Thursday 28 October 2010

မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသများတွင် ၀မ်းရောဂါ ဖြစ်ပွား၍ ၃ ဦးသေဆုံး

10/27/2010
Diarrhea-Outbreak-in-Cyclone-Affected-Area-in-Arakan
မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်မှ ကျေးလက်ဒေသများတွင် ၀မ်းရောဂါ စတင်ဖြစ်ပွားနေရာ ယမန်နေ့ထိ သေဆုံးသူ သုံးဦး ရှိသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူများမှာ မြေပုံ တောင်ကြီးရင်း ကျေးရွာမှ နှစ်ဦးနှင့် မင်းပြား ရန်တိုင်ကျေးရွာမှာ အသက် ၅၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ကြသည်။
“ မင်းပြားမြို့နယ် ရန်တိုင် ကျေးရွာက အမျိုးသမီးကတော့ မနေ့က ၀မ်းရောဂါနဲ့ ဆုံးတာပါ။ တောင်ကြီးရင်းက ကျန်နှစ်ဦးကတော့ လွန်ခဲ့တဲ့ တနေ့က ဆုံးသွားတာ ဖြစ်ပါတယ်။ အခုအခါ ကျေးရွာတွေမှာ ၀မ်းရောဂါ ကျယ်ပြန့်စွာ ကူးစက် ပျံ့နှံ့ ဖြစ်ပွားနေပါတယ်” ဟု လူမူ ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
အဆိုပါ သေဆုံးမူကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ကလည်း အတည်ပြု ပြောကြားသည်။
“ ကျွန်တော်တို့ သိရသလောက်ဆိုရင် ၀မ်းရောဂါနဲ့ သေဆုံးတာ သုံးဦး ရှိသွားပါပြီ။ ဒီထက် အရေအတွက် တိုးလာနိုင်ပါတယ်။” ဟု ပြောသည်။
မြေပုံမြို့ခံ တစ်ဦးကလည်း သောက်သုံးရေ ရှားပါးနေသဖြင့် ၀မ်းရောဂါ ဖြစ်ပွားနေပုံကို ယခုကဲ့သို့ ပြောသည်။
“ အခု ရွာအတော်များများက ရေထဲပါသွားတော့ တချို့ရွာတွေမှာ စားစရာ သောက်စရာတွေ ဘာမှ မကျန်ခဲ့ဘူး။ အဲဒီတော့ ရွာသားတွေက အုန်းသီး၊ အုန်းဖူးတွေကိုဘဲ စားသောက်နေရတယ်။ ကြာလာတော့ ၀မ်းရောဂါ ရပြီး ခုလို ကူးစက်ပြန့်ပွားလာတာ ဖြစ်ပါတယ်” ဟု ပြောသည်။
စစ်တွေမှ အမည် မဖေါ်လိုသူ ဆရာဝန် တစ်ဦးကလည်း မြေပုံ၊ မင်းပြားနှင့် ပေါက်တော မြို့နယ် များတွင် ၀မ်းရောဂါ ဖြစ်ပွားနေမူကို အတည်ပြု ပြောကြားပြီး အစားအစာ၊ သောက်သုံးရေနှင့် အမိုးအကာများ အချိန်မှီ မရပါက ၀မ်းရောဂါ ဖြစ်ပွားမူမှာ ထိန်းမနိုင်သည့် အခြေအနေကို ရောက်သွား နိုင်ကြောင်း ပြောဆိုသည်။
တချို့ဝေးလံသော ကျွန်းများတွင် ယခုအချိန်ထိ အခြေအနေမည်သို့ဖြစ်နေသည်ကို မသိ ရှိရသေးကြောင်းနှင့် မုန်တိုင်း ဒဏ်ခံခဲ့ရသော ပေါက်တော၊ မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူ ကျေးလက်ဒေသများတွင် အစားအစာနှင့် သောက်သုံးရေများ အကြီးအကျယ် လိုအပ်နေကြောင်း သိရသည်။
နဖအ အာဏာပိုင်များ၏ ကန့်သတ်ပိတ်ပင် တားမြစ် မူများကြောင့် လေဘေး ဒဏ်ခံခဲ့ရသော ကျေးရွာ အများအပြားသို့ ယခုအချိန်ထိ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်နိုင်ဘဲ ကြန့်ကြာမူများ ရှိနေကြောင်း သိရသည်။



(နိရဉ္စရာ သတင်းများ)
Read more »

Wednesday 27 October 2010

ပေါက်တောမြို့နယ်တွင် လူ ၉ ဦးသေ၊ ကျေးရွာ အများအပြား ရေထဲပါ၊ လူပေါင်း သောင်းချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်

Narinjara Burmese/ 10/26/2010
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် လူ ၉ ဦးသေဆုံးပြီး ကျေးရွာအများအပြား ဒီရေနှင့် အတူ
မျောပါသွားကာ လူပေါင်းသောင်းချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သတင်း ရရှိသည်။

ပေါက်တော မြို့ခံ လူကြီး တစ်ဦးက “ သေဆုံးသွားသူတွေက အင်းဂရားချိုင်ကျွန်း ဗျိုင်းသိုက်အုပ်စုက ငရီချိုင်မှာ ၃ ယောက်သေပြီး ရီပိုက်ချိုင်မှာ ၆ ဦး စုစုပေါင်း ၉ ဦးသေဆုံးပါတယ်။ လူတွေ စုစုပေါင်း ၂၀၀၀၀ ကျော်ကတော့ အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြရပါတယ်။ အကူအညီကတော့ ဒီကနေ့ထိတော့ မရရှိသေးပါဘူး” ဟု ပြောသည်။

၎င်းပြင် ပင်လယ် ကမ်းနီး ကျေးရွာ အများအပြား ဒီရေလိုင်းများနှင့် ရေထဲ မျောပါသွားခဲ့သည်ဟု သူက ပြောသည်။

“ ဒီရေက လိုင်းနဲ့ အတူ ၁၂ ပေထိ မြင့်တက်လာပြီးတော့ အိမ်တွေ ဘုန်းတော်ကြီးကျောင်းတွေ အကုန်လုံး ဆွဲယူသွားတဲ့ အတွက် တချို့ရွာတွေဆိုရင် အိမ်တစ်လုံးမှ မရှိတော့ဘဲ ဖြစ်နေပါတယ်။ အခုလို အိမ်တစ်လုံးမှ မရှိဘဲ ဖြစ်နေကြတဲ့ ရွာတွေကတော့ ပြောရမယ်ဆိုရင် အင်းဂရားချိုင် ကျွန်းက ဗျိုင်းသိုက်၊ ကျောက်မောင်း၊ ပြင်ကြီး၊ ငရီချိုင်၊ ရီပိုက်ချိုင်၊ သဲဒွေနဲ့ ငမဲပြင်ကျေးရွာတွေ ဖြစ်ကြပါတယ်” ဟုပြောသည်။

ယခုအခါ အဆိုပါ ကျေးရွာများမှ ရွာသားများ နေထိုင်စရာ အိမ်များ မရှိတော့သဖြင့် လွင်တီးခေါင်းပြင်တွင် သစ်ရွက် သစ်ခက်များဖြင့် တဲထိုး၍ နေထိုင်နေကြရသည်ဟု သိရသည်။

“ အကူအညီကတော့ လူပေါင်း ၂၀၀၀၀ ကျော်အတွက် လိုအပ်နေပါတယ်။ အဓိက ရေထဲ ပါသွားတဲ့ ကျေးရွာတွေ အပြင် တခြား ပျက်စီးသွားတဲ့ ကျေးရွာတွေလည်း အများအပြား ရှိပါတယ်။ ခန်မှန်းခြေ လူပေါင်း ၄၀၀၀၀ ခန့် ပေါက်တောမြို့နယ်မှာ မုန်တိုင်း ဒဏ်ကို ခံခဲ့ကြရပါတယ်။”

ပေါက်တောမြို့နယ်တွင် အင်ဂရားချိုင်ကျွန်း အပြင် တခြား ထိခိုက်ခဲ့သော နေရာများမှာ မြေငုံကျွန်း ဗျိုင်းတောင် အုပ်စု၊ စောမဲကျီ၊ ကုလားသိမ်၊ ဇီးရွှေမော်၊ ကံပြင်၊ ကွမ်းသီးဖက်၊ ငပြီတက်၊ ပုဏ္ဍားကြီး အုပ်စု၊ ဆင်ပိုက် အုပ်စုများ ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်သူ အများအပြား လေဘေးနှင့်ရေဘေးကြောင့် အကြီးအကျယ် ထိခိုက် နေသော်လည်း သက်ဆိုင်ရာ နအဖ စစ်အာဏာပိုင်များက ထိထိရောက်ရောက် ကူညီပေးမူ တစုံတရာ မရှိကြောင်း သိရသည်။
Read more »

ရခိုင်လေဘေး အမေရိကန် ကူညီရန်ကမ်းလှမ်း

ဧရာဝတီ/ခင်ဦးသာ Wednesday, October 27, 2010
ရခိုင်ပြည်နယ် အတွင်းမှ ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရသော လေဘေး ဒုက္ခသည်များအား
ကူညီပေးရန် အမေရိကန် အစိုးရ၏ ကမ်းလှမ်းချက်ကို ရခိုင်တိုင်းရင်းသား
ခေါင်ဆောင်များက ကြိုဆို လိုက်ကြောင်း သိရသည်။

ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက်တနေ့ အောက်တိုဘာ ၂၃ ရက်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အိမ်အမိုးများ လန်၍ တယ်လီဖုန်းတိုင်လဲနေသည့် အပျက်အစီးမြင်ကွင်း(ဓာတ်ပုံ - AP)
“ဒုက္ခရောက်နေသူတွေကို ကူညီမယ်ဆိုတာ ကြိုဆိုသင့်တဲ့အရာပါ။ အမေရိကန်ုဖြစ်စေ၊ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ကြိုဆိုရမှာပါ၊ အခုအချိန်မှာ ဒုက္ခသည်တွေအတွက် အကူအညီအများကြီး လိုအပ်နေပါတယ်၊ အကူအညီကို လက်မခံဘူးလို့ ငြင်းမယ်ဆိုရင် ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်လို့မြင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ဧရာဝတီကို ပြောသည်။

လေဘေးဒုက္ခသည်များအား အမေရိကန် အစိုးရက လူသားချင်းစာနာထောက်ထား၍ အကူအညီပေးသွားရန်ရှိကြောင်း၊ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ တဆင့် ကူညီသွားရန် မြန်မာ စစ်အစိုးရကို ကမ်းလှမ်းထားကြောင်း အောက်တိုဘာ ၂၆ ရက် နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ အမေရိကန်အစိုးရက ကူညီရန်ကမ်းလှမ်းချက်ကို မြန်မာစစ်အစိုးရ အနေဖြင့် လက်ခံရန် အစီအစဉ် ရှိ မရှိကိုမူ ပြောဆိုရန် ခက်ခဲကြောင်း၊ စစ်အစိုးရသည် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ချိန်ကလည်း အမေရိကန် အပါအ၀င် ပြည်ပ အကူအညီတချို့ကို ငြင်းပယ်ခြင်း၊ ကန့်သတ်ခြင်းများ ရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်းများက ဆိုသည်။

“ကျနော်တို့ ဒေသခံတွေက အကူအညီပေးနေတာတောင် ကန့်သတ်မှု အမျိုးမျိုးလုပ်နေတာ အမေရိကန်ဆို ပိုတောင်ဆိုးဦးမယ် ထင်တယ်။ လူမှုရေး အသင်းတွေကကူညီတာကိုတောင် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ပေါင်းပြီးတော့မှ လုပ်ရတယ်။ တချို့ရွာတွေဆို အကူအညီ လုံးဝ မရောက်သေးဘူး” ဟု ကျောက်ဖြူမြို့တွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေသူ လူငယ်တဦးက ရှင်းပြသည်။

အောက်တိုဘာ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသည် ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူ၊ မြေပုံ၊ အမ်း၊ ပေါက်တော၊ မာန်အောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်ဒေသများကို တနာရီလျှင် မိုင် ၁၂၀ ၀န်းကျင်ဖြင့် တိုက်ခတ်ခဲ့သည်။

ထိုဒေသများ၌ သေဆုံးသူ ၈၅ ဦး ရှိနေပြီး လေဘေးဒုက္ခသည် ၇၀၀၀၀ ကျော်ရှိကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း NGO အဖွဲ့များ ထံမှ သိရသည်။

ဂီရိဆိုင်ကလုန်းကြောင့် အိမ်ခြေ ထောင်ပေါင်းများစွာပျက်စီး ဆုံးရှုံးခြင်း၊ စပါးခင်းများ ရေလွှမ်းခံရခြင်း၊ ဆားကွင်းများ ပျက်စီးခြင်း၊ တာတမံများကျိုးသွားခြင်းတို့ ဖြစ်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးနှင့် ကူညီထောက်ပံ့ရေး များစွာလိုအပ်မည်ဟု NGO အဖွဲ့ တချို့က ဆိုသည်။

စစ်အစိုးရ၏ ယနေ့ထုတ်ကြေးမုံ သတင်းစာတွင် ရခိုင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိန်းနှင့် ၀န်ကြီး ၃ ဦးတို့က လေဘေးသင့် ပြည်သူများအတွက် ဆန်၊ ဆီ၊ စောင်၊ အိုးခွက် စသည့် ပစ္စည်းများ ပေးအပ်နေကြောင်း ရေးသား ဖော်ပြထားသည်။

“လူမှုရေး အဖွဲ့တွေကလှူထားတဲ့ ပစ္စည်းတွေကို ၀န်ကြီးတွေက ပြန်ပေးတာပါ။ ပေးနေတာတွေကို ဗီဒီယိုတွေ ရိုက်တယ်၊ ဓာတ်ပုံတွေရိုက်ယူတယ်။ ၀န်ကြီးတွေလည်း ပြန်သွားရော ပစ္စည်းတချို့ကို ကားနဲ့ပြန်သယ်ယူသွားတယ်” ဟု ကျောက်ဖြူဒေသခံ တဦးက ဆိုသည်။

လေဘေးဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်သည်မှာ သောက်သုံးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ဖြစ်ကြောင်း၊ ကျောက်ဖြူ မြို့နယ်အတွင်းမှ ကယ်ဆယ်ရေး စခန်းတချို့တွင် အသက်ကြီးသူများနှင့် ကလေးငယ် တချို့သည် ရေသန့်ရှင်းမှု မရှိခြင်းကြောင့် ၀မ်းပျက်၊ ၀မ်းလျှော ရောဂါဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

“နေမကောင်းတဲ့ လူတချို့တော့ရှိပါတယ်။ ဆိုးဆိုးဝါးဝါးတော့ မရှိသေးပါဘူး။ ဒီအတွက် ဆေးဝါးတွေ၊ လိုအပ်တာတွေကို ကူညီဖို့ လုပ်ဆောင်နေပါပြီ။ သက်ဆိုင်ရာ ဒေသ အာဏာပိုင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာပါ” ဟု ရခိုင် သဟာရ အသင်း၏ အလုပ်အမှုဆောင် တဦးက ပြောသည်။

လေဘေးသင့် ဒေသများတွင် ရခိုင်လူမှုရေးအသင်းအဖွဲ့များ အပြင်၊ ရန်ကုန်အခြေစိုက် ပြည်တွင်း NGO များ၊ ရခိုင် နိုင်ငံရေး ပါတီများကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အစိုးရ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုရက်ပိုင်းတွင် လေဘေးသင့် ဒေသများသို့ သွားရောက်ခြင်းမရှိဘဲ ၂၀၀၈ ခုနှစ်က နာဂစ်ဆိုင်ကလုန်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း သွားရောက် လှည့်လည်နေပြီး နာဂစ်ဖြစ်ချိန် ကလည်း လေမုန်တိုင်း တိုက်ခတ်ပြီး တလကြာမှသာ လေဘေးသင့် ဒေသများသို့ သွားရောက်ခဲ့သည်။
Read more »

အာဏာပိုင်များ ခွင့်ပြုချက် မရ၍ မြေပုံမြို့နယ် ဂီရိ ဒုက္ခသည်များထံ အကူအညီများ ဖြန့်ဝေနိုင်ခြင်း မရှိသေး

Narinjara Burmese/10/27/2010
မကြာသေးမီက ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင်း ဒုက္ခရောက်နေကြသည့် မြေပုံမြို့ နယ်မှ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ ပေးရန်
-------------
မောင်အေး
-------------
ရောက်ရှိနေသည့် ပစ္စည်းများကို အလှူရှင်များကို အာဏာပိုင်များမှ တိုက်ရိုက် လှူဒါန်းခွင့် မရ၍ ယနေ့တိုင် ဒုက္ခသည်များ အကူညီ မရရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ သက်ဆိုင်ရာမှတဆင့် လှူဒါန်းရမည်ဟု အာဏာပိုင်များ ပြောကြားသည့် အတွက် အလှူပစ္စည်းများ ရပ်တန့်နေကြောင်းကို မြေပုံသို့ ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသူ တဦးက ယခုကဲ့သို့ပြောသည်။

“တနင်္လာနေ့ကတည်းက နိုင်ငံခြား NGO တွေနဲ့ ပြည်တွင်းက အလှူရှင်အဖွဲ့အစည်းခြောက်ခု စက်လှေတွေနဲ့ မြေပုံကိုရောက်နေတာ အခုဆို နှစ်ရက်ရှိပြီဖြစ်တယ်။ အာဏာပိုင်တွေက သူတို့ဆီက တဆင့် လှူရမယ်လို့ ပြောလို့အခက်ကြုံနေရတယ်။ အလှူရှင်တွေကလည်း ဒုက္ခသည်တွေကို တိုက်ရိုက် လှူချင်တယ်။ ဒီလိုနဲ့ အခုထိ ပစ္စည်းတွေ မဝေငှရသေးဘူး။”

မြေပုံသို့ကူညီထောက်ပံ့ရန် ရောက်ရှိနေသည့် အဖွဲ့အစည်းများမှာ မာတေဇအန်ဂျီအို၊ မင်္ဂလာမြန်မာ၊ မေတ္တာ ဖောင်ဒေးရှင်း၊ ဂရုဏာ ဖောင်ဒေးရှင်းနှင့် MSF တို့ ပါဝင်ကြောင်း သိရသည်။

မုန်တိုင်းဒုက္ခသည်များအဓိက လိုအပ်နေသည့် ပစ္စည်းများမှာ အမိုးအကာ၊ ဆေးဝါး၊ သောက်ရေနှင့် အစားအစာ များဖြစ်ကြောင်း သူကဆက်ပြောသည်။

လေဘေးသင့် ဒေသများတွင် ယခုအခါ ၀မ်းရောဂါစတင်ဖြစ်ပွားနေပြီး သေဆုံးမှုများရှိနေပြီဖြစ်ကြောင်း ကိုယ်တိုင် သွားရောက်ကူညီပေးနေသူတဦးက ယခုကဲ့သို့ပြောသည်။

“လွန်ခဲ့တဲ့ အင်္ဂါနေ့က တောင်ကြီးရင့်ကျေးရွာမှာ ၀မ်းရောဂါဖြစ်လို့ လူနှစ်ဦးသေဆုံးသွားပါတယ်။ တခြားလူ တွေလည်း ဖြစ်နေကြတယ်။ ဒီအတိုင်းဆိုရင် တခြားနေရာတွေကိုလည်း ၀မ်းရောဂါ ကူးသွားနိုင်တယ်။ နောက်ပြီး ဆေးရုံးမှာလည်း ဒဏ်ရာတွေနဲ့ လူနာ ၈၀ လောက်ရှိနေတယ် ဆေးဝါးမလုံမလောက်တာနဲ့ မနိုင်မနင်းဖြစ်နေတယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုနေတယ်။”

ယခုကဲ့သို့ ၀မ်းရောဂါ စတင်ဖြစ်ပွားလာပြီဖြစ်သည့်အတွက် အလှူရှင်များကို တိုက်ရိုက်သွားရောက် လှူဒါန်း ခွင့်ကို အာဏာပိုင်များမှ ခွင်ပြုသင့်ပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ယခုကဲ့သို့ပြောသည်။

“အဓိက ကျွန်တော်တို့ပါတီက လိုလားတာကတော့ ပြည်သူလူထုထိခိုက်မှုတွေ အသက်သာဆုံး ဖြစ်အောင် အာဏာပိုင်တွေ တားဆီးပိတ်ပင်နေတာတွေကို ကျွန်တော်တို့ မလိုလားဘူး။ အလှူရှင်တွေ နဲ့ လူထုကို တိုက်ရိုက်တွေ့ခွင့် ပေးပါ။ အဲဒီလို တွေ့ခွင့်ပေးတဲ့ အတွက် ဘယ်လောက်ထိ ပျက်စီး ထိခိုက် သွားတယ်ဆိုတာကို နိုင်ငံတကာကလည်း သိခွင့်ရမယ်။ ပြည်တွင်းက လူတွေလည်း သနား ကြင်နာ မှုပိုရနိုင်မှာဖြစ်တယ်။ ဒါကြောင်း သတင်းပိတ်ပင်တာတို့ တားဆီးတာတို့ အခုကာလမှာ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။”

ယခုကဲ့သို့ အာဏာပိုင်များမှ အလှူရှင်များအား တားဆီးပိတ်ပင်မှုများ ဆက်လက်ပြုလုပ်နေလျှင် သေဆုံးသူ အရေအတွက် ယခုထက်ပိုပြီးများလာနိုင်ကြောင်း ဒေါက်တာအေးမောင်မှ ပြောကြားသွားသည်။
Read more »

ပြင်ဝန်းချောင်းတွင် မျောနေသော အလောင်များ မြုပ်နှံမည့်သူ မရှိ ဖြစ်နေ


Narinjara Burmese/10/27/2010
မြေပုံမြို့နယ် ကျွန်းသာယာရှိ ပြင်ဝန်းရွာရှေ့တွင် အလောင်း ၄၀ ခန့် Breaking News:
မျောနေပြီး ဆယ်ယူ သဂြိုင်္လ်မည့်သူ မရှိ ဖြစ်နေကြောင်း သတင်းရရှိသည်။
ယနေ့လက်ရှိ နောက်ဆုံး ရရှိသော သတင်းအရ သေဆုံးသူ ၉၃ ဦးအထိ မြင့်တက် သွားပြီဖြစ်ကြောင်း သိရသည်။
ယခုအခါ ၀မ်းရောဂါလည်း ကူးစက်ပျံ့နှံ့နေပြီး သေဆုံးမူများလည်း ရှိနေပြီ ဖြစ်ကြောင်း ဒေသခံများက ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။
Read more »

Tuesday 26 October 2010

နအဖ ထုတ်ပြန်သော အသေအပျောက် အပျက်အစီး စာရင်း ပကတိ အပျက်အစီး စာရင်းနှင့် ကွဲလွဲမူရှိ

10/26/2010
--------
စံလင်း
--------

Cyclone-Giri-lashes-Arakan-Coast-Burma.jpg
နအဖ စစ်အစိုးရမှ ထုတ်ပြန်သော အသေ အပျောက်နှင့် အပျက်အစီး စာရင်းမှာ ဒေသခံများ ကောက်ယူ စုဆောင်း ထားသော စာရင်းများနှင့် များစွာ ကွဲလွဲမူ ရှိနေကြောင်း လူမူရေး ကယ်ဆယ်ရေး လုပ်နေသူ တစ်ဦးက ပြောသည်။
“ နအဖ စစ်အစိုးရက ဂီရိ မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေ ၂၇ ယောက် ရှိကြောင်း ဖော်ပြထားပါတယ်။ လက်ရှိ အောက်တိုဘာလ ၂၆ ရက်နေ့ထိ ကောက်ခံ ရရှိတဲ့ စာရင်းအရ မြေပုံမြို့နယ် တစ်ခုတည်းမှာ သေဆုံးသူ ၇၄ ဦး ရှိနေပါပြီ။ ဒီထက် သေဆုံး သူ အရေ အတွက် ပိုများနိုင်တယ်လို့ အများက ခန့်မှန်း ထားကြပါတယ်။ ဒါကြောင့် နအဖ စစ်အစိုးရ စာရင်းဟာ ဒေသအတွင်းက ကောက်ခံ စုဆောင်းထားတဲ့ စာရင်းတွေနဲ့ အများကြီး ကွာဟနေပါတယ်” ဟု ပြောသည်။
နအဖ စစ်အစိုးရမှ သတင်းစာများမှ ကျေညာရာတွင် ဆိုင်ကလုန်းမုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် လူ ၂၂ ဦးသေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း ပြောသည်။
၎င်းပြင် တံတားနှစ်စင်း ကျိုးပြီး အိမ် ၂၀၈၈ လုံး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံးနှင့် စာသင်ကျောင်း ၁၃ ကျောင်း ပျက်စီးကာ စက်လှေ အစင်း ၈၀ နစ်မြုပ်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်သည်။
မင်းပြားမြို့နယ်တွင်လည်း လူ ၅ ဦး သေဆုံးပြီး အိမ် ၅၉၇ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံး၊ စာသင်ကျောင်း လေးကျောင်း ပျက်စီးကြောင်း ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် အိမ် ၁၀၃၅ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ အလုံး ၄၀၊ စာသင်ကျောင်း နှစ်ကျောင်း အမိုးလန်ပျက်စီးခဲ့ပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်း တလျောက် အဆောက်အအုံး အချို့ အမိုးလန် ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း နအဖ စစ်အစိုးရ စာရင်းတွင် လူ ၉ ဦးထိ သေဆုံးခဲ့ရပြီး လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသော ပေါက်တောမြို့နယ် အကြောင်းကိုမူ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း ယနေ့ထက်ထိ မရှိသေးကြောင်း သိရသည်။
“ အခု ကျွန်တော် စုဆောင်းထားတဲ့ စာရင်းအရ ကျောက်ဖြူ ငလကျွန်းမှာ တစ်ဦး၊ ပေါက်တောမှာ ၉ ဦး၊ မင်းပြားမှာ ၈ ဦးနဲ့ မြေပုံ တမြို့နယ်မှာတင် ၇၄ ဦးသေတယ်လို့ သိရပါတယ်။ တခြား လက်လှမ်း မမှီတဲ့ နေရာတွေ ကျွန်းတွေလည်း အများကြီး ရှိပါသေးတယ်” ဟု ကယ်ဆယ်ရေး လုပ်နေသူက ပြောသည်။
ပေါက်တောမြို့နယ်တွင် အင်ဂရားချိုင်ကျွန်းမှ ဗျိုင်းသိုက်၊ ကျောက်မောင်း၊ ပြင်ကြီး၊ ငရီချိုင်၊ ရီပိုက်ချိုင်၊ သဲဒွေနှင့် ငမဲပြင် ကျေးရွာများ ဒီရေ လိုင်းများနှင့် အတူ မျောပါသွားခဲ့ပြီး လူသောင်းချီပြီး အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြသော်လည်း ယခုအချိန်ထိ တရားဝင် အစိုးရမှ နေရာချထားပေးခြင်း အကူအညီပေးခြင်း မရှိကြောင်း သိရသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ထုတ်ပြန်ချက်တွင်လည်း မြေပုံ တမြို့နယ်တည်းတွင် သေဆုံးသူ ၇၄ ဦးရှိကြောင်း ဖေါ်ပြသည်။

(နိရဉ္စရာ သတင်းများ)
Read more »

မြေပုံမြို့နယ်တွင် သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိ၊ ကျောက်ဖြူတွင် ဒုက္ခသည်များ အစိုးရထံမှ အကူညီ မရရှိသေး

10/24/2010
-------------------------------------
စံလင်း၊ စောသူဝင်း၊ မေဖြိုးအောင်
-------------------------------------

after-Cyclone-Giri-lashes-Arakan-Coast-Kuauk-Pru-Myanmar
ရခိုင်ပြည် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာတွင် ဂီရိမုန်တိုင်း တိုက်ခတ်မှုကြောင်း သေဆုံးသူ အလောင်း ၅၀ ခန့် တွေ့ရှိပြီးဖြစ်ပြီး အငူရွာနဲ့ ရေနီကြီးရွာ များ ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။

နိရဉ္စရာမှ ဆက်သွယ်မေးမြန်းကြည့်ရာ မြေပုံမြို့နယ်မှ ဒေသခံတဦးက အခုလို ပြောသည်။

“ကျွန်းသာယာမှာ အလောင်း ၅၀ လောက်ရပြီ၊ ငပသုံးမှာလည့် အသေပျောက်များတယ်၊ အငူရွာ နဲ့ ရေနီကြီးရွာ ရွာလုံးကျွတ်ပျောက်သွားတယ်၊ အဲဒီရွာတွေမှာ အသေပျောက်တော့ အသေချာ မသိရသေးဘူး၊ မြို့ပေါ်မှာ ကယ်ဆယ်ရေး လုပ်သား ၆၀၀၀ လောက်ရှိတယ်၊ FNG အဖွဲ့အစည်း နဲ့ အခြား ကယ်ဆယ်ရေး အဖွဲ့တွေပါ၊ နယ်တွေကိုတော့ မရောက်သေးဘူး၊ ကျွန်းသာယာ၊ ငပသုံ ကနေပီးတော့ ကမ်းထောင်းကြီး အထိ တောက်လျောက် အများအပြား ပျက်စီးသွားတယ်၊ မြေပုံမြို့နယ် ပျက်စီးတာ ၇၅ ရာခိုင်နှုန်း လောက်တော့ ရှိမယ်” ဟု ပြောသည်။
မြေပုံမြို့နယ်တွင် အခုချိန်ထိ သေဆုံးသူ စာရင်းကို အသေချာ မသိရှိရသေးသော်လည့် သေဆုံးသူ ဦးရေ ရာကျော်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ နိုင်ငံတော်က အကူအညီပေးရန် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများကြ ပြောသည်။
after-Cyclone-Giri-lashes-Arakan-Coast-Kuauk-Pru-Myanmar
ကျောက်ဖြူ မြို့နယ်တွင် ကယ်ဆည်ရေးသင်္ဘောများနှင့် NGO အဖွဲ့များကို ကျောက်ဖြူမြို့နယ် ခ.ယ.က.ဥက္ကဌမှ ဝင်ခွင့်မပြုသောကြောင်း အခုချိန်ထိ အကူညီ မရရှိသေးကြောင်းသိရသည်။
“ကျောက်ဖြူမြို့ကိုအယင်လို ပြန်ဖြစ်အောင် ပြုပြင်ဖို့ အချိန်နဲ့ ငွေ များစွာ လိုအပ်မယ်။ ခ.ယ.က ဥက္ကဌက သူများ အကူညီကို မယူဘူး၊ နိုင်ငံတော်က လုပ်ပေးမယ်ဆိုပြီး NGO အဖွဲ့စည်းတွေကို ရပ်ဆိုင်းထားပါတယ်၊ ဒုက္ခသည်တွေကတော့၊ နီးစပ်ရာ ဘုန်းကြီးကျောင်း တွေမှာတည်းခို နေရတယ်၊ ဗိုလ်ချုပ်မှူးကြီး သိန်းစိန် ရဟတ်ယာဉ် (၃)စီးနဲ ကျောက်ဖြူမြို့ကိုလာရောက်ကြည့်ရှူ့ပါတယ်၊ အခုချိန်ထိ ကူညီမှုတစုံတရာမရရှိ သေးဘူး” ဟုကျောက်ဖြူမြို့ခံ တဦးက ပြောသည်။
ကျောက်ဖြူတွင် မုန်တိုင်း ဒဏ်ကြောင်း ရောဂါဖြစ်ပွားသူများကို ဘုရားကြီး ဓမ္မာရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အခုချိန်တွင် ဒုက္ခသည်များ အကူညီများကို အထူး စောင့်မျှော် နေကြောင်း သိရသည်။
အရကျောက်ဖြူမြို့နှင့် အနီးနားရှိ ရပ်ကွက်၊ ကျေးရွာ များမှ ရေဘေး ဒုက္ခသည် စာရင်းမှာ- ကျောက်ဖြူ ပိုက်ဆိပ်ကျောင်း အထက(၂)တွင် ဒုက္ခသည် ၁၃၇၅ ဦး၊ သံဖြူဘုန်ကြီးကျောင်းတွင် ၈၀၀ ကျော်၊ မူလာဒွါ ဘုန်းကြီးကျောင်းတွင်၁၀၀နီးပါး၊ သန်ပန်ချောင်းကျောင်း အထက (၄) တွင်၁၀၀ ကျော်၊ စိန်ပန်းဘုန်းကြီးကျောင်တွင် ၂၀၀ စုစုပေါင်း ၂၈၀၀ ကျော် အခက်အခဲရှိနေကြောင်း သိရှိရသည်။
ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူမြို့တွင် အိမ်များ အမိုးလန် ခြင်း၊ ဓာတ်တိုင်များ ပျက်ပြိုလဲ ပျက်စီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းများ ဖြစ်ပေါ် ခဲ့ကြောင်း သိရှိရသည်။ အဓိက ပျက်စီးဆုံးရှုံးမှု ဖြစ်သည့် နေရာများမှာ စေတီယျရွာ ၊ ပြင်ဖြူမော် ၊ ကညင်တော ၊ ငလပွေ့ နှင့် ကျွန်းသာယာမှ ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နေရာများသည် မူလကတည်း က မြေနိမ့်ပိုင်း ဒေသများ ဖြစ်သောကြောင့် နေအိမ် အဆောက်အဦးများ ရေမြုပ်ခြင်း ဒဏ်ကို ခံစားရကြောင်း သိရှိရသည်။ အထူးသဖြင့် ရေစပ်နားတွင် ဆောက်လုပ်ထားသော အိမ်များမှာ လုံးဝ ပျက်စီးသွားကြောင်း သိရှိရသည်။


(နိရဉ္စရာ သတင်းများ)
Read more »

မုန်တိုင်း အဓိက တိုက်ခတ်ရာ ဒေသများတွင် ရေနှင့် အစားအစာများ အကြီးအကျယ် ပြတ်လပ်နေ


10/23/2010

Cyclone-Giri-hits-Myanmar
ဂီရိ မုန်တိုင်း အဓိက တိုက်ခတ်ရာ ကျောက်ဖြူ၊ မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ပြည်သူများ အနေဖြင့် ရေနှင့် အစားအစာ ပြတ်လပ်မူနှင့် ရင်ဆိုင်နေကြရသည်ဟု သတင်း ရရှိသည်။
မုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် မြေပုံမြို့ အကြားကို တစ်နာရီ မိုင် ၁၂၀ နုန်းဖြင့် ဖြတ်သန်း တိုက်ခတ်ခဲ့သဖြင့် မုန်တိုင်းနှင့် အတူ ဒီရေများပါ တက်လာခဲ့သဖြင့် တာရိုးများ ကျိုးပျက်ကာ ကျေးရွာအများအပြားရှိ ရေကန်များကို ဆားငံရေများ ၀င်ရောက်သွားခဲ့သည်။
“အခု ဆိုးဆိုးရွားရွား ဖြစ်နေတာကတော့ ကမ်းသာယာ၊ ငပသုံ၊ လွမ်းလုံပိုက်၊ ငမန်းရဲကျွန်း စတဲ့ နေရာတွေ ဖြစ်ပါတယ်။ အဲဒီမှာ လူတွေ မသေအပျောက်ရှိတယ်လို့ သိရပါတယ်။ ရွာတွေကို ရေမြုပ်သွားတဲ့ အတွက် ရေတွေ သောက်သုံးလို့ မရတော့ဘူး ဆိုပီး သတင်းရတယ်။ အစားအစာ တွေပါ ပြတ်လပ်နေတယ်လို့ သိရပါတယ်” ဟု စစ်တွေမှ လူမူရေး အကျိုးဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
အဆိုပါ သတင်း ထွက်ပေါ်လာပြီးနောက် AZG အန်ဂျီအိုမှ အဆိုပါ ဒေသသို့ အကူ အညီပေးရန် စက်လှေများ ဖြင့် ယမန်နေ့က စစ်တွေမှ ထွက်ခွာသွားခဲ့သည်ဟု သိရသည်။
“ အခုလောလောဆယ်တော့ အာဏာပိုင်တွေက ဘာသတင်းမှ မထုတ်ပြန်သေးသလို ကူညီ ဆောင်ရွက်ပေးတာတွေလည်း ဘာမှ မရှိသေးဘူးလို့ သိရပါတယ်။ ဖုံးလိုင်းတွေ အခုအချိန်ထိ ပြတ်နေတဲ့ အပြင် အစိုးရက ဘာမှ သတင်း ထုတ်ပြန်တာ မရှိသေးတဲ့ အတွက် အဲဒီ ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိရဘဲ ဖြစ်နေတယ်။ လူတွေ အသေအပျောက် ရှိတဲ့ သတင်းတွေတော့ ထွက်နေပါတယ်” ဟု သူက ဆက်ပြောသည်။
အဓိက မုန်တိုင်းကြောင့် ထိခိုက်ခဲ့သော နေရာများမှာ မြေပုံနှင့် ကျောက်ဖြူမြို့နယ် ဖြစ်ကြောင်း သိရသည်။ စစ်တွေနှင့် ပေါက်တောတွင် ထိခိုက်မူ သိပ်မများကြောင်း သူက ပြောသည်။
“ စစ်တွေမှာ မုန်တိုင်း တိုက်ခတ်ခဲ့ပေမယ့် သိပ်အပျက်အစီး မရှိဘူး။ ရေတွေလည်း သိပ်မတက်ခဲ့ပါဘူး။ ပေါက်တောမှာလည်း သိပ်အပျက်အစီး ရှိတယ်လို့ မကြားရပါဘူး။ အဆိုးရွားဆုံးက မြေပုံနဲ့ ကျောက်ဖြူ မြို့နယ်တွေမှာ ဖြစ်ပါတယ်။”
ကျောက်ဖြူဒေသခံ တစ်ဦးကလည်း ကျောက်ဖြူမြို့ပေါ်တွင် ၅၀ ရာခိုင်နုန်းကျော် ပျက်စီး သွားကြောင်းကို ယခုကဲ့သို့ ပြောသည်။
“ ပျက်စီးတာကတော့ ၅၀ ရာခိုင်နုန်းကျော် ပျက်စီးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အိမ်တွေ အလုံးလိုက် ပြိုလဲတာ မရှိပေမယ့် အိမ်ခေါင်းမိုးတွေ အကုန်လုံး ပွင့်ထွက်ကုန်တယ်။ စာသင် ကျောင်းတွေ အထူးသဖြင့် ဆရာအတတ်သင်ကျောင်းဆိုရင် ခေါင်မိုးတွေ ၉၀ ရာခိုင်နုန်း ပျက်စီး သွားခဲ့တယ်။ အပင်တွေ၊ ဓါတ်မီးတိုင်တွေ လဲပြိုကျသွားတယ်။ အိမ်ပြိုပျက်သွားတဲ့ သူတွေက အခု ဘုန်းကြီးကျောင်းတို့၊ မပြိုပျက်ဘဲ ကျန်နေခဲ့တဲ့ စာသင်ကျောင်းတွေမှာ ခိုလုံနေကြတယ်။ မြို့ထဲက ထမင်းထုတ်တွေ လိုက်ကောက်ပြီး သူတို့အတွက် ပို့ပေးနေရတယ်။ အခုအချိန်ထိတော့ အာဏာပိုင်တွေက လမ်းတွေကို လိုက်ရှင်းတာက လွဲပြီး အကူအညီ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။”
ကျောက်ဖြူ ဒေသ အာဏာပိုင်များမှ ကျောက်ဖြူတွင် အလုပ် လာလုပ်နေသော မြန်မာ ရွှေသရဖူ ကုမ္ပဏီပိုင် ကားများကို အကူအညီယူပြီး လမ်းများကို လိုက်ရှင်းနေပြီး မြို့သူ မြို့သားများကလည်း ပြိုပျက်သွားသော ၎င်းတို့၏ အိမ်ယာများကို ၎င်းတို့ ပြင်ဆင် ပြုလုပ်နေကြသည်ဟု သိရသည်။
ကျောက်ဖြူတွင် ဂီရိ မုန်တိုင်းမှာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီမှ အစပျိုး တိုက်ခတ်ခဲ့ပြီး ညနေ ၃ နာခွဲနှင့် ၆ နာရီခွဲတွင် အပြင်းထန်ဆုံး တိုက်ခတ်ခဲ့ကာ ညနေ ၈ နာရီကျော်မှ လေရှိန် ပျော့သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
မာန်အောင်မြို့ကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် တစ်နာရီ မိုင် ၇၀ နုန်းဖြင့် စတင် တိုက်ခတ်ခဲ့ပြီး ကွမ်းသီးပင်များ ပြိုလဲ ကျမူအပ တခြား ထိခိုက်မူများ မရှိကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။
သို့သော်လည်း တောလက် ကျေးရွာများတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေကို သူမအနေဖြင့် အတိအကျ မသိရသေးကြောင်း ပြောဆိုသည်။



(နိရဉ္စရာ သတင်းများ)
Read more »

စစ်တွေတွင် မုန်တိုင်း သတိပေးမူ လုပ်ပြ



10/22/2010
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မုန်တိုင်း သတိပေး နိုးဆော်ချက်ကို အာဏာပိုင်များက ယနေ့ နံနက် ၈ နာရီမှ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

မြို့ခံ အမျိုးသမီး တစ်ဦးက “ အခုဘဲ သူတို့က သုံးဘီး ဆိုင်ကယ်တက်စီနဲ့ မြို့ကို ပတ်ပြီး အသံချဲ့စက်နဲ့ အော်နေပါတယ်။ တစ်နာရီ ရေမိုင် ၄၀ ၊ ကုန်တွင်း မိုင် ၇၀ နဲ့ တိုက်မယ် ဆိုပီး မုန်တိုင်း သတိပေးချက်တွေကို အော်ပြီး ပြောနေပါတယ်” ဟု ပြောသည်။
ယခုအချိန်ထိ လေပြင်းတိုက်ခတ်နေသည်မှ အပ မုန်တိုင်း ၀င်ရောက်ခြင်း မရှိသေးကြောင်း သူမက ပြောသည်။
“ ညနေပိုင်း မုန်တိုင်းဝင်နိုင်တယ်လို့ ပြောနေကြပါတယ်။ လူတိုင်း ကြောက်နေကြပါတယ်။ အားလုံး စိုးရိမ် ထိတ်လန့်နေကြပါတယ်” ဟု ပြောသည်။
မုန်တိုင်း ဂီရိသည် တစ်နာရီ ၇၅ မိုင်နုန်းဖြင့် ယနေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ်ကို ၀င်ရောက် တိုက်ခတ်နိုင်ကြောင်း မြန်မာ့ မိုးလေ၀သနှင့် ဇလဗေဒမှ သတင်း ထုတ်ပြန်ထားသည်။


(နိရဉ္စရာ သတင်းများ)
Read more »

မုန်တိုင်း ဂီရိနှင့် နောက်ဆုံး ကျောက်ဖြူ အခြေအနေ



10/21/2010
Cyclone-Giri
ရခိုင်ပြည်နယ် ကျောက်ဖြူကို တစ်နာရီ ၇၅ မိုင်နုန်းဖြင့် မုန်တိုင်း ဂီင်္ရိ ဖြတ်သန်း တိုက်ခတ်မည်ဟု သတင်း ဖြစ်ပေါ်နေသော်လည်း ကျောက်ဖြူ အခြေအနေမှာ ထူးခြားမူ တစုံတရာ မရှိသေးကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။

ယနေ့ (၂၂-၁၀-၂၀၁၀) နံနက် ၉ နာရီ အချိန်တွင်ကျောက်ဖြူမြို့ခံ တစ်ဦးကို နိရဉ္စရာမှ ဖုံးက တဆင့် ဆက်သွယ် မေးမြန်းရာ

မေး။ ။ ကျောက်ဖြူမှာ မုန်တိုင်း တိုက်နေပီလား၊

ဖြေ။ ။ မတိုက်သေးပါဘူးခင်ဗျား။

မေး။ ။ ကျောက်ဖြူကို မုန်တိုင်း ၀င်မယ်ဆိုပီး သတင်းတွေ ထွက်နေတယ်လေ။

ဖြေ။ ။ အဲသလိုတော့ မုန်တိုင်းတိုက်မယ်ဆိုပီး သတင်းတွေတော့ ထွက်နေပါတယ်။ ဒါပေမယ့် ကျောက်ဖြူမှာ ဘာမှ ထူးခြားမူ မရှိသေးဘူး။ လေအနည်းငယ် တိုက်တာကလွဲပီး ဘာမှ မဖြစ်သေးပါဘူး။

မေး။ ။ မုန်တိုင်း ဘယ်အချိန် ၀င်နိုင်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့လည်း မသိဘူး။ မုန်တိုင်းဝင်မယ်ဆိုပီး ရေဒီယိုတွေက ပြောနေတာတော့ ကြားပါတယ်။ ဒီမှာ ခုချိန်ထိ ဘာမှ မဖြစ်သေးပါဘူး။

မေး။ ။ ခုလို မုန်တိုင်း တိုက်မယ်ဆိုတော့ လူတွေကို စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေကို ပြောင်းတာ ရွှေ့တာတွေ လုပ်နေပြီလား။

ဖြေ။ ။ ဒီမှာ ဘာမှ လုပ်တာ မရှိသေးပါဘူး။ အေးအေးဆေးဆေးပါ။

မေး။ ။ အစိုးရ တာဝန်ရှိသူတွေကကော ဘာတွေ ဆောင်ရွက်တာ ရှိပါသလဲ။

ဖြေ။ ။ ဘာမှ လုပ်တာ မရှိပါဘူး။

ယမန်နေ့ နံနက်က ဘင်္ဂလာ ပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်း ဂီရိသည် တဖြည်းဖြည်း အားကောင်းလာကာ ရခိုင်ပြည်နယ်ကို ဖြတ်သန်းတိုက်ခိုက် မည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယနေ့ ညနေ ၆ နာရီ အတွင်း ဖြတ်သန်း တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒဌာနက ပြောသည်။

မြန်မာနိုင်ငံ အနောက်ဘက် အစွန်ဆုံး မောင်တောမြို့နယ်တွင်လည်း မိုးဖွဲ့လေး ရွာနေသည်မှ အပ ယနေ့နံနက်ထိ ထူးခြားမူ တစုံတရာ မရှိသေးကြောင်း သိရသည်။



(နိရဉ္စရာ သတင်းများ)
Read more »

Sunday, 24 October 2010 ဒုတိယမုန်တိုင်း ဖြစ်နေပြီ

ဧရာဝတီ/ Friday, October 15, 2010
မနေ့က ဒုတိယမုန်တိုင်းဖြစ်ဖို့ နီးပြီလို့ ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားခဲ့ပြီး ဒီကနေ့တော့ ဒုတိယမုန်တိုင်း ဖြစ်နေပြီလို့ အတိအလင်း ဆိုလိုက်ပြန်ပါတယ်။

"ဒီမုန်တိုင်းငယ်ဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ်ပြီးသည့်တိုင်အောင် အရှေ့မြောက်ဖက်ကိုပြန်ကွေ့လာနိုင်ပါတယ်။ ဒီလိုကွေ့လာရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတဆင့် မိုးတွေရလာဦးမှာမို့ ဒေသခံများအနေနဲ့ သတိထားစောင့်ကြည့် နေဖို့လိုပါတယ်" ဆိုတဲ့ သတိပေးချက်ကို သတိပြုထားသင့်ကြပါတယ်။ ဒေါက်တာ ထွန်းလွင်ရဲ့ ခန့်မှန်းချက်အပြည့်အစုံကို အောက်တွင် ကြည့်ရှုပါ။

၂၀၁၀ အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဒုတိယမုန်တိုင်း ဖြစ်နေပြီ။ (၁၂-၁၀-၂၀၁၀) ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနားမှာ ယမန်နေ့ကတည်းက ဖြစ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ (၁၃-၁၀-၂၀၁၀) နေ့ ညပိုင်းမှာပဲ မုန်တိုင်းအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ (၁၀-၁၀-၂၀၁၀) လောက်ကတည်းက MCCW က စောင့်ကြည့်(၁) အဖြစ် သတ်မှတ်ထားခဲ့တဲ့ လေထု မငြိမ်သက်မှုဖြစ်ပါတယ်။ ကနေ့ (၁၅-၁၀-၂၀၁၀) ရက်နေ့ မနက်မှာတော့ မုန်တိုင်းငယ်ဟာ အားတွေ စုစည်းလာနေပြန်ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက် ၃ နာရီခွဲအချိန်မှာတော့ မုန်တိုင်းဆိုင်ရာ အချက်အလက်တွေ အနေနဲ့ Central Pressure: 998 hPa Position: 16.7°N, 88.4°E Movement: WNW 10 kts Max Wind : 45 knots(55 mph) လို့ တွေ့ရပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနေပြီး အနောက်မြောက် ယွန်းယွန်းဘက်ဆီကို တစ်နာရီ ၁၂ မိုင်နှုန်းလောက်နဲ့ ဖြည်းဖြည်းရွေ့နေပါတယ်။ ဗဟိုချက်အနီးနားမှာ အများဆုံး လေတိုက်နှုန်းကတော့ တစ်နာရီ ၅၅ မိုင်လောက် ရှိနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။ ယမန်နေ့က မုန်တိုင်းငယ်အတွင်း တိမ်ထိပ်အမြင့်ပိုင်း အပူချိန် (CTT) -70°C လောက်သာ ရှိရာက ကနေ့မှာတော့ -80°C လောက်အထိ တိမ်ထိပ်အပူချိန်တွေ ကျဆင်းလာလို့ မြင့်မားတဲ့ မိုးတိမ်တောင်တွေ ပိုမိုဖြစ်လာတဲ့အတွက် မုန်တိုင်းငယ်ဟာ အင်အား ပိုမိုအားကောင်းလာနေတယ်လို့ ဆိုရပါမယ်။ မိုးလွန်ကာလ မုန်တိုင်းတွေဟာ ကနဦးအစမှာတော့ ဒီလိုဘဲ အနောက်မြောက်ဘက်ကို စတင်ရွေ့သွားတတ်ကြပေမယ့် ရာသီချိန်အရရော၊ ယှဉ်တွဲဖြစ်ပေါ်နေတဲ့ တိမ်စွယ်တန်းတွေ အနေအထားအရရော၊ ဒီမုန်တိုင်းငယ်ဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ်ပြီးသည့်တိုင်အောင် အရှေ့မြောက်ဖက်ကို ပြန်ကွေ့လာနိုင်ပါတယ်။ ဒီလိုကွေ့လာရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ဒေသတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတဆင့် မိုးတွေရလာဦးမှာမို့ ဒေသခံများအနေနဲ့ သတိထားစောင့်ကြည့် နေဖို့လိုပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ အခု အောက်တိုဘာလအတွင်း ဒုတိယမြောက်မုန်တိုင်း ဖြစ်လာပြီး ၂၀၁၀ ခုနှစ်အတွက် တတိယမြောက်မုန်တိုင်းလည်း ဖြစ်ပါတယ်။။ အရေးကြီးတာကတော့ မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက်ဘက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါမယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆% ဟာ ဒီလိုမိုးလွန်ကာလတွေမှာ ဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းအန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မိုးလွန်ကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းအရေအတွက်ဟာ မိုးလွန်ကာလအတွင်း ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈ % သာရှိလို့ အလွန်အမင်း စိုးရိမ် (Panic) စရာတော့ မရှိကြောင်းပါဗျာ။ (အနည်းဆုံး လောလောဆယ်မှာပေါ့)။ လက်ရှိ လတ္တီတွဒ်အမြင့်အရ ဧရာဝတီတိုင်းကို လာဖို့ အခွင့်အရေး အလွန်နည်းပါတယ်။ လက်ရှိအနေအထားအရ မုန်တိုင်းဒီရေတက်ဖို့လည်း မုန်တိုင်း ပိုမိုအားကောင်းဖို့ လိုပါသေးတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ အထက်လောက်ရောက်မှ အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ တက်တတ်ကြပါတယ်။ လာမည့်အောက်တိုဘာလ နဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်မှာ စာရင်းအင်း လေ့လာမှုအရ လည်းကောင်း၊ ပုံသဏ္ဍာန်တူ နှစ်များလေ့လာမှု အဖြေအရ လည်းကောင်း၊ လာနီညာ အကျိုးဆက်တွေအရ လည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများ ရှိနေသေးတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။ (Updated on 15 October 2010 at 07:30 MST)
Read more »

Sunday, 24 October 2010 ကြံ့ခိုင် ဖွံ့ဖြိုးရေး အမတ်လောင်းများကို မိုးကြိုးပစ်၍ လူထုများ ၀မ်းမြောက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ယခုလက်ရှိ ရေပန်းအစားဆုံး သတင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမတ်လောင်းများ မိုးကြိုးပစ်ခံရသောသတင်းဖြစ်ပြီးအဆိုပါသတင်းကြောင့် ဒေသခံများအထူး ၀မ်းမြောက်နေကြသည်ဟုသိရသည်။
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ စည်ရုံးရေး ဆင်းစဉ် အောက်တိုလာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
ကျောက်ဖြူ ဒေသခံအမျိုးသားတဦးက “ အာဏာကို မတရားယူမယ့် အကောင်တွေ မိုးကြိုးပစ်လို့ မသေတာ ကံကောင်းတယ်။ ဒီက ဒေသခံတွေက သူတို့ကို နတ်သတ်တာ ဖြစ်တယ်လို့ ပြောနေကြ တယ်။ သေအောင် သတ်ပစ်ရင် ပိုကောင်းမယ်ဆိုပြီး လူတွေက ၀မ်းသားအားရ ပြောနေကြပါတယ်။” ဟုပြောသည်။
ယခုမိုးကြိုးပစ်ခံရသူများမှာ ကျောက်ဖြူမြို့နယ် ကြံ့ဖွတ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေခိုင်နှင့် စည်းရုံးရေးမှူးများ ဖြစ်ကြသည့် ဦးထွန်းသွေးနှင့် ဦးကျော်ဆွေလွှင် တို့ဖြစ်သည်။
သူတို့မှာ ကျောက်ဖြူမြို့နယ် လှံပျောက်ရွာ၊ ပုဇိန်းပျောက်ရွာ၊ ရွာသစ်ကေ၊ ပွီးဖျားကျေးရွာနှင့် ကွမ်း ချောင်းဖျားရွာများတွင် စည်းရုံးရေးခရီး အပြီ်း မင်းဂံချောင်း ဆိပ်ကမ်းမှ အထွက်တွင် ယခုကဲ့သို့မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်။
မိုးကြိုးပစ်ခံရပြီးနောက် သူတို့သုံးဦးကို စက်လှေနှင့် ယူဆောင်ကာ ကျောက်ဖြူ ဆေးရုံသို့ ပို့ ဆောင်ခဲ့ရသည်ဟု သိရသည်။ ဦးကျော်ဆွေလွှင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသည့် အတွက် ၈ ချက်ချုပ်ရကြောင်းနှင့် တခြားနှစ်ဦးမှာ သတိမေ့ပြီး မိန့်မျောသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။
မိုးကြိုးပစ်ခံရသည့် စက်လှေတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ခေါင်းဆောင် ၃ ဦး၊ စက်လှေမောင်းသား ၂ ဦး အပါအ၀င် စုစုပေါင်း လူ ၉ ဦး စီးနင်း လိုက်ပါပြီး အသေအပျောက် မရှိဟု သိရသည်။
Read more »

မဲဆောက် ဒီဒီ စက်ရုံ၌ အလုပ်သမားအား ရိုက်နှက်

3/10/2010 နေ့ က ညဥ့် 1 နာရီ ခွဲ တွင် ဒီဒီ စက်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော ရခိုင်အလုပ်သမားများနှင့် မြန်မာအလုပ်သမားများအပေါ်တွင် မန်နေဂျာဖြစ်သူ ဘိုအောင်တင် (ခေါ်) စကင်း ဆိုသူသည် ခြိမ်းခြောက်ပြီး ညီညီစံ (27)အား မတရားအနိုင်ကျင့်ရိုက် နှက်ခဲ့ပါသည်။ ထို့အပြင် လုပ်အားခ လစာမပေးသည့်အပြင် အဆောင်အတွင်း သောခက်ကာ ပိတ်လှောင်ထားမှုကြောင့် ကြောက် လန့် ငိုယိုပြီး ALC အဖွဲ့ ရုံး တာဝန်ရှိသူများထံသို့  အကူအညီတောင်းခံရမှ ပုလိပ်အကူအညီနဲ့  သွားရောက် ကူညီဖြေရှင်းရာ အခြားသော အလုပ်သမားများမှာ အလားတူ ခံနေရသောကြောင့် အလုပ်မှထွက်ခွင့်ရရန် တောင်ပန်းစွာ တိုင်တန်းသောကြောင့် အလုပ်ထွက်ခွင့်ရရန်နှင့် ၄င်းတို့ ၏ လုပ်အားခများကိုပါရရှိရန် ကူညီပေးခဲ့ရာ သူဌေးမှ 10/10/2010 နေ့ လုပ်အားခ ငွေရှင်းပေးမည်ဟု ကတိပေးခဲ့သည်။ နစ်နာသူ ညီညီစံ အတွက် လျော်ကြေးကို ဥပဒေလမ်းကြောင်းအရ ကူညီဆောင်ရွက်သွားရန်ရှိပြီး လောလောဆယ် ALC ရုံးတွင် ကူညီစောင့်ရှောက်ထားလျှက်ရှိပါသည်။ စုစုပေါင်းအလုပ်သမားမှာ (26)ဦးဖြစ်ပြီး ကျား( 6 ) မ( 20 ) ဦးဖြစ်သည်။
Read more »

Monday 11 October 2010

(၇၁)ကြိမ်မြောက် ဦးဥတ္တမနေ့တွင် ဦးဥတ္တမဖောင်ဒေးရှင်းမှ နာယက ဆရာတော် ဦးကောဝိဒ မှအမှာစကားပြောကြားနေစဉ်

Read more »