါတီက ၇၀၀ ရပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ၉၀ ရရှိပါတယ်” ဟု ပြောသည်။

စစ်တွေမြို့ပြင် ရေချမ်းပြင်တွင် ရတပမှ ၃၈၉ ရရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ၁၈၉ မဲ ရရှိသည်။

ပြည်တော်သာ ရပ်ကွက်တွင် အမျိုးသား လွှတ်တော်တွင် ရတပမှ ဒေါက်တာအေးမောင်က ၃၃၈ မဲ ရရှိပြီး ကြံ့ခိုင်ရေးမှ ဒေါက်တာ ချမ်းသာ ၂၀၀ မဲ ရရှိကာ ပြည်သူ့ လွှတ်တော်တွင် ရတပမှ ဦးမောင်ညို ၃၃၈ မဲ ရရှိပြီး ပြည်ခိုင်ဖြိုး ပါတီမှ ဦးကောင်းစံရွှီ (ကျွန်သားငမန်း)က ၁၉၃ မဲ ရရှိသည်။

စစ်တွေ ကျေးပင်ကြီးရပ်ကွက်တွက် ရတပ ပါတီမှ ပြည်ထောင်စု လွတ်တော်အမတ် ဆရာမောင်ညိုက ၆၆၈ မဲ ရရှိပြီး ကြံ့ဖွတ်ကိုယ်စားလှယ် ကျွန်းသား ငမန်းက ၁၆၈ မဲသာ ရရှိသည်။

အလားတူ ကျောင်းတက်လမ်း၊ ဓည၀တီ၊ အနောက်စံပြနှင့် ဆတ်ရိုးကျတွင် ရတပမှ အနိုင်ရရှိကြောင်း သတင်းရရှိသည်။ ဆတ်ရိုးကျတွင် လွှတ်တော် သုံးရပ်စလုံးတွင် ရတပမှ မဲ ၈၀ ၀န်းကျင်ဖြင့် အနိုင် ရရှိပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှာ ၁၂ မဲ မကျော်ကြောင်း သိရသည်။

အလားတူ မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဍားကျွန်း မြို့ပေါ်တွင် ရတပ ပါတီမှ အနိုင်ရရှိကြောင်း သိရသည်။



(နိရဉ္စရာ သတင်း)
Read more »

ရွှေးကောက်ပွဲကို နိုင်ငံတကာရောက်မြန်မာများဆန္ဒပြ

စောရန်နိုင် Sunday, 07 November 2010
ယနေ့ ကျင်းပသည့် ရွေးကောက်ပွဲကို အင်္ဂလန်၊ ဂျပန်၊ ထိုင်း၊ မလေးရှားနှင့် တောင်ကိုရီးယား စသည့် နိုင်ငံများရှိ မြန်မာ အတိုက် အခံများက ဆန္ဒပြကြကြောင်း သတင်း ရရှိသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် အဖွဲ့အစည်းပေါင်း ၁၆ ဖွဲ့မှ လူပေါင်း ၇၀၀ ခန့်က ရွေးကောက်ပွဲကို ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ သံရုံးရှေ့၌ ရွေးကောက်ပွဲ ဆန့်ကျင်သူများက ကြွေးကြော်သံများအော်၍ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - AP)
ဆန္ဒပြရာတွင် ပါဝင်သူ တဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD - လွတ်မြောက်နယ်မြေ) မှ ကိုဝင်းနိုင်က ယနေ့ ကျင်းပသည့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြောဆိုသည်။

“ပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ အပြောင်းအလဲကို ဒီရွေးကောက်ပွဲက ဘယ်လိုမှ ဖော်ဆောင်ပေးနိုင်မှာ မဟုတ် ပါဘူး။ အရပ်သား အစိုးရအဖွဲ့နဲ့ စစ်အုပ်ချုပ်မှုကို တရားဝင်အောင်လုပ်ပေးတဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်”ဟု ကိုဝင်းနိုင်က ဆိုသည်။

ဆန္ဒပြသူများက ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ထောင်ရေးကို အားနည်း စေကြောင်း၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုလည်း ကန့်သတ်ထားကြောင်း ပြောဆိုသည်။

၎င်းတို့ အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအား မြန်မာ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံရန်နှင့် သုံးပွင့် ဆိုင် ဆွေးနွေးရေးကို အမြန်ဆုံး ဖော်ဆောင်ပေးရန် တိုက်တွန်းကြောင်း ဆိုသည်။

လန်ဒန်မြို့အခြေစိုက် ကချင်အမျိုးသားအဖွဲ့ (KNO) မှ ဒူဝါး မခေါ် ခွန်ဆာ က“ကုလသမဂ္ဂအဖွဲ့ကြီးက သူ့ရဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီးတော့ ပြည်တွင်းပဋိပက္ခတွေကို ဖြေရှင်းပေးမယ့် သုံးပွင့်ဆိုင်ဆွေးနွေးရေး ဖြစ်ပေါ်လာအောင် စစ်အစိုးရကို ဖိအားပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၅၀၀ ခန့်ကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတခု ယနေ့ ကျင်းပကြောင်း သိရှိရသည်။

ဆန္ဒပြသူတဦးဖြစ်သည့် ကိုသန်းရွှေ က ရွေးကောက်ပွဲသည် ကမ္ဘာကို လှည့်စားရန်အတွက်သာဖြစ်ကြောင်း ရွေးကောက်ပွဲ တခုလုံးကို စစ်အစိုးရ၏ အစီအမံဖြင့်သာ လုပ်ဆောင်ခဲ့သောကြောင့် ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံ ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများကို ကိုင်ဆောင်၍ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်၊ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုခဲ့ကြပြီး မဲပုံးများနှင့် မိတ္တူကူးထားသည့် ၂၀၀၈ အခြေခံ ဥပဒေများကို မီးရှို့ ဖျက်ဆီး ခဲ့ကြသည်။

ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင်လည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာ့အရေး လှုပ်ရှား သူ များက ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြကြောင်း သိရှိရသည်။

မြန်မာ အလုပ်သမား တဦးဖြစ်သည့် ကိုထက်ခေါင်က အလုပ်သမားများ အခွင့်အရေးကို အာမခံချက် မရှိသည့် အတု အယောင် ရွေးကောက်ပွဲ ကို ၎င်းတို့ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်ကိုလက်မခံကြောင်း ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင်လည်း ယခုလ ၄ ရက်နေ့က မြန်မာသံရုံးရှေ့တွင် မြန်မာ အလုပ်သမားများနှင့် မြန်မာ့ အရေး လှုပ်ရှားသူများက ဆန္ဒပြ ဆန့်ကျင်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံတွင်လည်း ရွေးကောက်ပွဲဆန့်ကျင်သည့် ဆန္ဒပြပွဲ ကျင်းပကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) က ယနေ့ ကျင်းပသည့် ရွေးကောက် ပွဲသည် မြန်မာပြည် ငြိမ်းချမ်းရေး အတွက်သော် လည်းကောင်း၊ အပြောင်းအလဲ တစုံတရာအတွက်သော် လည်းကောင်း ဖြစ်စေနိုင်မည် မဟုတ်ဟု ကြေညာချက်တစောင် ထုတ်ပြန်သည်။

ရွေးကောက်ပွဲသည် စစ်အစိုးရ၏ တိုက်ရိုက် အုပ်ချုပ်မှုမှ ၎င်းတို့၏ အရပ်သားအစိုးရအဖွဲ့ကို အုပ်ချုပ်စေခြင်းသာ ဖြစ် ကြောင်း၊ တိုင်းရင်းသားများ အပေါ် ကျူးလွန်နေသည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများလည်း ဆက်လက် ဖြစ်ပွား နေ မည်သာ ဖြစ်ကြောင်း KNU ကြေညာချက်တွင် ပါရှိသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က သြစတြေးလျ ကျောင်းသားများကို မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများ စစ်ဆေးရေးကို ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုသည်ဟု အေပီ သတင်းတွင် ဖော်ပြထားသည်။
Read more »

Thursday 4 November 2010

လေဘေးဒုက္ခသည်များကို ၀န်ကြီးချုပ်မဲသွားဆွယ်

ခင်ဦးသာ....


စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်သည် နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်းရှိ ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများသို့ သွားကာ ဒေသခံ ပြည်သူများအား ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အား မဲပေးရန်ပြောဆိုသွားကြောင်း သိရသည်။

ကျောက်ဖြူမြို့ပေါ်က ရမ္မာဝတီခန်းမမှာ မြို့မိမြို့ဘတွေ၊ အာဏာပိုင်တွေကို ခေါ်ပြီးတော့ မဲမပေးဘဲ မနေကြဖို့၊ မဲမပေးကြဘူးဆိုရင် နိုင်ငံကြီးသား မပီသတဲ့အပြင် နိုင်ငံတကာမှာလည်း အရှက်ရစရာ ဖြစ်လာနိုင်တယ်၊ မဲပေးတဲ့အခါလည်း ခြင်္သေ့ရဲ့အမြီးတို့၊ ခြေထောက်တို့ပေါ်မှာ မခြစ်ဘဲ ဘေးက ကွင်းထဲမှာပဲ အမှန်ခြစ်ပေးကြဖို့ ဆိုတာတွေကိုပဲ အဓိထား ပြောဆိုသွားပါတယ်” ဟု အစည်းအဝေး တက်ရောက်နားထောင်ခဲ့ရသည့် ကျောက်ဖြူမြို့ခံ တဦးက ဧရာဝတီကို ရှင်းပြသည်။

ဦးသိန်းစိန်သည် ကျောက်ဖြူမြို့ရှိ ဒေသခံများနှင့်တွေ့ရာတွင် မုန်တိုင်းတိုက်ခတ်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ စိတ်မကောင်း ကြောင်း အနည်းငယ်သာ ပြောဆိုခဲ့ပြီး မည်ကဲ့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးမည်ကို လုံးဝ မပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အားမပေးတဲ့အပြင် ရခိုင်ဒေသက မုန်တိုင်းခဏခဏ ၀င်တဲ့အတွက် လေဘေးဒဏ် ခံနိုင်တဲ့ တိုက်တွေ ဆောက်နေကြဖို့ ပြောတယ်။ ဘင်္ဂလားဒေ့ရှ် ဆိုရင် အတော်လေး အဆင့် မြင့်နေပြီဆိုပြီး ပြောသေးတယ်။ ဒီစကားက ပြည်သူတွေကို စော်ကားတဲ့ စကားဆိုပြီး ဒေသခံတွေက ဒေါသ ထွက်နေကြပါတယ်” ဟု လည်း အဆိုပါ မြို့ခံက ပြောသည်။

စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာများတွင်မူ လေဘေးသင့် ဒေသခံများအား ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည် ဟု ရေးသား ဖော်ပြထားသည်။

ဦးသိန်းစိန်သည် ကျောက်ဖြူမှတဆင့် မြေပုံ၊ ပေါက်တော၊ စစ်တွေ စသည့် လေဘေးဒေသများသို့ သွားရောက်ကာ မဲဆွယ်
စည်းရုံးရေးကိုသာ အဓိကထား ပြောဆိုသွားပြီး ကူညီကယ်ဆယ်ရေးများ မပေးခဲ့ကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။

“သူက မြေပုံမြို့ပေါ်က မယက ရုံးမှာပဲ အစည်းအဝေးလုပ်တယ်၊ အထက ကျောင်းကို ခဏသွားကြည့်တယ်၊ တကယ်ထိ
ခိုက်ပျက်စီးသွားတဲ့ နေရာတွေကို မသွားခဲ့ပါဘူး” ဟုလည်း မြေပုံမြို့ခံ တဦးက ပြောသည်။

“ဦးသိန်းစိန်က တခြားစေတနာရှင်တွေ၊ NGO တွေက လှူထားကြတဲ့ ပစ္စည်းနည်းနည်းကို ဒေသ အာဏာပိုင်တွေက တဆင့်
ဒုက္ခသည်တွေကို ပေးဖို့ပြောပါတယ်၊ ကြံ့ဖွံ့ပါတီကို ထောက်ခံကြဖို့ပြောတယ်၊ ပြန်လည်ထူထောင်ရေး ကိစ္စတွေကိုတော့ ဘာမှ မပြောသွားဘူး” ဟု မြေပုံ ဒေသခံ ရပ်မိရပ်ဘ တဦးက ဆိုသည်။

ဦးသိန်းစိန်သည် ဂီရိလေဘေးသင့်ဒေသများသို့ လေမုန်တိုင်းတိုက်ခတ်ပြီး ၁၀ ရက်ကျော်မှ ရောက်ရှိလာသော စစ်အစိုးရ အကြီးအကဲ တဦးဖြစ်ပြီး ကြံ့ဖွံ့ပါတီ ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

“စစ်တွေကို ၃ ရက်နေ့ညနေက ခဏလာသွားတယ်။ ရွေးကောက်ပွဲကော်မရှင်တွေ၊ ကြံ့ဖွံ့ပါတီဝင်တွေကို တွေ့ပြီးတော့ ပြန်သွားပါတယ်၊ ထူးခြားတာကတော့ လေဘေးဒေသလာပြီး လေဘေးကိစ္စကို မပြောတာပါဘဲ” ဟု စစ်တွေ ဒေသခံ တဦးက ဆိုသည်။

လေဘေးဒုက္ခသည်များသည် ယခုအချိန်အထိ ထိရောက်သော ကူညီမှုမျိုး တစုံတရာ မရရှိသေးကြောင်း၊ အထူးသဖြင့် ထမင်း နပ်မှန်စွာ စားသောက်ရန် ဆန် မရရှိသေးကြောင်း၊ စေတနာရှင်များ လှူဒါန်းထားသည့် ပစ္စည်းများမှာလည်း ဒေသ အာဏာပိုင်များ ထံတွင် သိမ်းဆည်းထားဆဲဖြစ်ကြောင်း ပြည်တွင်း NGO တချို့ထံမှ သိရသည်။

လေဘေးသင့် ဒေသများတွင် ပုဂ္ဂလိက အဖွဲ့အစည်းအသီးသီးမှ လှူဒါန်းသည့် ပစ္စည်းများ ရောက်ရှိနေသော်လည်း ဒေသ အာဏာပိုင်များနှင့် ဒေသခံ စစ်တပ်က သိမ်းဆည်းထားကာ ကြံ့ဖွံ့ပါတီအား မဲပေးမှသာ ပစ္စည်းများပေးမည်ဟု သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌများက ပြောဆိုနေ၍ ဒေသခံများမှာ စိတ်ဆိုးဒေါသ ထွက်နေကြကြောင်း ကြားသိရသည်။

“ကျနော်တို့ ပေါက်တောမြို့မှာ ရပ်ကွက်ဥက္ကဋ္ဌတွေ၊ ကျေးရွာ ဥက္ကဋ္ဌတွေက ထောက်ပံ့ ပစ္စည်းလိုချင်ရင် ကြံ့ဖွံ့ပါတီကို မဲပေးရမယ်၊ သူတို့ကို ထောက်ခံမှ ပေးမယ်ဆိုပြီး လုပ်နေကြပါတယ်။ မြို့နယ်အဆင့်က ချပေးတဲ့ ထောက်ပံ့ ပစ္စည်းတွေကို ပြန်ရောင်းစား နေကြပါတယ်” ဟု ပေါက်တော မြို့ခံ တဦးက ဧရာဝတီကို ပြောသည်။

လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်၏ ရပ်ကွက်၊ ကျေးရွာ အားလုံးနီးပါးတွင် ဒေသဆိုင်ရာ အမြောက်တပ်၊ တိုင်းဗဟိုတပ်မ ၉ တို့မှ စစ်သားများကို တပ်ဖြန့်ချထားကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“စစ်တပ်က နေရာတကာမှာ ရှိနေတော့ အလှူရှင်တွေက မလှူရဲကြတော့ဘူး။ သွားရင်လည်း ဘယ်သွားမှာလဲ၊ ဘာလုပ် မှာလဲနဲ့ စစ်လား ဆေးလား လုပ်တယ်။ လှူချင်ရင် သူတို့က တဆင့်လှူဖို့ပြောတယ်။ ဘယ်အဖွဲ့အစည်းကမှ သူတို့နဲ့ မပတ်သက်ချင်ကြဘူး၊ လေဘေးဒေသနဲ့ မတူဘဲ စစ်မြေပြင်နဲ့ တူနေတယ်” ဟု မြေပုံ မြို့ခံတဦးက ဆိုသည်။

စစ်အစိုးရ ခေါင်းဆောင်များသည် ပြည်သူများ ဘေးဒုက္ခရောက်နေသည်ကို စိတ်ဝင်စားခြင်း၊ ကူညီထောက်ပံ့ပေးလိုခြင်း မရှိသည့်အပြင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုကိုလည်း နည်းမျိုးစုံဖြင့် တားဆီးကန့်သတ် ချုပ်ချယ်မှုများ ဆက်တိုက်လုပ်ဆောင်လျက် ရှိကြောင်း ဒေသခံများက ပြောသည်။

လေဘေးဒေသသို့ အကူအညီများပေးရန် အမေရိကန်အစိုးရနှင့် ဗြိတိန်နိုင်ငံအစိုးရတို့က စစ်အစိုးရကို ကမ်းလှမ်းထား သော်လည်း စစ်အစိုးရက တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

“ဆုံးရှုံးမှု ပမာဏက အင်မတန်ကြီးမားပါတယ်။ ဒီစစ်အစိုးရ တခုတည်းနဲ့ ပြန်လည်တည်ဆောက်ရေး လုပ်ဖို့ ခက်ခဲမှာပါ။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေရဲ့ အကူအညီတွေကို လက်ခံပေးသင့်ပါတယ်” ဟု ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေသည့် ပြည်တွင်း NGO တခုမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။

ဂီရိဆိုင်ကလုန်းကြောင့်သေဆုံးခဲ့ရသူဦးရေမှာ စုစုပေါင်း ၁၇၀ ၀န်းကျင်ရှိနေပြီ ဖြစ်ပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၂ သိန်း ၀န်းကျင်ရှိကြောင်း သိရသည်။

စပါးခင်းများ၊ တာတမံများနှင့် လယ်မြေဧက ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ပုစွန်မွေးမြူရေးလုပ်ငန်း ဧကပေါင်း
၁ သိန်းကျော် ပျက်စီးသွားကြောင်းလည်း သိရသည်။
Read more »

စိတ်ဖိစီးမူကြောင့် လေဘေး ဒုက္ခသည် တစ်ဦး ကြိုးဆွဲချ သေဆုံး

11/3/2010

ရခိုင်ပြည်နယ် မြေပုံမြို့တွင် လေဘေး ဒုက္ခသည် တစ်ဦး စိတ်ဖိစီးမူကြောင့် ကြိုးဆွဲချ သေဆုံး သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ မြေပုံမြို့ အလယ်ပိုင်းရပ်ကွက်မှ ဦးအောင်ကျော်စိန်ဖြစ်သည်။

မြေပုံ မြို့ခံ တစ်ဦးက “ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြိုဆွဲချ သေသွားတာပါ။ သူ့မှာ အိမ်လည်း မုန်တိုင်းထဲပါသွားတယ်။ စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်သွားတော့ နောက်ဆုံး စိတ်ဖိစီးမူကြောင့် ကြိုးဆွဲချ သေသွားပုံရပါတယ်” ဟုပြောသည်။

မြေပုံမြို့နယ် အပါအ၀င် ဂီရိ လေဘေးဒဏ်ခံခဲ့ရသည့် ရခိုင်မှ ကျေးရွာအများအပြားတွင် ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသဖြင့် အထူး စိတ်ထိခိုက် ခံစား နေကြရသည်ဟု သိရသည်။

“ ထောင်ချီတဲ့ စပါးစိုက်ခင်းတွေ၊ ပုဇွန်မွေးမြူရေး တာတွေ ပျက်စီးသွားတယ်။ ငါးလုပ်ငန်း လုပ်ကိုင်နေတဲ့ သူတွေမှာလည်း ငါးဖမ်းလှေတွေ ပျက်စီးပြီး တဦး တဦးစီမှာ သိန်းရာချီပြီး ဆုံးရှုံး နစ်နာ သွားခဲ့တယ်။ မိုးအကုန်မှာ လေမုန်တိုင်းခံရတာက မိုးဦးပိုင်းမှာ လေမုန်တိုင်းခံရတာထက် ပိုဆိုးတယ်။ ရေတွင်းရေကန်တွေက အစ မိုးမရှိတော့ သောက်သုံးလို့ မရတော့ဘူး။ လူတိုင်းလိုလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူတွေ ဖြစ်နေကြတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ စိတ်ဖိစီးမူကြောင်း မြေပုံမြို့နယ် ဆင်တောင်ကျေးရွာတွင်လည်း နောက်ထပ် အမျိုးသား တစ်ဦး များမကြာမှီက ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

(နိရဉ္စရာ သတင်းများ)
Read more »

Wednesday 3 November 2010

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ

11/2/2010



နေစရာ အိမ်မကျန်လိုက်သောကျေးရွာများ မြင်ကွင်း
အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန် အစီရင်ခံစာတွင် ဖေါ်ပြသည်။

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံလိုက်ရသည့် မြို့နယ်များမှာ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်းနှင့် အဆိုပါ မြို့နယ် ၄ ခုထဲတွင် အပျက်အစီး အများဆုံးဒေသမှာ ကျွန်းသာယာ (မြေပုံ)နှင့် ဖရုံကာကျွန်း (ပေါက်တော) ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။

စစ်အစိုးရဘက်မှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သေဆုံးသူ ၄၅ ဦး၊ ပျောက်ဆုံး ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦး ဖြစ်ကြောင်း ဖေါ်ပြရေးသားသည်။

၎င်းပြင် ခန့်မှန်းခြေအရ စိုက်ပျိုးနေသော လယ်မြေ ဧကပေါင်း ၁၇၅၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြေခံမူလတန်း ကျောင်းပေါင်း ၂၇၉ လုံးနှင့် အလယ်တန်းကျောင်းပေါင်း ၂၄ လုံး၊ အထက်တန်း ကျောင်း ပေါင်း ၁၅ လုံးမှာပျက်စီးသွားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယူအန်နှင့် အစိုးရ အဖွဲ့အစည်းတွေမှ လေဘေး အကူအညီများ ဖြန့်ဝေပေးနေသော်လည်း ထိုဒေသတွင် ဖြန့်ဝေနေသော ကယ်ဆယ်ရေး ပစ္စည်းများဖြစ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါး၊ ရေဘေး ဒုက္ခသည်များ ကျန်းမာရေးနှင့် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြပ် ပေးရန် အကြီး အကျယ် လိုအပ်နေကြောင်းလည်းဖေါ်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က wfp အဖွဲ့မှ ဆန်အိပ်ပေါင်း ၅၄၀ လုံးကို မြို့နယ်လေးခုမှ အိမ်ခြေပေါင်း ၁၁၀၅၀ ကို တလအတွက် ဖြန့်ဝေ ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၈/၂၉ ရက်နေ့က စစ်တွေမြို့ရှိအစိုးရအရာရှိများနှင့် အင်ဂျီအိုအဖွဲ့များဖြစ်သည့် RC/HC, UNHCR, UNDP and OCHA မှကိုယ်စားလှယ်များနှင့် UN, INGO/NGO တွေ့ဆုံ ဆွေးနွေးချက် အရ ၂၉ ရက်နေ့ က ယူအန်မှတချို့ကိုယ်စားလှယ်များ ပေါက်တောမြို့နယ်သို့ သွားရောက် ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

မုန်တိုင်း ကျရောက်ခဲ့သည့် တချို့နေရာများသို့ အလှူပစ္စည်းများ သယ်ယူ ပို့ဆောင်ရန် လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးနေသဖြင့်အခက်အခဲများ ရှိနေကြောင်း အစီရင်ခံစာတွင်ဖေါ်ပြထားသည်။
Read more »